Deuteronomy 16
16:1 သင်၏ဘုရားသခင်ထာဝရဘုရားသည် အဗိဗလ၊ ညအချိန်တွင် သင့်ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သည်ဖြစ်၍ အဗိဗလကို အလေးထားလျက် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲကို ကျင်းပရမည်။
16:2 နာမတော်ကိန်းဝပ်ရာအဖြစ် ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌ သိုး၊ နွား တို့ကို ပသခါယဇ်အဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားထံ ပူဇော်ရမည်။
16:3 သင်သည် အီဂျစ်ပြည်မှ အလျင်စလိုထွက်လာသောကြောင့် တဆေးမဲ့ဆင်းရဲဒုက္ခမုန့်ကိုစားခဲ့ရ၏။ သို့ဖြစ်၍ သင်အသက်ရှင်သမျှကာလပတ်လုံး အီဂျစ်ပြည်မှထွက်လာသောနေ့ကိုအောက်မေ့မည့်အကြောင်း ခုနစ်ရက်ပတ်လုံး ပသခါယဇ်ကိုတဆေးမဲ့မုန့်နှင့်စားရမည်။
16:4 ခုနစ်ရက်ပတ်လုံး သင်၏နယ်မြေတစ်ခွင်လုံးတွင် တဆေးကို မတွေ့မြင်ရစေနှင့်။ ပထမနေ့၊ နေဝင်ချိန်၌ပူဇော်သောယဇ်ကောင်၏အသားကို ညတာလွန်၍ နံနက်တိုင်အောင် မကြွင်းကျန်စေရ။
16:5 သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသော မည်သည့်မြို့၌မျှ ပသခါယဇ်ကို မပူဇော်ရ။
16:6 ထိုပသခါယဇ်ကို အီဂျစ်ပြည်မှသင်ထွက်လာသောအချိန်ဖြစ်သည့် ညနေနေဝင်ချိန်မျိုးတွင် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောအရပ်၌သာ ပူဇော်ရမည်။
16:7 ထိုယဇ်ကောင်ကို သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌ချက်ပြုတ်စားရမည်။ နံနက်အချိန်ရောက်မှ သင်သည် မိမိ၏တဲသို့ပြန်သွားရမည်။
16:8 ခြောက်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရမည်။ သတ္တမနေ့၌ သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ဓမ္မစည်းဝေးပွဲကြီးကို ကျင်းပရမည်။ အလုပ်မလုပ်ရ။
16:9 သင်သည် ရက်သတ္တပတ်ခုနစ်ပတ်ကို မိမိဘာသာမိမိရေတွက်ရမည်။ ကောက်ပဲသီးနှံစတင်ရိတ်သိမ်းချိန်မှစ၍ ရေတွက်ရမည်။
16:10 သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားကောင်းချီးပေးတော်မူသည်နှင့်အညီ စေတနာအလျောက်ပူဇော်သောလှူဖွယ်ဝတ္ထုကို ပေးလှူခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ခုနစ်သီတင်းမြောက်ပွဲတော်ကို ကျင်းပရမည်။
16:11 သင်မှစ၍ သင့်သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင့်မြို့အတွင်းရှိ လေဝိအမျိုးနှင့် သင်၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာတွင် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ရမည်။
16:12 သင်သည် အီဂျစ်ပြည်၌ ကျွန်ဖြစ်ခဲ့ကြောင်းကို အောက်မေ့၍ ဤပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရမည်။
16:13 သင်သည် သင်၏ကောက်နယ်တလင်းမှ ကောက်ပဲသီးနှံ၊ စပျစ်သီးနယ်ရာကျင်းမှစပျစ်ဝိုင်တို့ကိုသိမ်းပြီးသောအခါ ခုနစ်ရက်ပတ်လုံး ယာယီတဲစုပွဲတော်ကို ကျင်းပရမည်။
16:14 သင်၏ပွဲတော်၌ သင်မှစ၍ သင့်သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင့်မြို့အတွင်းရှိ လေဝိအမျိုး၊ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် ဝမ်းမြောက်ရမည်။
16:15 သင်သည် ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ခုနစ်ရက်ပတ်လုံး ပွဲတော်ကျင်းပရမည်။ သို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်၏အသီးအနှံအားလုံး၊ သင်ပြုသောအမှုဟူသမျှကို ကောင်းချီးပေးတော်မူ၍ သင်သည် အလွန်ဝမ်းမြောက်ရလိမ့်မည်။
16:16 ယောက်ျားအပေါင်းတို့သည် တဆေးမဲ့မုန့်ပွဲတော်၌တစ်ကြိမ်၊ ခုနစ်သီတင်းမြောက်ပွဲတော်၌တစ်ကြိမ်၊ ယာယီတဲစုပွဲတော်၌တစ်ကြိမ် တစ်နှစ်လျှင်သုံးကြိမ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ထာဝရဘုရား၏ရှေ့တော်၌ မျက်နှာလာပြရမည်။ ထာဝရဘုရား၏ရှေ့တော်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။
16:17 သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အား ကောင်းချီးမင်္ဂလာပေးတော်မူသည်နှင့်အညီ အသီးသီးတတ်နိုင်သည့်အတိုင်း ပူဇော်သက္ကာယူဆောင်လာရမည်။
16:18 သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမြို့ရှိသမျှတို့တွင် တရားသူကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများကို မျိုးနွယ်အလိုက် သင်ခန့်ထားရမည်။ သူတို့သည် လူတို့ကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
16:19 သင်သည် တရားမျှတခြင်းမှမသွေဖည်ရ၊ မျက်နှာမလိုက်ရ၊ တံစိုးလက်ဆောင်ကို လက်မခံရ။ အကြောင်းမူကား တံစိုးလက်ဆောင်သည် ပညာရှိ၏မျက်စိကို ကန်းစေ၍ ဖြောင့်မတ်သောစကားကို မှားယွင်းချွတ်ချော်စေတတ်၏။
16:20 သင်သည် အသက်ချမ်းသာရာရလျက် သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို ပိုင်ဆိုင်ရမည့်အကြောင်း ဖြောင့်မတ်ခြင်းတစ်ခုတည်းကိုသာ လက်ကိုင်ပြုရမည်။
16:21 သင်တည်ဆောက်မည့် သင်၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ဘေး၌ အာရှရနတ်ဘုရားမတံခွန်တိုင်အဖြစ် မည်သည့်သစ်ပင်ကိုမျှ မစိုက်ရ။
16:22 သင်၏ဘုရားသခင်ထာဝရဘုရားမုန်းတော်မူသော ကျောက်တိုင်ကို မစိုက်ထူရ။