Numbers 8
8:1 တစ်ဖန် ထာဝရဘုရားက မောရှေအား
8:2 “မီးခွက်များကို ထွန်းညှိသောအခါ မီးခွက်ခုနစ်လုံးသည် ဆီမီးခုံ၏ရှေ့ဘက်၌ လင်းနေရမည်ဟူ၍ အာရုန်အား ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
8:3 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အာရုန်သည် ဆီမီးခုံ၏မီးခွက်များကို ဆီမီးခုံ၏အရှေ့ဘက်သို့ လှည့်ထားလေ၏။
8:4 ဆီမီးခုံကို ဤသို့ထုလုပ်ထား၏။ မောရှေအား ထာဝရဘုရားပြခဲ့သည့်ပုံစံအတိုင်း ဆီမီးခုံကို ဆီမီးခုံတိုင်မှစ၍ ပွင့်ဖတ်အထိ ရွှေဖြင့်ထုလုပ်ထား၏။
8:5 တစ်ဖန် ထာဝရဘုရားက မောရှေအား
8:6 “အစ္စရေးအမျိုးသားတို့ထဲမှ လေဝိအမျိုးတို့ကို ခေါ်လာ၍ သူတို့ကို စင်ကြယ်အောင်ပြုလော့။
8:7 သူတို့စင်ကြယ်အောင် ဤသို့ပြုရမည်။ သူတို့အပေါ် စင်ကြယ်စေခြင်းဆိုင်ရာရေကို ဖျန်းရမည်။ သူတို့သည် တစ်ကိုယ်လုံးရှိအမွေးများကိုရိတ်ပြီး အဝတ်များကို လျှော်ခြင်းဖြင့် မိမိကိုယ်မိမိ စင်ကြယ်စေရမည်။
8:8 သူတို့သည် နွားထီးပျိုတစ်ကောင်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်ကို ယူဆောင်လာရမည်။ သင်သည်လည်း အပြစ်ဖြေရာယဇ်အတွက် နွားထီးပျိုနောက်တစ်ကောင်ကို ယူလာရမည်။
8:9 တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့သို့ လေဝိအမျိုးတို့ကိုခေါ်ဆောင်လာ၍ အစ္စရေးအမျိုးသားလူထုအပေါင်းတို့ကိုလည်း စုရုံးစေရမည်။
8:10 လေဝိအမျိုးတို့ကို ထာဝရဘုရားရှေ့တော်သို့ ခေါ်ဆောင်လာပြီးလျှင် အစ္စရေးအမျိုးသားတို့သည် လေဝိအမျိုးတို့အပေါ် လက်ကို တင်ရမည်။
8:11 အစ္စရေးအမျိုးသားတို့ထဲရှိ လေဝိအမျိုးတို့သည် ထာဝရဘုရား၏အမှုတော်ထမ်းဆောင်ရန် အာရုန်သည် သူတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်ရမည်။
8:12 လေဝိအမျိုးတို့သည် မိမိတို့၏လက်ကို နွားထီးပျိုတို့၏ခေါင်းပေါ်၌တင်ရမည်။ လေဝိအမျိုးတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ထာဝရဘုရားထံ ပူဇော်ရမည်။
8:13 သင်သည် လေဝိအမျိုးတို့ကို အာရုန်နှင့်သူ့သားတို့၏ရှေ့၌ရပ်စေ၍ သူတို့ကို ထာဝရဘုရားထံ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်ရမည်။
8:14 ဤသို့ဖြင့် သင်သည် အစ္စရေးအမျိုးသားတို့တွင် လေဝိအမျိုးတို့ကို သီးခြားခွဲထားရမည်။ လေဝိအမျိုးတို့သည် ငါပိုင်ဆိုင်ရာဖြစ်ကြရလိမ့်မည်။
8:15 ထို့နောက်မှ လေဝိအမျိုးတို့သည် အမှုတော်ထမ်းဆောင်ရန် တွေ့ဆုံစည်းဝေးရာတဲတော်သို့ဝင်ရမည်။ သင်သည် သူတို့ကို စင်ကြယ်စေ၍ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်ရမည်။
8:16 အကြောင်းမူကား သူတို့သည် အစ္စရေးအမျိုးသားတို့ထဲမှရွေးကောက်၍ ငါ့အား လုံးလုံးပေးအပ်ထားခြင်းခံရသူများဖြစ်၏။ ငါသည် အစ္စရေးအမျိုးသားတို့တွင် သားအိမ်တိုင်းမှအဦးဆုံးထွက်လာသောသားဦးရှိသမျှတို့အစား သူတို့ကို ငါ့အတွက် ငါရွေးယူပြီ။
8:17 အစ္စရေးအမျိုးသားတို့တွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားဦးရှိသမျှတို့ကို ငါပိုင်၏။ အီဂျစ်ပြည်၌ သားဦးအပေါင်းတို့ကို ငါဒဏ်ခတ်သောနေ့တွင် သူတို့ကို ငါ့အတွက် ငါသန့်ရှင်းစေခဲ့၏။
8:18 အစ္စရေးအမျိုးသားတို့ထဲမှ သားဦးအားလုံးအစား လေဝိအမျိုးတို့ကို ငါရွေးယူပြီ။
8:19 အစ္စရေးအမျိုးသားတို့အတွက် တွေ့ဆုံစည်းဝေးရာတဲတော်တွင် အမှုတော်ထမ်းရန်နှင့် အစ္စရေးအမျိုးသားတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ငါသည် အစ္စရေးလူမျိုးထဲမှ လေဝိအမျိုးကို အာရုန်နှင့်သူ့သားတို့အား လုံးလုံးပေးအပ်ထားပြီ။ သို့မှ အစ္စရေးအမျိုးသားတို့ သန့်ရှင်းရာဌာနသို့ချဉ်းကပ်သောအခါ ဘေးဒဏ်မကျရောက်ဘဲနေမည်”ဟု မိန့်တော်မူ၏။
8:20 ထိုသို့ မောရှေ၊ အာရုန်နှင့် အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် လေဝိအမျိုးတို့အား ပြုကြ၏။ လေဝိအမျိုးတို့နှင့်ပတ်သက်၍ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း အစ္စရေးအမျိုးသားတို့သည် သူတို့အား ပြုကြ၏။
8:21 လေဝိအမျိုးတို့သည် မိမိကိုယ်မိမိသန့်စင်အောင်ပြု၍ မိမိတို့၏အဝတ်များကိုလျှော်ပြီးသောအခါ အာရုန်သည် သူတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်လေ၏။ အာရုန်သည် သူတို့စင်ကြယ်စေရန် သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုလည်းပြုလေ၏။
8:22 ထို့နောက်မှ လေဝိအမျိုးတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၌အမှုတော်ထမ်းဆောင်ရန် အာရုန်နှင့်သူ့သားတို့ရှေ့သို့ လာကြ၏။ လေဝိအမျိုးတို့နှင့်ပတ်သက်၍ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားတို့သည် သူတို့အား ပြုကြ၏။
8:23 တစ်ဖန် ထာဝရဘုရားက မောရှေအား
8:24 “လေဝိအမျိုးတို့တွင် အသက်နှစ်ဆယ့်ငါးနှစ်အရွယ်နှင့်အထက်ရှိသောသူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုတော်ကို ဝင်ရောက်ထမ်းဆောင်ရမည်။
8:25 အသက်ငါးဆယ်အရွယ်ရောက်လျှင် အမှုတော်ထမ်းဆောင်ခြင်းမှ အနားယူရမည်။ အမှုတော်ထမ်းဆောင်ရန်မလိုတော့ပေ။
8:26 တွေ့ဆုံစည်းဝေးရာတဲတော်ရှိမိမိညီအစ်ကိုတို့၏တာဝန်ကို ကူညီစောင့်ထိန်းပေးနိုင်သော်လည်း ကိုယ်တိုင်လုပ်စရာမလိုပေ။ ထိုသို့ လေဝိအမျိုးတို့အား သူတို့နှင့်ဆိုင်သောတာဝန်တို့ကို သင်စီရင်ပေးရမည်”ဟု မိန့်တော်မူ၏။