Deuteronomy 15
15:1 ခုနစ်နှစ်ပြည့်သောအခါတိုင်း အကြွေးလျှော်ပစ်ခြင်းကို ပြုရမည်။
15:2 အကြွေးလျှော်ပစ်ခြင်းကား ဤသို့တည်း။ အကြွေးလျှော်ပစ်ခြင်းကိုပြုရန် ထာဝရဘုရားမိန့်မှာထားသည်ဖြစ်၍ မိမိအိမ်နီးချင်းအား ချေးငှားပေးထားသည့်ကြွေးရှင်တိုင်းသည် အကြွေးကိုလျှော်ပစ်ရမည်။ မိမိအိမ်နီးချင်း၊ မိမိညီအစ်ကိုထံမှ အကြွေးပြန်မတောင်းရ။
15:3 တစ်ပါးအမျိုးသားထံမှ တောင်းခွင့်ရှိ၏။ ညီအစ်ကို၏အကြွေးကိုမူကား သင်လျှော်ပစ်ရမည်။
15:4 သင့်အား သင်၏ဘုရားသခင်ထာဝရဘုရား အမွေအဖြစ်အပိုင်ပေးတော်မူသောပြည်၌ ထာဝရဘုရားသည် သင့်ကို အမှန်ပင်ကောင်းချီးပေးတော်မူမည်ဖြစ်၍ သင်၌ နွမ်းပါးသောသူ ရှိမည်မဟုတ်။
15:5 သို့သော် သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို သေချာစွာနားထောင်၍ ယနေ့ သင့်အား ငါမှာကြားသော ဤပညတ်တော်ရှိသမျှကို လိုက်နာစောင့်ထိန်းမှသာ ထိုကောင်းချီးများကိုရရှိမည်။
15:6 သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အား ကတိထားတော်မူသည့်အတိုင်း သင့်ကို ကောင်းချီးပေးတော်မူမည်ဖြစ်၍ သင်သည် လူမျိုးများစွာတို့အား ချေးငှားရလိမ့်မည်။ ချေးယူရမည်မဟုတ်။ သင်သည် လူမျိုးများစွာတို့ကို အုပ်စိုးရလိမ့်မည်။ သူတို့သည် သင့်ကို အုပ်စိုးရမည်မဟုတ်။
15:7 သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ရှိမြို့တစ်မြို့၌ နွမ်းပါးသောသင်၏ညီအစ်ကိုတစ်စုံတစ်ယောက်ရှိလျှင် ထိုနွမ်းပါးသောညီအစ်ကိုအပေါ် ကြင်နာစိတ်မကင်းမဲ့နှင့် ၊ မတွန့်တိုနှင့်။
15:8 သင်သည် မတွန့်တိုဘဲ ထိုသူလိုအပ်သည့်အရာကို လုံလုံလောက်လောက် ရက်ရက်ရောရောချေးငှားပေးရမည်။
15:9 သင်သည် ‘အကြွေးလျှော်ပစ်ခြင်းနှစ်ဖြစ်သော ခုနစ်နှစ်မြောက်သောနှစ်ရောက်လုနီးပြီ’ဟု တွေးလျက် နွမ်းပါးသော သင်၏ညီအစ်ကိုအား မကြည်ဖြူ၊ ဘာမျှမပေးဘဲနေခြင်းဖြင့် ဆိုးညစ်သောစိတ် မဝင်မိစေရန်သတိပြုလော့။ သို့မဟုတ်လျှင် သူသည် ထာဝရဘုရားထံဟစ်အော်သဖြင့် သင့်အပေါ်အပြစ်သက်ရောက်မည်။
15:10 သူ့အား ပေးကမ်းသောအခါ မကြည်ဖြူသောစိတ်မရှိဘဲ ကြည်ကြည်ဖြူဖြူပေးကမ်းရမည်။ ဤအမှုကိုထောက်၍ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ပြုမူလုပ်ဆောင်လေရာရာ၌ သင့်အား ကောင်းချီးပေးတော်မူမည်။
15:11 သင့်ပြည်၌ နွမ်းပါးသောသူသည် ပပျောက်လိမ့်မည်မဟုတ်။ ထို့ကြောင့် ‘သင့်ပြည်၌ရှိသည့် ဆင်းရဲနွမ်းပါးသော သင်၏ညီအစ်ကိုအပေါ် မတွန့်တိုရ’ဟု သင့်အား ငါမိန့်မှာ၏။
15:12 သင်၏အမျိုးသားချင်းဖြစ်သော ဟေဗြဲအမျိုးသား၊ သို့မဟုတ် ဟေဗြဲအမျိုးသမီးသည် သင့်ထံ၌ အရောင်းခံရ ပါက ထိုသူသည် ခြောက်နှစ်အစေခံ၍ ခုနစ်နှစ်မြောက်၌ သူ့ကို လွတ်လပ်သောသူအဖြစ် သင့်ထံမှထွက်သွားခွင့်ပြုရမည်။
15:13 သင်သည် ထိုသူကို လွတ်လပ်သောသူအဖြစ် သင့်ထံမှထွက်သွားခွင့်ပြုသောအခါ သူ့အား လက်ချည်းသက်သက်မလွှတ်ရ။
15:14 သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား ကောင်းချီးပေးတော်မူသည့်အလျောက် သင်၏သိုးဆိတ်၊ ကောက်နယ်တလင်းမှကောက်ပဲသီးနှံ၊ စပျစ်သီးနယ်ရာကျင်းမှစပျစ်ဝိုင်တို့ကို သူ့အား ရက်ရောစွာမစပေးကမ်းရမည်။
15:15 သင်သည် အီဂျစ်ပြည်၌ ကျွန်ဖြစ်ခဲ့၍ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို ရွေးနုတ်တော်မူခဲ့ကြောင်းကို အောက်မေ့လော့။ ထို့အတွက်ကြောင့်လည်း ဤပညတ်တော်ကို ယနေ့ သင့်အား ငါမှာကြားခြင်းဖြစ်၏။
15:16 သို့ရာတွင် ထိုသူသည် သင်နှင့် သင်၏မိသားစုကိုချစ်သောကြောင့်၊ သင့်ထံ၌နေပျော်သောကြောင့် ‘အကျွန်ုပ်သည် သင့်ထံမှ မထွက်သွားလိုပါ’ဟု ဆိုလျှင်
15:17 သင်သည် စူးကိုယူပြီး သူ၏နားရွက်ကို တံခါး၌ကပ်၍ ဖောက်ရမည်။ ထိုအခါ သူသည် သင်၏ကျွန် အစဉ်အမြဲဖြစ်လိမ့်မည်။ သင်၏ကျွန်မိန်းမကိုလည်း ထိုနည်းတူပြုရမည်။
15:18 ထိုသူသည် သူရင်းငှား၏လုပ်အားခနှစ်ဆဖြင့် သင့်ကို ခြောက်နှစ်ကျွန်ခံခဲ့ပြီဖြစ်သောကြောင့် သင်သည် ထိုသူကို လွတ်လပ်သောသူအဖြစ် သင့်ထံမှထွက်သွားခွင့်ပြုရမည်ကို ခက်ခဲသည်ဟု မထင်နှင့်။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ပြုလေရာရာ၌ သင့်ကိုကောင်းချီးပေးတော်မူမည်။
15:19 သင်၏နွား၊ သင်၏သိုးတို့မှမွေးသော သားဦးအထီးရှိသမျှကို သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းစေရမည်။ နွားသားဦးကို မခိုင်းရ။ သိုးသားဦးကို အမွေးမညှပ်ရ။
15:20 သင်နှင့်သင်၏အိမ်သူအိမ်သားတို့သည် ထိုနွားသားဦး၊ သိုးသားဦးတို့ကို သင်၏ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ နှစ်စဉ်နှစ်တိုင်းစားရမည်။
15:21 အကယ်၍ ထိုအကောင်သည် ခြေမသန်ခြင်း၊ မျက်စိမမြင်ခြင်း စသည့် ဆိုးရွားသောအနာအဆာတစ်စုံတစ်ရာဖြစ်နေလျှင် ထိုအနာအဆာရှိသောအကောင်ကို သင်၏ဘုရားသခင်ထာဝရဘုရားအား ယဇ်မပူဇော်ရ။
15:22 ထိုအကောင်ကို သင်၏မြို့တံခါးအတွင်း၌ စားရမည်။ သမင်၊ ဒရယ်အသားကိုစားခွင့်ရှိသကဲ့သို့ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့ အတူတကွစားခွင့်ရှိ၏။
15:23 သွေးကိုမစားရ။ ရေကဲ့သို့ မြေပေါ်မှာ သွန်ပစ်ရမည်။