Numbers 4
4:1 တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား
4:2 “လေဝိအမျိုးသားထဲမှ ကောဟတ်သားမြေးတို့တွင်
4:3 အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်ရန်လာသောသူအပေါင်းတို့ကို သူတို့၏မျိုးနွယ်စုအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် လူဦးရေစာရင်းကောက်ယူလော့။
4:4 တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့လုပ်ရမည့်အလုပ်ကား အထူးသန့်ရှင်းသောအရာများနှင့်ဆိုင်သောအလုပ် ဖြစ်၏။
4:5 တပ်စခန်းရွှေ့ပြောင်းချိန်ရောက်သောအခါ အာရုန်နှင့်သူ၏သားတို့သည်ဝင်လာ၍ ကန့်လန့်ကာကိုဖြုတ်သိမ်းပြီးလျှင် ထိုကန့်လန့်ကာဖြင့် သက်သေခံချက်သေတ္တာတော်ကို ဖုံးအုပ်ရမည်။
4:6 ကန့်လန့်ကာပေါ်၌ တဟာရှ သားရေဖုံးကို ဖုံးအုပ်၍ ထိုအပေါ်၌ အပြာရောင်အဝတ်ကိုဖြန့်ခင်းပြီးလျှင် သေတ္တာ၏ထမ်းပိုးများကို လျှိုသွင်းရမည်။
4:7 ရှေ့တော်မုန့်စားပွဲပေါ်၌ အပြာရောင်အဝတ်ကိုဖြန့်ခင်း၍ ထိုအပေါ်၌ လင်ပန်းများ၊ ခွက်များ၊ ပန်းကန်လုံးများ၊ သွန်းလောင်းရာပူဇော်သက္ကာအတွက် ကရားများကို တင်ရမည်။ နေ့စဉ်တင်ရသောရှေ့တော်မုန့်ကိုလည်း စားပွဲပေါ်၌ ထားရှိရမည်။
4:8 ထိုအရာတို့ပေါ်၌ အနီရောင်အဝတ်ကို ဖြန့်ခင်း၍ ထိုအဝတ်ကို တဟာရှ သားရေဖုံးဖြင့် ဖုံးအုပ်ပြီးလျှင် စားပွဲ၏ထမ်းပိုးများကို လျှိုသွင်းရမည်။
4:9 အပြာရောင်အဝတ်ကိုယူပြီး မီးထွန်းရန်အတွက် ဆီမီးခုံမှစ၍ ဆီမီးခုံ၏မီးခွက်များ၊ မီးညှပ်များ၊ မီးကျီးခံဗန်းများနှင့် ဆီမီးခုံနှင့်ဆိုင်သောအမှုကိုဆောင်ရွက်ရာတွင် အသုံးပြုသည့် ဆီအိုးရှိသမျှတို့ကို ဖုံးအုပ်ရမည်။
4:10 ထိုဆီမီးခုံနှင့် ၎င်း၏တန်ဆာပလာရှိသမျှတို့ကို တဟာရှ သားရေဖုံးနှင့်ထုပ်၍ ထမ်းစင်ပေါ်တင်ရမည်။
4:11 ရွှေယဇ်ပလ္လင်ပေါ်၌ အပြာရောင်အဝတ်ကိုဖြန့်ခင်း၍ ထိုအဝတ်ကို တဟာရှ သားရေဖုံးဖြင့် ဖုံးအုပ်ပြီးလျှင် ရွှေယဇ်ပလ္လင်၏ထမ်းပိုးများကို လျှိုသွင်းရမည်။
4:12 သန့်ရှင်းရာဌာန၌ အမှုတော်ဆောင်ရွက်ရာတွင် အသုံးပြုသည့် အမှုတော်နှင့်ဆိုင်သောတန်ဆာပလာရှိသမျှတို့ကိုယူပြီးလျှင် အပြာရောင်အဝတ်နှင့်ထုပ်၍ တဟာရှ သားရေဖုံးဖြင့် ဖုံးအုပ်ပြီး ထမ်းစင်ပေါ်တင်ရမည်။
4:13 ယဇ်ပလ္လင်မှ ပြာကိုဖယ်ရှားပြီးလျှင် ယဇ်ပလ္လင်ပေါ်၌ ခရမ်းရောင်အဝတ်ကိုဖြန့်ခင်းရမည်။
4:14 ထိုအဝတ်ပေါ်တွင် ယဇ်ပလ္လင်နှင့်ဆိုင်သောအမှုကိုဆောင်ရွက်ရာတွင် အသုံးပြုသည့် မီးကျီးခံဗန်း၊ ခက်ရင်းခွ၊ ဂေါ်ပြား၊ ဇလုံစသည့်ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို တင်ရမည်။ ထိုအရာတို့ပေါ်၌ တဟာရှ သားရေဖုံးကို ဖြန့်ခင်းပြီးလျှင် ယဇ်ပလ္လင်၏ထမ်းပိုးများကို လျှိုသွင်းရမည်။
4:15 တပ်စခန်းရွှေ့ပြောင်းချိန်ရောက်၍ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနနှင့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကို ဖုံးအုပ်ပြီးနောက်တွင် ကောဟတ်သားမြေးတို့သည် ၎င်းတို့ကို လာ၍သယ်ဆောင်ရမည်။ သူတို့သည် သန့်ရှင်းသောအရာကို မထိရ။ ထိမိလျှင် သေကြရလိမ့်မည်။ ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့ ဆောင်ရွက်ရသောအမှုဖြစ်၏။
4:16 ယဇ်ပုရောဟိတ်အာရုန်၏သား ဧလာဇာသည် မီးထွန်းရန်အတွက်ဆီ၊ အမွှေးနံ့သာပေါင်း၊ နေ့စဉ်ပူဇော်ရသောဘောဇဉ်ပူဇော်သက္ကာနှင့် ဘိသိက်ဆီတို့ကို ကြည့်ရှုထိန်းသိမ်းရမည်။ ထို့ပြင် ကိန်းဝပ်တော်မူရာတဲတော်တစ်ခုလုံး၊ ထိုတဲတော်ထဲရှိ သန့်ရှင်းသောအရာနှင့်တန်ဆာပလာရှိသမျှတို့ကို ကြည့်ရှုထိန်းသိမ်းရမည်”ဟု မိန့်တော်မူ၏။
4:17 တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား
4:18 “ကောဟတ်မျိုးနွယ်၏မျိုးနွယ်စုတို့ကို လေဝိအမျိုးတို့ထဲမှ မပယ်ဖျက်ရ။
4:19 သူတို့သည် အထူးသန့်ရှင်းသောအရာတို့အနီးသို့ချဉ်းကပ်သောအခါ မသေဘဲ အသက်ရှင်ကြရမည့်အကြောင်း အာရုန်နှင့်သူ၏သားတို့သည် ထိုသူတို့အသီးသီး လုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်တို့ကို လာ၍ချမှတ်ပေးရမည်။
4:20 သူတို့သည် သန့်ရှင်းသောအရာတို့ကို တစ်ခဏမျှ ဝင်မကြည့်ရ။ ကြည့်မိလျှင် သေကြရလိမ့်မည်”ဟု မိန့်တော်မူ၏။
4:21 တစ်ဖန် ထာဝရဘုရားက မောရှေအား
4:22 “ဂေရရှုန်သားမြေးတို့တွင်လည်း
4:23 အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်ရန်လာသောသူအပေါင်းတို့ကို ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏မျိုးနွယ်စုအလိုက် လူဦးရေစာရင်းကောက်ယူလော့။
4:24 ဂေရရှုန်မျိုးနွယ်စုများလုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်တို့မှာ ဤသို့ဖြစ်၏။
4:25 သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ရွက်ထည်များ၊ တွေ့ဆုံစည်းဝေးရာတဲတော်အမိုး၊ ထိုအမိုးပေါ်ရှိ တဟာရှ သားရေအမိုး၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝလိုက်ကာ၊
4:26 ဝင်းအကာများ၊ ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ကို ပတ်ပတ်လည်ကာထားသောဝင်း၏အဝင်ဝလိုက်ကာနှင့်တကွကြိုးများ၊ ထိုအရာတို့နှင့်ဆိုင်သောတန်ဆာပလာရှိသမျှတို့ကို သယ်ဆောင်ရမည်။ ထိုအရာတို့နှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်အလုပ်ရှိသမျှတို့ကို ဆောင်ရွက်ရမည်။
4:27 ဂေရရှုန်၏သားမြေးတို့ သယ်ဆောင်ရမည့်ဝန်၊ လုပ်ရမည့်အလုပ်စသည့် သူတို့နှင့်ဆိုင်သည့်အလုပ်ရှိသမျှတို့ကို လုပ်ဆောင်ရာတွင် အာရုန်နှင့်သူ့သားတို့၏အမိန့်အတိုင်း လုပ်ဆောင်ရမည်ဖြစ်၏။ သင်သည် သူတို့သယ်ဆောင်ရမည့်ဝန်ရှိသမျှတို့ကို ချမှတ်ပေးရမည်။
4:28 ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ဂေရရှုန်သားမြေးတို့၏မျိုးနွယ်စုများနှင့်ဆိုင်သောအလုပ်ဖြစ်၏။ သူတို့သည် ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာ၏ဦးဆောင်မှုအောက်၌ တာဝန်ထမ်းဆောင်ရမည်။
4:29 မေရာရိသားမြေးတို့တွင်လည်း
4:30 အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်ရန်လာသောသူအပေါင်းတို့ကို သူတို့၏မျိုးနွယ်စုအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် ရေတွက်ရမည်။
4:31 တွေ့ဆုံစည်းဝေးရာတဲတော်၌ သူတို့တာဝန်ယူလုပ်ဆောင်ရမည့်အလုပ်အားလုံးကား ဤသို့ဖြစ်၏။ သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ဘောင်များ၊ ကန့်လန့်ကျင်များ၊ တိုင်များ၊ အောက်ခံအစွပ်များ၊
4:32 ဝင်းပတ်ပတ်လည်တိုင်များ၊ တိုင်များ၏အောက်ခံအစွပ်များ၊ ငုတ်တိုင်များ၊ ကြိုးများစသည့်တန်ဆာပလာရှိသမျှတို့ကို သယ်ဆောင်ရမည်။ ထိုအရာတို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကို လုပ်ဆောင်ရမည်။ သူတို့သယ်ဆောင်ရမည့်ပစ္စည်းတို့ကို အမည်နှင့်တကွ ချမှတ်ပေးရမည်။
4:33 ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်တွင် ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာ၏ဦးဆောင်မှုအောက်၌ မေရာရိသားမြေးတို့၏မျိုးနွယ်စုများ လုပ်ဆောင်ရမည့်အလုပ်အားလုံးဖြစ်၏”ဟု မိန့်တော်မူ၏။
4:34 သို့ဖြစ်၍ မောရှေ၊ အာရုန်နှင့် လူထုခေါင်းဆောင်တို့သည် ကောဟတ်၏သားမြေးတို့တွင်
4:35 အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်ရန်လာသောသူအပေါင်းတို့ကို သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် ရေတွက်လေ၏။
4:36 သူတို့ကို မျိုးနွယ်စုအလိုက်ရေတွက်ရာတွင် လူပေါင်းနှစ်ထောင့်ခုနစ်ရာ့ငါးဆယ် ရှိ၏။
4:37 ဤသည်ကား မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေနှင့်အာရုန်တို့ရေတွက်ထားသည့် တွေ့ဆုံစည်းဝေးရာတဲတော်၌အမှုတော်ထမ်းဆောင်သောကောဟတ်မျိုးနွယ်စုများ၏အရေအတွက် ဖြစ်၏။
4:38 ဂေရရှုန်သားမြေးတို့တွင်
4:39 အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ တွေ့ဆုံစည်းဝေးရာတဲတော်တွင် အမှုတော်ထမ်းဆောင်ရန်လာသောသူအပေါင်းတို့ကို သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် ရေတွက်လေ၏။
4:40 သူတို့ကို မျိုးနွယ်စုအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် ရေတွက်ရာတွင် လူပေါင်းနှစ်ထောင်ခြောက်ရာသုံးဆယ် ရှိ၏။
4:41 ဤသည်ကား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေနှင့်အာရုန်တို့ ရေတွက်ထားသည့် တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်သော ဂေရရှုန်မျိုးနွယ်စု၏အရေအတွက် ဖြစ်၏။
4:42 မေရာရိသားမြေးတို့၏မျိုးနွယ်စုတို့တွင်
4:43 အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်ရန်လာသောသူအပေါင်းတို့ကို သူတို့၏မျိုးနွယ်စုအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် ရေတွက်လေ၏။
4:44 သူတို့ကို မျိုးနွယ်စုအလိုက် ရေတွက်ရာတွင် လူပေါင်းသုံးထောင့်နှစ်ရာရှိ၏။
4:45 ဤသည်ကား မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေနှင့်အာရုန်တို့ရေတွက်ထားသည့် မေရာရိသားမြေးတို့၏မျိုးနွယ်စုအရေအတွက် ဖြစ်၏။
4:46 မောရှေ၊ အာရုန်နှင့် အစ္စရေးခေါင်းဆောင်တို့သည် လေဝိအမျိုးတို့တွင်
4:47 အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်ရန်၊ ဝန်များကိုသယ်ဆောင်ရန်လာကြသောသူအပေါင်းတို့ကို သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် ရေတွက်လေ၏။
4:48 သူတို့၏အရေအတွက်မှာ လူပေါင်းရှစ်ထောင်ငါးရာရှစ်ဆယ် ဖြစ်၏။
4:49 မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လူအသီးသီးမိမိတို့လုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်အလိုက် သူတို့ကို ခန့်အပ်ထား၏။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သူတို့ကို ရေတွက်လေ၏။