Numbers 3
3:1 သိနာတောင်ပေါ်၌ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသောအချိန်ကာလတွင် အာရုန်နှင့်မောရှေတို့၏ဆွေစဉ်မျိုးဆက်များမှာ ဤသို့ဖြစ်၏။
3:2 အာရုန်၏သားများကား သားဦးနာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ဖြစ်ကြ၏။
3:3 ဤသည်ကား ယဇ်ပုရောဟိတ်အဖြစ် အမှုတော်ကိုဆောင်ရွက်ရန်ခန့်အပ်ခြင်းခံရသော ဘိသိက်ခံယဇ်ပုရောဟိတ်များဖြစ်သည့် အာရုန်၏သားများ ဖြစ်၏။
3:4 နာဒပ်နှင့်အဘိဟုသည် သိနာတောကန္တာရတွင် ထာဝရဘုရားရှေ့တော်၌ မိန့်မှာထားတော်မူသောမီးမဟုတ်သည့် အခြားသောမီးကိုပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌ သေကြလေ၏။ သူတို့၌သားသမီးမရှိ။ သို့ဖြစ်၍ ဧလာဇာနှင့်ဣသမာသည် မိမိတို့ဖခင်အာရုန်၏ရှေ့၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ကြ၏။
3:5 တစ်ဖန် ထာဝရဘုရားက မောရှေအား
3:6 “လေဝိအမျိုးအနွယ်တို့ကို ခေါ်လာ၍ ယဇ်ပုရောဟိတ်အာရုန်နှင့်ဆိုင်သောအလုပ်ကို လုပ်ဆောင်စေလော့။
3:7 သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏အမှုဖြစ်သော အာရုန်နှင့်ဆိုင်သောအလုပ်၊ လူထုအပေါင်းတို့နှင့်ဆိုင်သောအလုပ်တို့ကို တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့၌ လုပ်ဆောင်ရမည်။
3:8 တွေ့ဆုံစည်းဝေးရာတဲတော်၏တန်ဆာပလာရှိသမျှကို ထိန်းသိမ်းရမည်၊ အစ္စရေးအမျိုးသားတို့နှင့်ဆိုင်သောအလုပ်ဖြစ်သည့် ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိုလည်း လုပ်ဆောင်ရမည်။
3:9 သို့ဖြစ်၍ သင်သည် လေဝိအမျိုးတို့ကို အာရုန်နှင့်သူ၏သားများထံ အပ်နှံရမည်။ လေဝိအမျိုးတို့သည် အစ္စရေးအမျိုးသားတို့အနက် အာရုန်ထံ လုံးလုံးအပ်နှံခြင်းခံရသူများဖြစ်၏။
3:10 သင်သည် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်ရမည်။ သူတို့သည် သူတို့၏ယဇ်ပုရောဟိတ်အရိုက်အရာကို စောင့်ထိန်းရမည်။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်”ဟု မိန့်တော်မူ၏။
3:11 တစ်ဖန် ထာဝရဘုရားက မောရှေအား
3:12 “ငါသည် အစ္စရေးအမျိုးသားတို့တွင် သားအိမ်မှအဦးဆုံးထွက်လာသောသားဦးရှိသမျှတို့အစား အစ္စရေးအမျိုးသားတို့ထဲမှ လေဝိအမျိုးတို့ကို ရွေးယူသည်ဖြစ်၍ လေဝိအမျိုးတို့သည် ငါ့အပိုင်ဖြစ်ရမည်။
3:13 အကြောင်းမူကား သားဦးရှိသမျှတို့ကို ငါပိုင်၏။ အီဂျစ်ပြည်၌ သားဦးအပေါင်းတို့ကို ငါဒဏ်ခတ်သောနေ့တွင် ငါသည် အစ္စရေးလူမျိုးတို့ထဲမှ လူမှစ၍ တိရစ္ဆာန်၏သားဦးရှိသမျှတို့ကို ငါ့အဖို့ သန့်ရှင်းစေခဲ့သောကြောင့် သူတို့သည် ငါ့အပိုင်ဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
3:14 တစ်ဖန် သိနာတောကန္တာရတွင် ထာဝရဘုရားက မောရှေအား
3:15 “လေဝိအမျိုးသားတို့ကို ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏မျိုးနွယ်စုအလိုက် ရေတွက်လော့။ တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့ကို ရေတွက်ရမည်”ဟု မိန့်တော်မူ၏။
3:16 သို့ဖြစ်၍ ထာဝရဘုရားမိန့်မှာတော်မူသည့် အမိန့်တော်အတိုင်း မောရှေသည် သူတို့ကို ရေတွက်လေ၏။
3:17 လေဝိ၏သားတို့အမည်များကား ဂေရရှုန်၊ ကောဟတ်၊ မေရာရိ တို့ဖြစ်ကြ၏။
3:18 မျိုးနွယ်စုအလိုက် ဂေရရှုန်၏သားတို့အမည်များကား လိဗနိနှင့် ရှိမိ တို့ဖြစ်ကြ၏။
3:19 မျိုးနွယ်စုအလိုက် ကောဟတ်၏သားများကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ တို့ဖြစ်ကြ၏။
3:20 မျိုးနွယ်စုအလိုက် မေရာရိ၏သားများကား မဟာလိနှင့် မုရှိ တို့ဖြစ်ကြ၏။ ဤသူတို့ကား မိမိတို့ဘိုးဘေးများ၏အိမ်ထောင်စုအလိုက် လေဝိ၏မျိုးနွယ်စုများ ဖြစ်၏။
3:21 ဂေရရှုန်မှ လိဗနိမျိုးနွယ်စုနှင့် ရှိမိမျိုးနွယ်စုတို့ ဆင်းသက်လာ၏။ ဤသည်ကား ဂေရရှုန်မျိုးနွယ်စုများ ဖြစ်၏။
3:22 တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့၏အရေအတွက်ကို စာရင်းကောက်ရာတွင် သူတို့၏အရေအတွက်မှာ ခုနစ်ထောင့်ငါးရာ ဖြစ်၏။
3:23 ဂေရရှုန်၏မျိုးနွယ်စုတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ကျောဘက်၊ အနောက်အရပ်၌ စခန်းချရမည်။
3:24 ဂေရရှုန်အမျိုး၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်သည် လေလ၏သား ဧလျာသပ် ဖြစ်၏။
3:25 ဂေရရှုန်၏သားမြေးတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ဖြစ်သောကိန်းဝပ်တော်မူရာတဲတော်၊ တဲတော်နှင့်တကွ တဲတော်၏အမိုး၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝလိုက်ကာ၊
3:26 ဝင်းအကာ၊ ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ကို ပတ်ပတ်လည်ကာထားသောဝင်း၏အဝင်ဝလိုက်ကာနှင့်တကွ ကြိုးများ စသည်တို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကို တာဝန်ယူထိန်းသိမ်းရ၏။
3:27 ကောဟတ်မှ အာမရံမျိုးနွယ်စု၊ ဣဇဟာမျိုးနွယ်စု၊ ဟေဗြုန်မျိုးနွယ်စု၊ ဩဇေလမျိုးနွယ်စုတို့ ဆင်းသက်လာ၏။ ဤသည်ကား ကောဟတ်မျိုးနွယ်စုများ ဖြစ်၏။
3:28 သူတို့သည် သန့်ရှင်းရာဌာန၏အမှုကိစ္စကို ဆောင်ရွက်ရသူများဖြစ်၏။ တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့ကို စာရင်းကောက်ရာတွင် ရှစ်ထောင့်ခြောက်ရာ ရှိ၏။
3:29 ကောဟတ်သားမြေးတို့၏မျိုးနွယ်စုများသည် ကိန်းဝပ်တော်မူရာတဲတော်အနား တောင်ဘက်အရပ်၌ စခန်းချရမည်။
3:30 ကောဟတ်မျိုးနွယ်စုများ၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်သည် ဩဇေလ၏သား ဧလိဇာဖန် ဖြစ်၏။
3:31 သူတို့သည် သေတ္တာ၊ စားပွဲ၊ ဆီမီးခုံ၊ ယဇ်ပလ္လင်မှစ၍ အမှုတော်ဆောင်ရွက်ရာတွင်အသုံးပြုသည့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကိုလည်းကောင်း၊ လိုက်ကာကိုလည်းကောင်း၊ ထိုအရာတို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကိုလည်းကောင်း တာဝန်ယူထိန်းသိမ်းရ၏။
3:32 ယဇ်ပုရောဟိတ်အာရုန်၏သား ဧလာဇာသည် လေဝိအမျိုး၏ခေါင်းဆောင်များကိုကြီးမှူးသူဖြစ်ပြီး သန့်ရှင်းရာဌာန၏အမှုကိစ္စကိုဆောင်ရွက်သောသူတို့အား ကြီးကြပ်ရ၏။
3:33 မေရာရိမှ မဟာလိမျိုးနွယ်စုနှင့် မုရှိမျိုးနွယ်စုတို့ ဆင်းသက်လာ၏။ ဤသည်ကား မေရာရိမျိုးနွယ်စုများ ဖြစ်၏။
3:34 တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့၏အရေအတွက်ကို စာရင်းကောက်ရာတွင် ခြောက်ထောင့်နှစ်ရာ ရှိ၏။
3:35 မေရာရိမျိုးနွယ်စုများ၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်သည် အဘိဟဲလ၏သား ဇုရေလ ဖြစ်၏။ သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ဘေး မြောက်ဘက်အရပ်၌ စခန်းချရမည်။
3:36 မေရာရိသားမြေးတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ဘောင်များ၊ ကန့်လန့်ကျင်များ၊ တိုင်များ၊ အောက်ခံအစွပ်များ၊ တန်ဆာပလာအားလုံး၊ ထိုအရာတို့နှင့်ဆိုင်သောအလုပ်ဟူသမျှ၊
3:37 ဝင်းပတ်ပတ်လည်တိုင်များ၊ တိုင်များ၏အောက်ခံအစွပ်များ၊ ငုတ်တိုင်များ၊ ကြိုးများကို တာဝန်ယူထိန်းသိမ်းပေးရ၏။
3:38 ကိန်းဝပ်တော်မူရာတဲတော်၏အရှေ့ဘက်ဖြစ်သော တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့ နေထွက်ရာအရပ်၌ စခန်းချရမည့်သူများမှာ မောရှေမှစ၍ အာရုန်နှင့်သူ၏သားတို့ ဖြစ်ကြ၏။ သူတို့သည် အစ္စရေးအမျိုးသားတို့ကိုယ်စား သန့်ရှင်းရာဌာန၏အမှုကိစ္စကိုဆောင်ရွက်သောသူများ ဖြစ်ကြ၏။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်။
3:39 ထာဝရဘုရား၏အမိန့်တော်အရ မောရှေနှင့်အာရုန်သည် လေဝိအမျိုးတို့ကို မျိုးနွယ်စုအလိုက် ရေတွက်ရာတွင် တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့၏အရေအတွက်စုစုပေါင်းမှာ နှစ်သောင်းနှစ်ထောင် ဖြစ်၏။
3:40 တစ်ဖန် ထာဝရဘုရားက မောရှေအား “အစ္စရေးအမျိုးသားတို့ထဲမှ တစ်လသားအရွယ်နှင့်အထက် သားဦးယောက်ျားရှိသမျှတို့ကို ရေတွက်လော့။ သူတို့၏အမည်များကို စာရင်းကောက်ယူလော့။
3:41 အစ္စရေးအမျိုးသားတို့၏သားဦးရှိသမျှတို့အစား လေဝိအမျိုးတို့ကိုလည်းကောင်း၊ အစ္စရေးအမျိုးသားတို့၏တိရစ္ဆာန်သားဦးရှိသမျှတို့အစား လေဝိအမျိုးတို့၏တိရစ္ဆာန်တို့ကိုလည်းကောင်း ငါ့အဖို့ ယူရမည်။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
3:42 သို့ဖြစ်၍ ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း မောရှေသည် အစ္စရေးအမျိုးသားတို့၏သားဦးအပေါင်းတို့ကို ရေတွက်လေ၏။
3:43 သူတို့၏အမည်စာရင်းအရ တစ်လသားအရွယ်နှင့်အထက် သားဦးယောက်ျားအရေအတွက်စုစုပေါင်းမှာ နှစ်သောင်းနှစ်ထောင့်နှစ်ရာခုနစ်ဆယ့်သုံးယောက် ဖြစ်၏။
3:44 တစ်ဖန် ထာဝရဘုရားက မောရှေအား
3:45 “အစ္စရေးအမျိုးသားတို့၏သားဦးရှိသမျှတို့အစား လေဝိအမျိုးတို့ကိုလည်းကောင်း၊ အစ္စရေးအမျိုးသားတို့၏တိရစ္ဆာန်အစား လေဝိအမျိုးတို့၏တိရစ္ဆာန်ကိုလည်းကောင်း ငါ့အဖို့ ယူရမည်။ လေဝိအမျိုးတို့သည် ငါ့အဖို့ဖြစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
3:46 လေဝိအမျိုးတို့ထက်ပိုသော အစ္စရေးအမျိုးသားတို့၏သားဦး နှစ်ရာခုနစ်ဆယ့်သုံးယောက်ကို ရွေးနုတ်ရမည့်အခမှာ
3:47 သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ တစ်ယောက်ကို ငါးရှယ်ကယ် တိတိ သင်ခံယူရမည်။ (တစ်ရှယ်ကယ် လျှင် ဂေရနှစ်ဆယ် နှင့်ညီမျှ၏။)
3:48 သင်သည် လေဝိအမျိုးတို့ထက်ပိုသောသားဦးတို့အား ရွေးနုတ်သောအခငွေကို အာရုန်နှင့်သူ၏သားတို့အား ပေးရမည်”ဟု မိန့်တော်မူ၏။
3:49 မောရှေသည် အစ္စရေးသားဦးတို့ကို လေဝိအမျိုးတို့နှင့်ရွေးနုတ်ယူပြီးမှ ပိုသေးသောသူတို့အား ရွေးနုတ်သောအခငွေကို ခံယူလေ၏။
3:50 သူသည် အစ္စရေးအမျိုးသားတို့၏သားဦးတို့ထံမှ သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ငွေတစ်ထောင့်သုံးရာခြောက်ဆယ့်ငါးရှယ်ကယ် ခံယူ၏။
3:51 မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့် ထာဝရဘုရား၏အမိန့်တော်အတိုင်း ရွေးနုတ်သောအခငွေကို အာရုန်နှင့်သူ့သားတို့အား ပေးလေ၏။