Matthew 14
14:1 ထိုအချိန်တွင် နယ်စားဟေရုဒ်သည် ယေရှု၏သတင်းတော်ကိုကြား၍
14:2 သူ၏ငယ်သားတို့အား “ဤသူသည် ဗတ္တိဇံဆရာယောဟန်ဖြစ်၏။ သူသည် သေသောသူတို့ထဲမှ ထမြောက်လေပြီ။ ထို့ကြောင့် သူ၌တန်ခိုးလက္ခဏာများထင်ရှားနေ၏”ဟု ဆိုလေ၏။
14:3 အကြောင်းမူကား ဟေရုဒ်သည် မိမိအစ်ကို ဖိလိပ္ပု၏ဇနီး ဟေရောဒိကိစ္စကြောင့် ယောဟန်ကို ဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲ၌ချထားခဲ့၏။
14:4 အဘယ်ကြောင့်ဆိုသော် ယောဟန်က “သင်သည် ထိုအမျိုးသမီးကို သိမ်းယူခြင်းမှာ တရားတော်နှင့်မညီပါ”ဟု ဟေရုဒ်အား ပြောခဲ့သောကြောင့်ဖြစ်၏။
14:5 ဟေရုဒ်သည် ယောဟန်ကိုသတ်လိုသော်လည်း လူထုကိုကြောက်လေ၏။ အကြောင်းမူကား သူတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြ၏။
14:6 သို့သော် ဟေရုဒ်၏မွေးနေ့ရောက်လာသောအခါ ဟေရောဒိ၏သမီးသည် ဧည့်သည်တော်များရှေ့၌ ကပြလျက် ဟေရုဒ်ကို နှစ်သက်စေ၏။
14:7 ထို့ကြောင့် ဟေရုဒ်သည် သင်တောင်းသမျှကိုပေးမည်ဟု သူ့အား ကတိသစ္စာပြုလေ၏။
14:8 ထိုအခါ မိန်းကလေးသည် မိခင်၏တိုက်တွန်းချက်အရ “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို ဤလင်ပန်းပေါ်တင်၍ ကျွန်မအားပေးပါ”ဟု တောင်းဆိုလေ၏။
14:9 မင်းကြီးသည် စိတ်မကောင်းဖြစ်သော်လည်း ပြုထားသောကတိသစ္စာကိုလည်းကောင်း၊ မိမိနှင့်အတူစားသောက်ပွဲ၌ထိုင်နေသောသူတို့၏မျက်နှာကိုလည်းကောင်း ထောက်၍ ပေးလိုက်ရန် အမိန့်ပေးကာ
14:10 လူကိုစေလွှတ်ပြီး ယောဟန်၏ဦးခေါင်းကို ထောင်ထဲ၌ ဖြတ်စေ၏။
14:11 ထို့နောက် ယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တင်၍ ယူလာကာ မိန်းကလေးအားပေးလေသော် သူသည် မိမိ၏မိခင်ထံသို့ ယူဆောင်သွားလေ၏။
14:12 ထိုအခါ ယောဟန်၏တပည့်တို့သည်လာ၍ အလောင်းကိုယူဆောင်သွားပြီးလျှင် သူ့ကိုသင်္ဂြိုဟ်ကြလေ၏။ ထို့နောက် ယေရှုထံလာ၍ ကြားလျှောက်ကြ၏။
14:13 ယေရှုသည် ထိုသတင်းကိုကြားသောအခါ ထိုအရပ်မှ လူသူကင်းဝေးရာအရပ်သို့ လှေဖြင့် တစ်ကိုယ်တည်းကြွတော်မူ၏။ သို့သော် လူထုပရိသတ်များသည် ကြားသိလျှင် မြို့ရွာများမှထွက်၍ နောက်တော်သို့ ကုန်းကြောင်းဖြင့်လိုက်ကြ၏။
14:14 ကိုယ်တော်သည် လှေမှဆင်းသောအခါ များစွာသောလူထုပရိသတ်ကိုမြင်လျှင် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ မကျန်းမာသောသူတို့ကို ကျန်းမာစေတော်မူ၏။
14:15 ညနေချမ်းအချိန်ရောက်သောအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ “ဤနေရာသည် လူသူကင်းဝေးရာအရပ်ဖြစ်ပြီး အချိန်လည်း လွန်နေပါပြီ။ လူထုပရိသတ်တို့သည် ကျေးရွာများသို့သွား၍ မိမိတို့အတွက် စားစရာများဝယ်ယူနိုင်ရန် သူတို့ကို ပြန်လွှတ်တော်မူပါ”ဟု လျှောက်ကြ၏။
14:16 သို့သော် ယေရှုက “သူတို့သွားရန်မလို။ သင်တို့ကိုယ်တိုင် သူတို့အား စားစရာပေးကြလော့” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
14:17 တပည့်တော်တို့ကလည်း “အကျွန်ုပ်တို့တွင် ဤနေရာ၌ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတစ်ပါး မည်သည့်အရာမျှမရှိပါ”ဟု ကိုယ်တော်အားလျှောက်ကြ၏။
14:18 ကိုယ်တော်ကလည်း “၎င်းတို့ကို ငါ့ထံ ဤနေရာသို့ယူခဲ့ကြလော့” ဟု မိန့်တော်မူ၏။
14:19 ထို့နောက် လူထုပရိသတ်တို့ကို မြက်ခင်းပေါ်ထိုင်ကြရန် အမိန့်ပေးတော်မူ၍ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူလျက် မိုးကောင်းကင်သို့မျှော်ကြည့်ကာ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အား ဝေပေးကြ၏။
14:20 လူအပေါင်းတို့သည် စား၍ဝကြ၏။ ထို့နောက် ကြွင်းကျန်သောမုန့်အကျိုးအပဲ့များကိုကောက်သိမ်းကြရာ တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။
14:21 စားသောသူတို့မှာ အမျိုးသမီးများနှင့်ကလေးသူငယ်များမပါဘဲ ယောက်ျားငါးထောင်ခန့်ရှိ၏။
14:22 ထို့နောက် ကိုယ်တော်သည် ချက်ချင်းပင် တပည့်တော်တို့ကို လှေပေါ်သို့တက်စေ၍ တစ်ဖက်ကမ်းသို့ မိမိရှေ့မှကူးနှင့်စေတော်မူပြီး တစ်ချိန်တည်းမှာပင် လူထုပရိသတ်များကို ပြန်လွှတ်တော်မူ၏။
14:23 လူထုပရိသတ်များကို ပြန်လွှတ်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ တစ်ကိုယ်တည်းတက်တော်မူ၏။ ညနေချမ်းအချိန်ရောက်သောအခါ ထိုနေရာ၌ ကိုယ်တော်တစ်ပါးတည်းရှိတော်မူ၏။
14:24 ထိုစဉ် လှေသည် ကမ်းမှအတော်ဝေးကွာနေပြီး လေဆန်ဖြစ်သောကြောင့် လှိုင်းများ၏ရိုက်ခတ်ခြင်းကိုခံနေရ၏။
14:25 မိုးသောက်ယံအချိန်၌ ကိုယ်တော်သည် ပင်လယ်ပေါ်တွင် လမ်းလျှောက်လျက် သူတို့ထံသို့ ကြွတော်မူ၏။
14:26 တပည့်တော်တို့သည် ပင်လယ်ပေါ်တွင် ကိုယ်တော်လမ်းလျှောက်နေသည်ကိုမြင်လျှင် တုန်လှုပ်ချောက်ချား၍ “တစ္ဆေ”ဟု အလန့်တကြားအော်ဟစ်ကြ၏။
14:27 သို့သော် ယေရှုက “မစိုးရိမ်ကြနှင့်။ ငါပင်ဖြစ်၏။ မကြောက်ကြနှင့်” ဟု သူတို့အား ချက်ချင်းမိန့်တော်မူ၏။
14:28 ထိုအခါ ပေတရုက “သခင်ဘုရား၊ ကိုယ်တော်ဖြစ်သည်မှန်လျှင် ကိုယ်တော်ထံသို့ ရေပေါ်မှာလျှောက်လာရမည့်အကြောင်း အကျွန်ုပ်ကို အမိန့်ပေးတော်မူပါ”ဟု လျှောက်လေ၏။
14:29 ကိုယ်တော်ကလည်း “လာခဲ့လော့” ဟု မိန့်တော်မူရာ ပေတရုသည် လှေမှဆင်း၍ ရေပေါ်လမ်းလျှောက်လျက် ယေရှုထံသို့သွားလေ၏။
14:30 သို့သော် ပြင်းထန်သောလေကိုမြင်လျှင် ကြောက်၍ ရေနစ်စပြုသည်နှင့် “သခင်ဘုရား၊ အကျွန်ုပ်ကိုကယ်တော်မူပါ”ဟု အော်ဟစ်လေ၏။
14:31 ထိုအခါ ယေရှုသည် ချက်ချင်းလက်တော်ကိုဆန့်၍ သူ့ကိုကိုင်ဆွဲကာ “ယုံကြည်ခြင်းအားနည်းသောသူ၊ အဘယ်ကြောင့် သံသယဖြစ်သနည်း” ဟု မိန့်တော်မူ၏။
14:32 ထို့နောက် သူတို့သည် လှေပေါ်သို့တက်ကြရာ လေသည် ငြိမ်သွားလေ၏။
14:33 ထိုအခါ လှေပေါ်၌ရှိသောသူတို့သည် ကိုယ်တော်ကိုရှိခိုးလျက် “ကိုယ်တော်သည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်ပါ၏”ဟု လျှောက်ကြ၏။
14:34 ထို့နောက် သူတို့သည် ပင်လယ်ကိုကူး၍ ဂင်နေသရက်မြို့သို့ရောက်ကြ၏။
14:35 ထိုအရပ်၌ရှိသောလူတို့သည် ကိုယ်တော်ကိုမှတ်မိကြသဖြင့် ထိုဒေသဝန်းကျင်တစ်ခုလုံးသို့ လူကိုစေလွှတ်၍ နာမကျန်းဖြစ်သူရှိသမျှတို့ကို အထံတော်သို့ခေါ်ဆောင်လာပြီးလျှင်
14:36 သူတို့အား ကိုယ်တော်၏ဝတ်ရုံတော်ပန်းဖွားကိုမျှ တို့ထိခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်ကြ၏။ တို့ထိရသောသူရှိသမျှတို့သည်လည်း ရောဂါပျောက်ကင်းခြင်းအခွင့်ကိုရကြ၏။