Luke 20
20:1 တစ်နေ့သ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူတို့အားသွန်သင်လျက် ကောင်းမြတ်သောသတင်းကိုဟောပြောတော်မူစဉ် ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် သက်ကြီးဝါကြီးများသည် ရောက်လာ၍
20:2 “သင်သည် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုသည်ကိုလည်းကောင်း၊ ထိုအခွင့်အာဏာကို မည်သူက သင့်အားပေးသည်ကိုလည်းကောင်း အကျွန်ုပ်တို့ကိုပြောပါ”ဟု ကိုယ်တော်အား ဆိုကြ၏။
20:3 ကိုယ်တော်ကလည်း “ငါသည်လည်း သင်တို့ကို မေးခွန်းတစ်ခုမေးဦးမည်။ ငါ့ကိုဖြေကြလော့။
20:4 ယောဟန်၏ဗတ္တိဇံသည် ကောင်းကင်မှဖြစ်သလော၊ သို့မဟုတ် လူတို့ထံမှဖြစ်သလော” ဟု ပြန်၍မေးတော်မူ၏။
20:5 ထိုအခါ သူတို့သည် အချင်းချင်းဆွေးနွေးကြကာ “ ‘ကောင်းကင်မှဖြစ်သည်’ဟု ငါတို့ပြောလျှင် သူက ‘အဘယ်ကြောင့် ယောဟန်ကိုမယုံကြသနည်း’ဟု ပြောလိမ့်မည်။
20:6 ‘လူတို့ထံမှဖြစ်သည်’ဟု ငါတို့ပြောလျှင်လည်း လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ကြသောကြောင့် သူတို့သည် ငါတို့ကို ခဲနှင့်ပေါက်သတ်ကြလိမ့်မည်”ဟု ပြောဆိုကြ၏။
20:7 ထို့ကြောင့် သူတို့က “အဘယ်ကဖြစ်သည်ကို အကျွန်ုပ်တို့မသိပါ”ဟု ပြန်ဖြေကြ၏။
20:8 ထိုအခါ ယေရှုက “ငါသည်လည်း ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း သင်တို့ကိုမပြော” ဟု သူတို့အား မိန့်တော်မူ၏။
20:9 ထို့နောက် ကိုယ်တော်သည် လူတို့အား ဤပုံဥပမာကိုပေး၍မြွက်ဆိုတော်မူသည်မှာ “လူတစ်ဦးသည် စပျစ်ခြံကိုစိုက်ပျိုး၍ ခြံသမားတို့အားငှားရမ်းပြီးလျှင် ကာလအတန်ကြာခရီးထွက်လေ၏။
20:10 အသီးပေါ်ချိန်ရောက်သောအခါ စပျစ်ခြံထွက်အသီးအချို့ကိုမိမိအားပေးစေရန် အစေအပါးတစ်ဦးကို ခြံသမားတို့ထံသို့ စေလွှတ်လေ၏။ သို့သော် ခြံသမားတို့သည် ထိုအစေအပါးကိုရိုက်နှက်ကာ လက်ချည်းသက်သက်ပြန်လွှတ်ကြ၏။
20:11 တစ်ဖန် အခြားအစေအပါးတစ်ဦးကို ထပ်၍စေလွှတ်လေ၏။ သို့သော် သူ့ကိုလည်းရိုက်နှက်၍ အရှက်ခွဲပြီးလျှင် လက်ချည်းသက်သက်ပြန်လွှတ်ကြ၏။
20:12 နောက်တစ်ဖန် တတိယအစေအပါးကို ထပ်၍စေလွှတ်လေ၏။ သို့သော် ထိုအစေအပါးကိုလည်း အနာတရဖြစ်စေပြီးမှ နှင်ထုတ်ကြ၏။
20:13 ထိုအခါ စပျစ်ခြံပိုင်ရှင်က ‘ငါမည်သို့ပြုရမည်နည်း။ ငါ၏ချစ်သားကို ငါစေလွှတ်မည်။ သူတို့သည် သူ့ကိုရိုသေကောင်းရိုသေကြလိမ့်မည်’ဟု ဆို၏။
20:14 သို့သော် ခြံသမားတို့သည် သူ့သားကိုမြင်လျှင် ‘ဤသူသည်အမွေခံဖြစ်၏။ အမွေသည် ငါတို့ဥစ္စာဖြစ်လာရန် သူ့ကိုသတ်ကြစို့’ဟု အချင်းချင်းဆွေးနွေးပြောဆိုကြပြီးလျှင်
20:15 သူ့ကို စပျစ်ခြံအပြင်သို့နှင်ထုတ်ကာ သတ်ပစ်ကြ၏။ သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်သည် ထိုသူတို့ကို မည်သို့ပြုမည်နည်း။
20:16 သူသည်လာ၍ ထိုခြံသမားတို့ကို အဆုံးစီရင်ကာ စပျစ်ခြံကို အခြားသောသူတို့အား ပေးလိမ့်မည်” ဟု မိန့်တော်မူ၏။ ကြားရသောသူတို့ကလည်း “ထိုသို့မဖြစ်ပါစေနှင့်”ဟု ဆိုကြ၏။
20:17 ကိုယ်တော်သည် သူတို့ကိုစူးစိုက်ကြည့်လျက် “ ‘တိုက်ဆောက်သူများပယ်ထားသောကျောက်သည် ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏’ ဟုရေးထားသောအရာသည် မည်သည့်အရာကိုဆိုလိုသနည်း။
20:18 ထိုကျောက်ပေါ်သို့ကျသောသူတိုင်းသည် အပိုင်းပိုင်းကျိုးလိမ့်မည်။ ထိုကျောက်သည် တစ်စုံတစ်ဦးအပေါ်သို့ကျလျှင် ထိုသူသည် ညက်ညက်ကြေလိမ့်မည်” ဟု မိန့်တော်မူ၏။
20:19 ကျမ်းပြုဆရာများနှင့် ယဇ်ပုရောဟိတ်အကြီးအကဲများသည် မိမိတို့အားရည်ညွှန်း၍ ဤပုံဥပမာကိုမိန့်တော်မူကြောင်း သိကြသဖြင့် ထိုအချိန်မှာပင် ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော် သူတို့သည် လူတို့ကိုကြောက်ကြ၏။
20:20 ထို့ကြောင့် သူတို့သည် ကိုယ်တော်ကိုစောင့်ကြည့်လျက် နှုတ်တော်ထွက်စကားတွင် အပြစ်ရှာ၍ ကိုယ်တော်ကို ဘုရင်ခံ၏အုပ်ချုပ်မှုအာဏာအောက်သို့ အပ်နှံနိုင်ရန် ဖြောင့်မတ်သူအဖြစ် ဟန်ဆောင်သောသူလျှိုများကို စေလွှတ်ကြ၏။
20:21 ထိုသူလျှိုတို့က “ဆရာ၊ ဆရာသည် မှန်ကန်စွာဟောပြောသွန်သင်၍ လူ့မျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီသွန်သင်ကြောင်း အကျွန်ုပ်တို့သိကြပါ၏။
20:22 ဆီဇာဧကရာဇ်ကို အကျွန်ုပ်တို့အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော”ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။
20:23 သို့သော် ကိုယ်တော်သည် သူတို့၏ပရိယာယ်ကိုသိတော်မူ၍
20:24 “ငါ့ကို ဒေနာရိတစ်ပြားပြကြလော့။ ၎င်းတွင် မည်သူ၏ပုံ၊ မည်သူ၏ကမ္ပည်းစာပါသနည်း” ဟု မေးတော်မူလျှင် သူတို့က “ဆီဇာဧကရာဇ်၏ပုံနှင့် ကမ္ပည်းစာပါပါသည်”ဟု လျှောက်ကြ၏။
20:25 ကိုယ်တော်ကလည်း “ဆီဇာဧကရာဇ်နှင့်ဆိုင်သောအရာများကို ဆီဇာဧကရာဇ်အားဆက်သ၍ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အားဆက်သကြလော့” ဟု မိန့်တော်မူ၏။
20:26 သူတို့သည် လူတို့ရှေ့တွင် ကိုယ်တော်၏စကားအမှားကို ကျော့ဖမ်း၍မရနိုင်သည့်အပြင် ကိုယ်တော်၏ဖြေကြားပုံကိုအံ့သြလျက် တိတ်ဆိတ်သွားကြ၏။
20:27 ထို့နောက် ရှင်ပြန်ထမြောက်ခြင်းမရှိဟုပြောကြသော ဇဒ္ဒုကဲအချို့တို့သည် ချဉ်းကပ်လာ၍
20:28 “ဆရာ၊ တစ်စုံတစ်ဦး၏အစ်ကိုသည် မယားရှိသော်လည်း သားသမီးမထွန်းကားဘဲ သေဆုံးသွားလျှင် ညီဖြစ်သူသည် မိမိအစ်ကို၏မျိုးဆက်ကိုပေါက်ဖွားစေရန် ထိုမိန်းမကိုယူရမည် ဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားခဲ့ပါသည်။
20:29 တစ်ခါက ညီအစ်ကိုခုနစ်ဦးရှိခဲ့ရာ အစ်ကိုအကြီးဆုံးသည် မိန်းမယူပြီး သားသမီးမထွန်းကားဘဲသေဆုံးသွားပါသည်။
20:30 ထိုအခါ ဒုတိယညီ၊
20:31 ထို့နောက် တတိယညီသည် ထိုမိန်းမကိုယူပါသည်။ ဤသို့ဖြင့် ခုနစ်ဦးစလုံး သားသမီးမထွန်းကားဘဲသေဆုံးသွားကြသည်။
20:32 နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးသွားပါသည်။
20:33 သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်ရာကာလ၌ ထိုမိန်းမသည် သူတို့ထဲမှ မည်သူ၏မယားဖြစ်ပါမည်နည်း။ အကြောင်းမူကား ခုနစ်ဦးစလုံး ထိုမိန်းမကို မယားအဖြစ်ပေါင်းဖက်ခဲ့ကြပါသည်”ဟု မေးလျှောက်ကြ၏။
20:34 ယေရှုကလည်း “မျက်မှောက်ကာလ၏သားသမီးတို့သည် ထိမ်းမြားစုံဖက်၍ ပေးစားဆောင်နှင်းတတ်ကြ၏။
20:35 သို့သော် တမလွန်ကာလသို့ဝင်စားရန်နှင့် သေသောသူတို့ထဲမှရှင်ပြန်ထမြောက်ရန် ထိုက်တန်သည်ဟုမှတ်ယူခြင်းခံရသောသူတို့သည် ထိမ်းမြားစုံဖက်ခြင်းကိုမပြု၊ ပေးစားဆောင်နှင်းခြင်းလည်းမရှိ။
20:36 နောက်တစ်ဖန် သေသည်ဟူ၍လည်းမရှိနိုင်ကြ။ အကြောင်းမူကား သူတို့သည် ကောင်းကင်တမန်များနှင့်တူကြ၏။ သူတို့သည် ရှင်ပြန်ထမြောက်ခြင်း၏သားများဖြစ်ကြသောကြောင့် ဘုရားသခင်၏သားများလည်းဖြစ်ကြ၏။
20:37 မောရှေသည်လည်း ချုံပုတ်အကြောင်းရေးထားသောအခန်းတွင် ထာဝရဘုရားကို ‘အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရား’ ဟုခေါ်၍ သေလွန်သောသူတို့၏ထမြောက်ခြင်းအကြောင်းကို ဖော်ပြခဲ့၏။
20:38 ဘုရားသခင်သည် သေလွန်သောသူတို့၏ဘုရားမဟုတ်ဘဲ အသက်ရှင်သောသူတို့၏ဘုရားဖြစ်၏။ အကြောင်းမူကား လူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်လျက်ရှိကြ၏” ဟု မိန့်တော်မူ၏။
20:39 ထိုအခါ ကျမ်းပြုဆရာအချို့တို့က “ဆရာ၊ ဆရာသည် လျောက်ပတ်စွာဖြေကြားလေပြီ”ဟု လျှောက်ကြ၏။
20:40 ထိုအချိန်မှစ၍ သူတို့သည် ကိုယ်တော်အား မည်သည့်အရာကိုမျှ မမေးဝံ့တော့ချေ။
20:41 ထို့နောက် ကိုယ်တော်က “ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု မည်သို့ပြောဆိုနိုင်ကြမည်နည်း။
20:42 အကြောင်းမူကား ဒါဝိဒ်ကိုယ်တိုင်သည် ဆာလံကျမ်းတွင် ‘ထာဝရဘုရားသည် ငါ၏သခင်အား
20:43 သင့်ရန်သူတို့ကို သင်၏ခြေတင်ခုံအဖြစ် ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟု မိန့်တော်မူ၏’ ဟူ၍ ဆိုထား၏။
20:44 ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟု ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ သူ၏သားဖြစ်နိုင်မည်နည်း” ဟု မိန့်တော်မူ၏။
20:45 လူအပေါင်းတို့သည် နားထောင်လျက်နေကြစဉ် ကိုယ်တော်သည် တပည့်တော်တို့အား
20:46 “ကျမ်းပြုဆရာတို့ကို သတိထားကြလော့။ သူတို့သည် ဝတ်လုံကိုဝတ်လျက် သွားလာရန် အလိုရှိကြ၍ ဈေးအရပ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း၊ ဝတ်ပြုစည်းဝေးကျောင်းများ၌ အထူးထိုင်ခုံများကိုလည်းကောင်း၊ စားသောက်ပွဲများ၌ အထူးနေရာများကိုလည်းကောင်း နှစ်သက်ကြ၏။
20:47 သူတို့သည် မုဆိုးမတို့၏အိမ်ကိုမတရားသိမ်းယူပြီး ဟန်ပြ၍ ရှည်လျားစွာဆုတောင်းတတ်ကြ၏။ သူတို့သည် ပို၍ကြီးလေးသောပြစ်ဒဏ်စီရင်ခြင်းကို ခံကြရလိမ့်မည်” ဟု မိန့်တော်မူ၏။