Luke 19
19:1 ထို့နောက် ကိုယ်တော်သည် ဂျေရိခေါမြို့သို့ဝင်၍ ထိုမြို့ကိုဖြတ်သွားတော်မူ၏။
19:2 ထိုအရပ်တွင် ဇက္ခဲအမည်ရှိသောလူတစ်ဦးရှိ၏။ သူသည် အခွန်ကောက်ခံသူတို့၏အကြီးအကဲဖြစ်ပြီး ချမ်းသာသောသူဖြစ်၏။
19:3 သူသည် ယေရှုမည်သူဖြစ်သည်ကို မြင်ရရန်ကြိုးစားသော်လည်း အရပ်ပုသောကြောင့် လူထုပရိသတ်ကိုကျော်၍ မမြင်နိုင်ပေ။
19:4 ထို့ကြောင့် သူသည် ကိုယ်တော်ကိုတွေ့မြင်နိုင်ရန် ရှေ့သို့ကြိုပြေး၍ သဖန်းပိုးစာပင်ပေါ်သို့တက်လေ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ထိုနေရာကိုဖြတ်သွားတော့မည်ဖြစ်၏။
19:5 ယေရှုသည် ထိုနေရာသို့ရောက်သောအခါ မော့ကြည့်လျက် “ဇက္ခဲ၊ သင့်အိမ်တွင် ယနေ့ ငါတည်းခိုရမည်ဖြစ်၍ အမြန်ဆင်းခဲ့လော့” ဟု မိန့်တော်မူ၏။
19:6 ဇက္ခဲသည်အမြန်ဆင်းလာ၍ ကိုယ်တော်ကို ဝမ်းမြောက်စွာ လက်ခံကြိုဆို၏။
19:7 ဤအခြင်းအရာကို မြင်သောသူအပေါင်းတို့က “ကိုယ်တော်သည် အပြစ်သား၏အိမ်သို့ဝင်၍တည်းခိုပါသည်တကား”ဟု ဝေဖန်ပြစ်တင်ကြ၏။
19:8 ဇက္ခဲသည်ရပ်လျက် “သခင်ဘုရား၊ အကျွန်ုပ်၏ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသားတို့အားပေးပါမည်။ ထို့ပြင် တစ်စုံတစ်ဦးထံမှ တစ်စုံတစ်ရာကို မတရားတောင်းခံထားသည်ဆိုလျှင် လေးဆပြန်ပေးပါမည်”ဟု သခင်ဘုရားအားလျှောက်လေ၏။
19:9 ယေရှုကလည်း “ယနေ့ပင် ကယ်တင်ခြင်းသည် ဤအိမ်ပေါ်သို့သက်ရောက်လေပြီ။ အကြောင်းမူကား သူသည်လည်း အာဗြဟံ၏သားဖြစ်၏။
19:10 အမှန်စင်စစ် လူ့သားသည် ပျောက်ဆုံးသောသူတို့ကိုရှာ၍ ကယ်တင်ရန်ကြွလာ၏” ဟု မိန့်တော်မူ၏။
19:11 ကိုယ်တော်သည် ဤအကြောင်းအရာတို့ကို နားထောင်နေသောသူတို့အား ပုံဥပမာတစ်ခုကိုထပ်မံ၍ပေးတော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ရောက်လာသဖြင့် ဘုရားသခင်၏နိုင်ငံတော်သည် ချက်ချင်းပေါ်ထွန်းလာမည်ဟု သူတို့ထင်မှတ်ကြသောကြောင့်ဖြစ်၏။
19:12 ကိုယ်တော်က “မြင့်မြတ်သောပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံတော်အုပ်စိုးခွင့်ကိုခံယူပြီးပြန်လာရန် ဝေးလံသောတိုင်းပြည်သို့ ခရီးသွားလေ၏။
19:13 ခရီးမပြုမီ မိမိ၏အစေအပါးဆယ်ဦးကိုခေါ်၍ ငွေဆယ်မိနာ့ပေးလျက် ‘ငါပြန်လာသည်အထိ စီးပွားရှာကြလော့’ဟု မှာထားခဲ့၏။
19:14 သို့သော် သူ၏ပြည်သူပြည်သားတို့သည် သူ့ကိုမုန်းသဖြင့် သူ့နောက်မှ သံတမန်ကိုစေလွှတ်၍ ‘အကျွန်ုပ်တို့အပေါ် ဤသူအုပ်ချုပ်မည်ကို အကျွန်ုပ်တို့အလိုမရှိပါ’ဟု လျှောက်ထားစေကြ၏။
19:15 ထို့နောက် သူသည် နိုင်ငံတော်အုပ်စိုးခွင့်ကိုခံယူပြီး ပြန်လာသောအခါ ငွေပေးထားခဲ့သောအစေအပါးတို့သည် စီးပွားရှာ၍ အမြတ်မည်မျှရကြသည်ကို သိရှိနိုင်မည့်အကြောင်း သူတို့ကို မိမိထံသို့ခေါ်လာရန် အမိန့်ရှိ၏။
19:16 ပထမတစ်ဦးသည် လာ၍ ‘သခင်၊ သခင်၏ငွေတစ်မိနာ့အားဖြင့် ငွေဆယ်မိနာ့အမြတ်ရပါသည်’ဟု လျှောက်လေ၏။
19:17 သခင်ကလည်း ‘ကောင်းလေစွ။ အစေအပါးကောင်း၊ သင်သည် သေးငယ်သောအမှု၌ သစ္စာရှိသောကြောင့် မြို့ဆယ်မြို့ကိုအုပ်ချုပ်လော့’ဟု ဆိုလေ၏။
19:18 ဒုတိယတစ်ဦးသည်လည်း လာ၍ ‘သခင်၊ သခင်၏ငွေတစ်မိနာ့အားဖြင့် ငွေငါးမိနာ့အမြတ်ရပါသည်’ဟု လျှောက်လေ၏။
19:19 သခင်ကလည်း ‘သင်သည် မြို့ငါးမြို့ကိုအုပ်ချုပ်လော့’ဟု ဆို၏။
19:20 ထို့နောက် အခြားတစ်ဦးသည်လာ၍ ‘သခင်၊ ကြည့်ပါ။ ပဝါထဲ၌ အကျွန်ုပ်ထုပ်၍သိမ်းထားသော သခင်၏ငွေတစ်မိနာ့ရှိပါသည်။
19:21 သခင်သည် စည်းကမ်းကြီး၍တိကျသောသူဖြစ်ပြီး မိမိမထည့်သွင်းထားသောအရာကိုထုတ်ယူလျက် မိမိမစိုက်ပျိုးသည့်အရာကို ရိတ်သိမ်းတတ်သောကြောင့် အကျွန်ုပ်ကြောက်ပါသည်’ဟု လျှောက်လေ၏။
19:22 သခင်ကလည်း ‘ဆိုးညစ်သောအစေအပါး၊ သင်၏နှုတ်ထွက်စကားအတိုင်း သင့်ကို ငါစီရင်မည်။ ငါသည် မထည့်သွင်းထားသောအရာကိုထုတ်ယူ၍ မစိုက်ပျိုးသည့်အရာကို ရိတ်သိမ်းတတ်သည့် စည်းကမ်းကြီး၍တိကျသောသူဖြစ်ကြောင်း သင်သိသည်မှန်လျှင်
19:23 အဘယ်ကြောင့် ငါ၏ငွေကို ငွေတိုးပေးသူလက်၌ မအပ်ထားသနည်း။ အပ်ထားလျှင် ငါပြန်လာသောအခါ ၎င်းကို အတိုးနှင့်တကွ ငါရရှိခဲ့ပေလိမ့်မည်’ဟု ဆိုလေ၏။
19:24 ထို့နောက် အနီး၌ရပ်နေသောသူတို့အား ‘ထိုငွေတစ်မိနာ့ကို သူ့ထံမှယူ၍ ငွေဆယ်မိနာ့ရှိသူအားပေးကြလော့’ဟု ဆို၏။
19:25 သူတို့ကလည်း ‘သခင်၊ ထိုသူ၌ ငွေဆယ်မိနာ့ရှိနေပါပြီ’ဟု လျှောက်ကြလျှင်
19:26 သခင်က ‘သင်တို့ကို ငါဆိုသည်ကား ရှိသောသူတိုင်းအား ထပ်၍ပေးဦးမည်။ မရှိသောသူထံမှမူကား သူ၌ရှိသောအရာကိုပင် သိမ်းယူလိမ့်မည်။
19:27 ထိုမှတစ်ပါး ငါအုပ်ချုပ်ရန်အလိုမရှိကြသော ငါ၏ရန်သူများကို ဤနေရာသို့ခေါ်ဆောင်ခဲ့၍ ငါ၏ရှေ့မှောက်တွင် သူတို့ကိုကွပ်မျက်ကြလော့’ဟု ဆိုလေ၏” ဟူ၍ မိန့်တော်မူ၏။
19:28 ကိုယ်တော်သည် ထိုသို့မိန့်တော်မူပြီးနောက် ရှေ့သို့ခရီးသွားလျက် ဂျေရုဆလင်မြို့သို့တက်သွားတော်မူ၏။
19:29 သံလွင်ဟုခေါ်သောတောင်အနီးရှိ ဗက်ဖာဂေရွာနှင့်ဗေသနိရွာအနီးသို့ ရောက်တော်မူသောအခါ တပည့်တော်နှစ်ပါးကိုစေလွှတ်၍
19:30 “သင်တို့ရှေ့ကရွာထဲသို့ သွားကြလော့။ ရွာထဲသို့ဝင်သည်နှင့် မည်သူမျှမစီးဖူးသော မြည်းကလေးတစ်ကောင်ချည်ထားသည်ကို တွေ့ကြလိမ့်မည်။ ၎င်းကိုကြိုးဖြေ၍ ခေါ်ဆောင်လာကြလော့။
19:31 တစ်စုံတစ်ယောက်က ‘အဘယ်ကြောင့်ကြိုးဖြေကြသနည်း’ဟု သင်တို့ကို မေးလျှင် ‘သခင်ဘုရားအလိုရှိသည်’ဟု ပြောကြလော့” ဟူ၍ မိန့်တော်မူ၏။
19:32 စေလွှတ်ခြင်းခံရသောသူတို့သည်လည်း ထွက်သွား၍ သူတို့အားကိုယ်တော်မိန့်တော်မူသည့်အတိုင်း တွေ့မြင်ကြ၏။
19:33 သူတို့သည် မြည်းကလေးကိုကြိုးဖြေနေကြစဉ် ၎င်း၏ပိုင်ရှင်တို့က “အဘယ်ကြောင့် မြည်းကလေးကိုကြိုးဖြေကြသနည်း”ဟု မေးကြ၏။
19:34 သူတို့ကလည်း “သခင်ဘုရားအလိုရှိသည်”ဟု ဖြေကြ၏။
19:35 ထို့နောက် မြည်းကလေးကို ယေရှုထံသို့ခေါ်ဆောင်လာပြီးလျှင် ၎င်းပေါ်၌ သူတို့၏အဝတ်များကိုခင်း၍ ယေရှုအားစီးစေကြ၏။
19:36 ကိုယ်တော်ကြွတော်မူစဉ်တွင် လူတို့သည် မိမိတို့၏ဝတ်ရုံများကို လမ်းပေါ်၌ခင်းကြ၏။
19:37 ကိုယ်တော်သည် သံလွင်တောင်၏အဆင်းလမ်းအနီးသို့ ရောက်တော်မူသောအခါ တပည့်တော်အစုအဝေးအပေါင်းတို့သည် မိမိတို့တွေ့မြင်ခဲ့ရသည့် တန်ခိုးလက္ခဏာအားလုံးအတွက် ဝမ်းမြောက်လျက် ကျယ်လောင်သောအသံဖြင့် ဘုရားသခင်ကိုချီးမွမ်းကာ
19:38 “ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်၌ ငြိမ်သက်ခြင်းရှိ၍ အမြင့်ဆုံးသောအရပ်၌ ဘုန်းကြီးတော်မူစေသတည်း”ဟု ကြွေးကြော်ကြ၏။
19:39 ထိုအခါ လူထုပရိသတ်ထဲမှ ဖာရိရှဲအချို့တို့က “ဆရာ၊ ဆရာ့တပည့်များကိုဆုံးမပါ”ဟု ကိုယ်တော်အားလျှောက်ကြ၏။
19:40 ကိုယ်တော်ကလည်း “သင်တို့အား ငါဆိုမည်။ ဤသူတို့တိတ်ဆိတ်စွာနေကြလျှင် ကျောက်ခဲတို့သည် ကြွေးကြော်ကြလိမ့်မည်” ဟု ပြန်၍မိန့်တော်မူ၏။
19:41 ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ရောက်လာ၍ ထိုမြို့ကိုမြင်တော်မူလျှင် ၎င်းအတွက် ငိုကြွေးလျက်
19:42 “သင်သာ ငြိမ်သက်ခြင်းကိုရစေသည့်အရာတို့ကို ယနေ့ပင်သိခဲ့လျှင်... သို့ရာတွင် ထိုအရာသည် ယခုသင်၏မျက်စိရှေ့မှ ကွယ်ဝှက်ထားခြင်းခံရ၏။
19:43 အကြောင်းမူကား သင်၏ရန်သူတို့သည် ကတုတ်တည်၍ သင့်ကိုဝိုင်းရံလျက် အဘက်ဘက်မှ သင့်ကိုပိတ်ဆို့ထားကာ
19:44 သင်မှစ၍ သင့်အထဲ၌ရှိသော သင်၏သားသမီးတို့ကို မြေနှင့်တစ်ညီတည်းဖြစ်စေသဖြင့် သင့်အထဲတွင် ကျောက်တုံးတစ်တုံးကိုမျှ အခြားကျောက်တုံးတစ်တုံးပေါ်၌မကျန်ရစ်စေမည့် အချိန်ကာလသည် ရောက်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင့်ထံ အကြည့်အရှုကြွလာတော်မူသောအချိန်ကို သင်မသိသောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။
19:45 ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်ထဲသို့ဝင်၍ ရောင်းဝယ်နေသောသူတို့ကို နှင်ထုတ်တော်မူပြီး
19:46 ထိုသူတို့အား “ ‘ငါ့အိမ်သည် ဆုတောင်းရာအိမ်ဖြစ်လိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသော်လည်း သင်တို့သည် ၎င်းကို ဓားပြတို့ခိုအောင်းရာဖြစ်စေကြပြီတကား” ဟု မိန့်တော်မူ၏။
19:47 ကိုယ်တော်သည် ဗိမာန်တော်၌ နေ့စဉ်နေ့တိုင်း သွန်သင်လျက်နေတော်မူ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် လူထုခေါင်းဆောင်များသည် ကိုယ်တော်ကိုသတ်ရန် ရှာကြံနေကြသော်လည်း
19:48 လူအပေါင်းတို့သည် ကိုယ်တော်ကို အာရုံစိုက်၍နားထောင်နေကြသောကြောင့် မည်သို့မျှမပြုနိုင်ကြချေ။