Matthew 15
15:1 ထိုအခါ၌ ဂျေရုဆလင်မြို့မှ ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့သည် ယေရှုထံသို့ချဉ်းကပ်လာ၍
15:2 “သင်၏တပည့်များသည် အဘယ်ကြောင့် ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်းကို ချိုးဖောက်ကြသနည်း။ အကြောင်းမှာ သူတို့သည် အစာစားသည့်အခါ သူတို့၏လက်ကိုမဆေးကြပါ”ဟု လျှောက်ကြ၏။
15:3 ကိုယ်တော်က “သင်တို့သည်လည်း မိမိတို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့်ချိုးဖောက်ကြသနည်း။
15:4 အကြောင်းမူကား ဘုရားသခင်က ‘မိခင်နှင့်ဖခင်တို့ကိုရိုသေလော့။ မိခင်၊ သို့မဟုတ် ဖခင်ကို ပုတ်ခတ်ပြောဆိုသောသူသည် သေဒဏ်ကျခံစေ’ ဟု မိန့်တော်မူခဲ့၏။
15:5 သို့သော် သင်တို့က ‘မည်သူမဆို မိခင်၊ သို့မဟုတ် ဖခင်အား အကျွန်ုပ်ထံမှ သင်တို့ခံစားထိုက်သည့်အရာသည် လှူဖွယ်ဝတ္ထုဖြစ်ပါပြီဟု ဆိုလျှင်
15:6 ထိုသူသည် မိမိ၏ဖခင်ကိုဂုဏ်ပြုစရာမလိုပေ’ဟု ပြောဆိုကြ၏။ ဤသို့ဖြင့် သင်တို့သည် မိမိတို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပယ်ဖျက်ကြ၏။
15:7 သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့နှင့်ပတ်သက်၍ ဟေရှာယက
15:8 ‘ဤလူတို့သည် သူတို့၏နှုတ်ဖြင့် ငါ့ကိုရိုသေကြ၏။ သို့သော် သူတို့၏စိတ်နှလုံးသည် ငါနှင့်ဝေးလှ၏။
15:9 သူတို့သည် လူတို့၏ပညတ်ချက်များကို ဩဝါဒများအဖြစ်သွန်သင်လျက် ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏’ ဟူ၍ ပရောဖက်ပြုဟောပြောခဲ့သည်မှာ မှန်လှပေ၏” ဟု မိန့်တော်မူ၏။
15:10 ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်ကိုခေါ်ပြီးလျှင် “နားထောင်၍ နားလည်ကြလော့။
15:11 ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည်မဟုတ်။ ခံတွင်းမှထွက်လာသောအရာကသာ လူကိုညစ်ညူးစေ၏” ဟု မိန့်တော်မူ၏။
15:12 ထိုအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာလျက် “ဖာရိရှဲတို့သည် မိန့်တော်မူသောစကားတို့ကိုကြား၍ ဘဝင်မကျဖြစ်ကြသည်ကို ကိုယ်တော်သိတော်မူပါသလော”ဟု လျှောက်ကြ၏။
15:13 ကိုယ်တော်ကလည်း “ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်မစိုက်သောအပင်ရှိသမျှသည် အမြစ်ပါမကျန် ဆွဲနုတ်ခြင်းခံရလိမ့်မည်။
15:14 သူတို့ရှိကြပါလေစေ။ သူတို့သည် မျက်မမြင်တို့ကိုလမ်းပြသော မျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်သည် မျက်မမြင်ကိုလမ်းပြလျှင် နှစ်ဦးစလုံး တွင်းထဲသို့ကျလိမ့်မည်” ဟု ပြန်၍မိန့်တော်မူ၏။
15:15 ထိုအခါ ပေတရုက “ထိုပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်လျှင်
15:16 ကိုယ်တော်က “သင်တို့သည်လည်း ယခုတိုင်အောင် အသိတရားကင်းမဲ့လျက်နေကြသလော။
15:17 ခံတွင်းသို့ဝင်သမျှသောအရာသည် ဝမ်းထဲသို့ရောက်ပြီးလျှင် ရေအိမ်ထဲစွန့်ခြင်းခံရသည်ကို သင်တို့မသိကြသလော။
15:18 ခံတွင်းမှထွက်လာသည့်အရာများမူကား စိတ်နှလုံးထဲမှထွက်လာပြီး လူကိုညစ်ညူးစေ၏။
15:19 အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်းနှင့် စော်ကားပြောဆိုခြင်းတို့သည် စိတ်နှလုံးထဲမှထွက်လာကြ၏။
15:20 ဤအရာများသည် လူကိုညစ်ညူးစေကြ၏။ သို့သော် မဆေးထားသောလက်ဖြင့် အစာစားခြင်းသည် လူကိုညစ်ညူးစေသည်မဟုတ်” ဟု မိန့်တော်မူ၏။
15:21 ထို့နောက် ယေရှုသည် ထိုအရပ်မှ ထွက်ခွာ၍ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့၏နယ်မြေဒေသများသို့ ကြွတော်မူ၏။
15:22 ထိုအခါ ထိုအရပ်ဒေသမှ ခါနာန်အမျိုးသမီးတစ်ဦးသည် ထွက်လာ၍ “သခင်ဘုရား၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကိုသနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူး၍ ပြင်းထန်စွာခံစားနေရပါ၏”ဟု အော်ဟစ်လျှောက်ထားလေ၏။
15:23 သို့သော် ကိုယ်တော်သည် သူ့ကိုတစ်ခွန်းမျှ ဖြေကြားတော်မမူ။ ထိုအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ “ဤအမျိုးသမီးသည် အကျွန်ုပ်တို့နောက်မှလိုက်လာပြီး အော်ဟစ်နေပါသဖြင့် သူ့ကိုပြန်သွားစေတော်မူပါ”ဟု လျှောက်ကြ၏။
15:24 ကိုယ်တော်ကလည်း “ငါသည် အစ္စရေးအမျိုး၏ပျောက်ဆုံးသောသိုးများထံသို့သာ စေလွှတ်ခြင်းခံရ၏” ဟု ပြန်၍မိန့်တော်မူ၏။
15:25 သို့သော် ထိုအမျိုးသမီးသည်လာ၍ ကိုယ်တော်ကိုရှိခိုးလျက် “သခင်ဘုရား၊ ကျွန်မကိုကူညီမစတော်မူပါ”ဟု လျှောက်လေ၏။
15:26 ကိုယ်တော်ကလည်း “သားသမီးတို့၏အစာကိုယူ၍ ခွေးကလေးတို့အားချပေးခြင်းသည် မကောင်းမသင့်ပါ” ဟု ပြန်၍မိန့်တော်မူ၏။
15:27 ထိုအမျိုးသမီးကမူ “မှန်ပါ၏ သခင်ဘုရား။ သို့ရာတွင် ခွေးကလေးများပင်လျှင် သူတို့သခင်၏စားပွဲမှကျသော စားနုပ်စားပေါက်များကို စားရကြပါ၏”ဟု လျှောက်လေ၏။
15:28 ထိုအခါ ယေရှုက “အို အမျိုးသမီး၊ သင်၏ယုံကြည်ခြင်းသည် ကြီးမားလှပေ၏။ သင်အလိုရှိသည့်အတိုင်း သင်၌ဖြစ်စေ” ဟု မိန့်တော်မူရာ သူ၏သမီးသည် ထိုအချိန်နာရီမှစ၍ ကျန်းမာလာလေ၏။
15:29 ထို့နောက် ယေရှုသည် ထိုနေရာမှ ထွက်ခွာလျက် ဂါလိလဲပင်လယ်ကမ်းနားသို့ ကြွတော်မူပြီးလျှင် တောင်ပေါ်သို့တက်ကာ ထိုအရပ်၌ထိုင်တော်မူ၏။
15:30 ထိုအခါ များစွာသောလူထုပရိသတ်တို့သည် ခြေမသန်စွမ်းသူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့တဲ့သူများ၊ ဆွံ့အသူများနှင့် အခြားရောဂါသည်အမြောက်အမြားတို့ကို မိမိတို့နှင့်အတူခေါ်ဆောင်၍ အထံတော်သို့လာကြကာ ခြေတော်ရင်း၌ချထားကြသဖြင့် ကိုယ်တော်သည် သူတို့ကိုကျန်းမာစေတော်မူ၏။
15:31 လူထုပရိသတ်တို့သည် ဆွံ့အသူများ စကားပြောကြသည်ကိုလည်းကောင်း၊ ကိုယ်အင်္ဂါချို့တဲ့သူများ အကောင်းပကတိဖြစ်ကြသည်ကိုလည်းကောင်း၊ ခြေမသန်စွမ်းသူများ လမ်းလျှောက်ကြသည်ကိုလည်းကောင်း၊ မျက်မမြင်များ မျက်စိမြင်ကြသည်ကိုလည်းကောင်း တွေ့မြင်လျက် အံ့သြကြကာ အစ္စရေးလူမျိုး၏ဘုရားသခင်ဘုန်းတော်ကိုချီးမွမ်းကြ၏။
15:32 ထိုအခါ ယေရှုသည် တပည့်တော်တို့ကိုခေါ်၍ “ဤလူထုပရိသတ်ကို ငါသနား၏။ အကြောင်းမူကား သူတို့သည် သုံးရက်တိုင်တိုင် ငါနှင့်အတူရှိကြပြီး သူတို့၌ မည်သည့်စားစရာမျှမရှိ။ သူတို့ကိုဘာမျှမကျွေးဘဲ ပြန်သွားစေရန် ငါအလိုမရှိ။ ထိုသို့ပြန်စေလျှင် သူတို့သည် လမ်းခရီး၌ အားပြတ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
15:33 တပည့်တော်တို့ကလည်း “အကျွန်ုပ်တို့သည် ဤမျှလောက်များပြားသောလူထုပရိသတ်အား ဝလင်စွာကျွေးနိုင်လောက်သည့် များစွာသောမုန့်ကို ဤတောကန္တာရ၌ အဘယ်ကရနိုင်ပါမည်နည်း”ဟု လျှောက်ကြ၏။
15:34 ယေရှုကလည်း “သင်တို့တွင် မုန့်မည်မျှရှိသနည်း” ဟု မေးတော်မူရာ သူတို့က “မုန့်ခုနစ်လုံးနှင့် ငါးကလေးအနည်းငယ်ရှိပါသည်”ဟု ပြန်လျှောက်ကြ၏။
15:35 ထိုအခါ ကိုယ်တော်သည် လူထုပရိသတ်ကို မြေပေါ်၌ထိုင်ကြရန် မိန့်မှာတော်မူလျက်
15:36 မုန့်ခုနစ်လုံးနှင့် ငါးတို့ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် ၎င်းတို့ကိုဖဲ့ကာ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အား ဝေပေးကြ၏။
15:37 လူအပေါင်းတို့သည် စား၍ဝကြ၏။ ထို့နောက် ကြွင်းကျန်သောမုန့်အကျိုးအပဲ့များကို ကောက်သိမ်းကြရာ ခုနစ်တောင်းအပြည့်ရကြ၏။
15:38 စားသောသူတို့မှာ အမျိုးသမီးများနှင့်ကလေးသူငယ်များမပါဘဲ ယောက်ျားလေးထောင်ရှိ၏။
15:39 ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်များကို ပြန်လွှတ်တော်မူပြီးလျှင် လှေပေါ်သို့တက်၍ မာဂဒါလမြို့နှင့်ဆိုင်သောအရပ်ဒေသသို့ ကြွတော်မူ၏။