Numbers 34
34:1 တစ်ဖန် ထာဝရဘုရားက မောရှေအား
34:2 “အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သင်တို့သည် ခါနာန်ပြည်သို့ရောက်သောအခါ အမွေအဖြစ် သင်တို့ရရှိမည့် ခါနာန်ပြည်၏နယ်မြေအပိုင်းအခြားကား ဤသို့ဖြစ်ရမည်။
34:3 တောင်ဘက်ခြမ်းသည် ဧဒုံပြည်နယ်စပ်တစ်လျှောက်ရှိ ဇိနတောကန္တာရမှစရမည်။ တောင်ဘက်နယ်နိမိတ်သည် အရှေ့ဘက်တွင် ဆားပင်လယ် အစွန်းမှစရမည်။
34:4 ထိုမှ နယ်နိမိတ်သည် အကရဗ္ဗိမ်တောင်ကုန်း၏တောင်ဘက်သို့ကွေ့သွား၍ ဇိနတောကိုဖြတ်ပြီး ကာဒေရှဗာနာအရပ်သို့ရောက်ရမည်။ ထိုမှ တောင်ဘက် ဟာဇရဒ္ဒါအရပ်သို့ရောက်၍ အာဇမုန်အရပ်ကိုဖြတ်ရမည်။
34:5 နယ်နိမိတ်သည် အာဇမုန်အရပ်မှ အီဂျစ်ချောင်းသို့ကွေ့သွား၍ ပင်လယ်၌ ဆုံးရမည်။
34:6 အနောက်ဘက်နယ်နိမိတ်သည် မြေထဲပင်လယ် နှင့်ကမ်းရိုးတန်းတို့ဖြစ်ရမည်။ ဤသည်ကား သင်တို့အဖို့ အနောက်ဘက်နယ်နိမိတ်ဖြစ်မည်။
34:7 မြောက်ဘက်နယ်နိမိတ်ကို မြေထဲပင်လယ်မှ ဟောရတောင်အထိ၊
34:8 ဟောရတောင်မှ လီဘိုဟာမတ်အရပ်အထိ ပိုင်းခြား၍ ထိုမှ နယ်နိမိတ်သည် ဇေဒဒ်အရပ်အထိရောက်ရမည်။
34:9 ထိုမှ နယ်နိမိတ်သည် ဇိဖြုန်အထိဆက်သွား၍ ဟာဇရေနန်၌ ဆုံးရမည်။ ဤသည်ကား သင်တို့အဖို့ မြောက်ဘက်နယ်နိမိတ်ဖြစ်မည်။
34:10 အရှေ့ဘက်နယ်နိမိတ်ကို ဟာဇရေနန်မှရှေဖံအထိ ပိုင်းခြားရမည်။
34:11 နယ်နိမိတ်သည် ရှေဖံမှ အဣနအရှေ့ဘက် ရိဗလတိုင်အောင် ဆင်းလာရမည်။ ထိုမှ နယ်နိမိတ်သည် ဆက်သွား၍ အရှေ့ဘက်တွင်ဂင်နေသရက်အိုင်စပ်အထိ ရောက်ရမည်။
34:12 ထိုမှ နယ်နိမိတ်သည် ဂျော်ဒန်မြစ်တစ်လျှောက်ဆက်သွား၍ ဆားပင်လယ်၌ ဆုံးရမည်။ ဤသည်ကား သင်တို့ပြည်၏နယ်မြေအပိုင်းအခြား ဖြစ်သည်”ဟု မိန့်တော်မူ၏။
34:13 မောရှေကလည်း အစ္စရေးအမျိုးသားတို့အား “ဤသည်ကား အမျိုးအနွယ်ကိုးနွယ်နှင့် အမျိုးအနွယ်တစ်ဝက်တို့အား ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မဲဖြင့်ခွဲ၍ သင်တို့အမွေဆက်ခံရမည့်မြေဖြစ်၏။
34:14 ရုဗင်သားမြေးတို့၏အမျိုးအနွယ်သည် ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ ဂဒ်သားမြေးတို့၏အမျိုးအနွယ်သည်လည်း ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် သူတို့၏အမွေကို ရပြီးဖြစ်၏။ မနာရှေအမျိုးအနွယ်တစ်ဝက်သည်လည်း သူတို့၏အမွေကို ရပြီးဖြစ်၏။
34:15 ဤအမျိုးအနွယ်နှစ်နွယ်နှင့် တစ်ဝက်သည် ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ အရှေ့ဘက်နေထွက်ရာအရပ်တွင် အမွေရပြီးဖြစ်၏”ဟု မိန့်မှာလေ၏။
34:16 တစ်ဖန် ထာဝရဘုရားက မောရှေအား
34:17 “သင်တို့အတွက် အမွေမြေကို ခွဲဝေပေးမည့်သူတို့၏အမည်မှာ ယဇ်ပုရောဟိတ်ဧလာဇာနှင့် နုန်၏သားယောရှု ဖြစ်၏။
34:18 အမွေမြေကို ခွဲဝေပေးဖို့ အမျိုးအနွယ်အသီးသီးမှ ခေါင်းဆောင်တစ်ဦးစီကိုလည်း သင်တို့ ခေါ်ရမည်။
34:19 ထိုသူတို့၏အမည်မှာ ယုဒအမျိုးအနွယ်မှ ယေဖုန္နာ၏သား ကာလက်၊
34:20 ရှိမောင်သားမြေးတို့၏အမျိုးအနွယ်မှ အမိဟုဒ်၏သား ရှေမွေလ၊
34:21 ဗင်္ယာမိန်အမျိုးအနွယ်မှ ခိသလုန်၏သား ဧလိဒဒ်၊
34:22 ဒန်သားမြေးတို့၏အမျိုးအနွယ်ခေါင်းဆောင် ယောဂလိ၏သား ဗုက္ကိ၊
34:23 ယောသပ်သားမြေးတို့တွင် မနာရှေသားမြေးတို့၏အမျိုးအနွယ်ခေါင်းဆောင် ဧဖုဒ်၏သား ဟံယေလ၊
34:24 ဧဖရိမ်သားမြေးတို့၏အမျိုးအနွယ်ခေါင်းဆောင် ရှိဖတန်၏သား ကေမွေလ၊
34:25 ဇာဗုလုန်သားမြေးတို့၏အမျိုးအနွယ်ခေါင်းဆောင် ပါနက်၏သား ဧလိဇာဖန်၊
34:26 ဣသခါသားမြေးတို့၏အမျိုးအနွယ်ခေါင်းဆောင် အဇ္ဇန်၏သား ပါလတေလ၊
34:27 အာရှာသားမြေးတို့၏အမျိုးအနွယ်ခေါင်းဆောင် ရှေလောမိ၏သား အဘိဟုဒ်၊
34:28 နဿလိသားမြေးတို့၏အမျိုးအနွယ်ခေါင်းဆောင် အမိဟုဒ်၏သား ပေဒဟေလ တို့ဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
34:29 ဤသူတို့ကား ခါနာန်ပြည်၌ အစ္စရေးအမျိုးသားတို့အား အမွေခွဲပေးရန် ထာဝရဘုရား ခန့်ထားတော်မူသောသူများဖြစ်ကြ၏။