Joshua 14
14:1 ခါနာန်ပြည်တွင် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သား ယောရှုနှင့် အစ္စရေးအမျိုးအနွယ်တို့၏အိမ်ထောင်စုအကြီးအမှူးများက အမွေခွဲပေး၍ အစ္စရေးအမျိုးသားတို့ ရရှိသောအမွေမြေကား ဤသို့တည်း။
14:2 မောရှေအား ထာဝရဘုရား မိန့်မှာခဲ့သည့်အတိုင်း အစ္စရေးအမျိုးအနွယ် ကိုးနွယ်နှင့်တစ်ဝက်တို့အား အမွေမြေကို မဲချခွဲဝေပေး၏။
14:3 မောရှေသည် အစ္စရေးအမျိုးအနွယ် နှစ်နွယ်နှင့်တစ်ဝက်ကို ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင် အမွေမြေပေးခဲ့ပြီးဖြစ်၏။ လေဝိအမျိုးကိုကား အမွေမြေ မခွဲပေး။
14:4 ယောသပ်၏သားတို့သည် မနာရှေအမျိုးအနွယ်နှင့် ဧဖရိမ်အမျိုးအနွယ်ဟူ၍ အမျိုးအနွယ်နှစ်နွယ်ဖြစ်လာ၏။ လေဝိအမျိုးကို အမွေမြေ မခွဲပေးသော်လည်း သူတို့နေစရာမြို့နှင့် သူတို့ပိုင်ဆိုင်သောတိရစ္ဆာန်များအတွက် စားကျက်မြေများကိုမူ ပေးထား၏။
14:5 အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရား မိန့်မှာထားသည့်အတိုင်း ပြု၍ အမွေမြေကို ခွဲဝေယူကြ၏။
14:6 တစ်နေ့တွင် ယုဒအမျိုးသားတို့သည် ဂိလဂါလအရပ်ရှိ ယောရှုထံသို့ လာ၍ ကေနက်အမျိုး၊ ယေဖုန္နာ၏သား ကာလက်က “ကာဒေရှဘာနာအရပ်၌ ထာဝရဘုရားသည် သင်နှင့်ကျွန်ုပ်ကို ရည်ညွှန်း၍ ဘုရားသခင်၏လူမောရှေအား မိန့်တော်မူခဲ့သည့်စကားများကို သင်သိပါ၏။
14:7 ထာဝရဘုရား၏အစေအပါးမောရှေက အကျွန်ုပ်အား ဤပြည်ကိုစူးစမ်းရန် ကာဒေရှဗာနာအရပ်မှ စေလွှတ်စဉ်က အကျွန်ုပ်အသက် လေးဆယ် ရှိပါ၏။ အကျွန်ုပ် အမှန်အတိုင်း ပြန်လည်လျှောက်တင်ခဲ့ပါ၏။
14:8 သို့သော် အကျွန်ုပ်နှင့်အတူ လိုက်သွားသောညီအစ်ကိုတို့သည် လူတို့ကို စိတ်ပျက်အားလျော့စေခဲ့ပါ၏။ အကျွန်ုပ်ကား ဘုရားသခင်ထာဝရဘုရားနောက်တော်သို့ အစဉ်တစ်စိုက်လိုက်ပါ၏။
14:9 ထို့ကြောင့် ထိုနေ့တွင် မောရှေက ‘သင်သည် ငါ၏ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ အစဉ်တစ်စိုက်လိုက်သောကြောင့် သင်ခြေချသောမြေသည် သင်နှင့်သင့်သားမြေးတို့အတွက် အမွေမြေအစဉ်ဖြစ်ရမည်’ဟု ကျိန်ဆိုခဲ့ပါ၏။
14:10 ယခု ကြည့်ရှုလော့။ အစ္စရေးလူမျိုးတို့ တောကန္တာရတွင်လှည့်လည်နေစဉ် ဤအကြောင်းအရာကို မောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သည့်အချိန်မှစ၍ ယခုချိန်ထိ ထာဝရဘုရားသည် အကျွန်ုပ်ကို လေးဆယ့်ငါးနှစ်ပတ်လုံးအသက်ရှင်စေခဲ့ပါ၏။ ယနေ့မှာ အကျွန်ုပ်အသက် ရှစ်ဆယ့်ငါးနှစ် ရှိပါပြီ။
14:11 အကျွန်ုပ်အား မောရှေစေလွှတ်ခဲ့သောနေ့ကကဲ့သို့ပင် ယခု အကျွန်ုပ် သန်မာဆဲရှိပါ၏။ စစ်ချီထွက်ရန်၊ စစ်တိုက်ရန် ယခင်က ခွန်အားရှိသကဲ့သို့ ယခုလည်း ရှိပါ၏။
14:12 ထို့ကြောင့် ထိုနေ့က ထာဝရဘုရား ကတိထားတော်မူခဲ့သော ဤတောင်ပေါ်ဒေသကို အကျွန်ုပ်အား ပေးပါလော့။ ထိုနေရာ၌ အာနကလူမျိုးများနေထိုင်ကြကြောင်း၊ ကြီးမားခိုင်ခံ့သောမြို့များရှိကြောင်း ထိုနေ့က သင်ကြားသိခဲ့ရပါ၏။ သို့သော် ထာဝရဘုရားသည် အကျွန်ုပ်နှင့်အတူ ပါရှိတော်မူသဖြင့် ထာဝရဘုရားအမိန့်တော်အတိုင်း ထိုသူတို့ကို နှင်ထုတ်ပါမည်”ဟု ဆိုလေ၏။
14:13 ယောရှုသည် ယေဖုန္နာ၏သား ကာလက်ကို ကောင်းချီးပေး၍ ဟေဗြုန်မြို့ကိုလည်း အမွေမြေအဖြစ် ပေးလေ၏။
14:14 ထိုသို့ ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားနောက်တော်သို့ အစဉ်တစိုက်လိုက်သောကြောင့် ဟေဗြုန်မြို့သည် ယနေ့တိုင်အောင် သူ၏အမွေမြေဖြစ်လေ၏။
14:15 ယခု ဟေဗြုန် ဟုခေါ်သောမြို့သည် ယခင်က ကိရယအာဘမြို့ဟုခေါ်၏။ အာဘသည် အာနကလူမျိုးတို့တွင် အကြီးအကဲဖြစ်၏။ ထို့နောက်တွင် တစ်ပြည်လုံး စစ်ငြိမ်းလေ၏။