Joshua 15
15:1 ယုဒအမျိုးအနွယ်သည် မဲချ၍မျိုးနွယ်စုအလိုက် ရသောအမွေမြေမှာ ဤသို့ဖြစ်၏။ တောင်ဘက်စွန်းရှိ ဇိနတောကန္တာရမှ ဧဒုံနယ်နိမိတ်အထိဖြစ်၏။
15:2 တောင်ဘက်နယ်နိမိတ်မှာ ဆားပင်လယ်အစွန်း၊ တောင်ဘက်ပင်လယ်အော်မှ
15:3 အကရဗ္ဗိမ်တောင်ကုန်းရှိရာတောင်ဘက်သို့ ကွေ့သွားပြီး ဇိနတောကိုဖြတ်သွားကာ ကာဒေရှဗာနာတောင်ဘက်သို့ တက်သွား၏။ ထိုမှ ဟေဇရုန်အရပ်ကိုကျော်၍ အာဒါအရပ်သို့ တက်သွားပြီး ကာကာအရပ်သို့ရောက်၏။
15:4 ထိုမှတစ်ဖန် အာဇမုန်အရပ်ကိုကျော်၍ အီဂျစ်ချောင်းအတိုင်းဆက်သွားကာ ပင်လယ်၌ နယ်နိမိတ်ဆုံး၏။ ဤသည်ကား ယုဒအမျိုးအနွယ်တို့၏တောင်ဘက်နယ်နိမိတ်ဖြစ်၏။
15:5 အရှေ့ဘက်နယ်နိမိတ်မှာ ဆားပင်လယ်မှ ဂျော်ဒန်မြစ်ဝအထိဖြစ်၏။ မြောက်ဘက်နယ်နိမိတ်မှာ ဂျော်ဒန်မြစ်ဝရှိ ပင်လယ်အော်တွင် အစပြု၏။
15:6 ထိုမှ နယ်နိမိတ်သည် ဗက်ဟောဂလအရပ်သို့ တက်သွားပြီး မြောက်ဘက်ဗေသရာဗအရပ်သို့ ဆက်သွား၏။ ထိုမှ နယ်နိမိတ်သည် ရုဗင်အမျိုးသား ဗောဟန်၏ကျောက်တိုင်ရှိရာသို့ တက်သွား၏။
15:7 တစ်ဖန် နယ်နိမိတ်သည် အာခေါ်ချိုင့်ဝှမ်းမှ ဒေဗိရဘက်သို့ တက်သွား၍ ချိုင့်ဝှမ်းတောင်ဘက်ရှိ အဒုမ္မိမ်တောင်ကုန်းမျက်နှာချင်းဆိုင် မြောက်ဘက်ဂိလဂါလအရပ်သို့ လှည့်သွား၏။ ထိုမှ နယ်နိမိတ်သည် အင်ရှေမက်စမ်းရေတွင်းကိုဖြတ်၍ အင်္ရောဂေလအရပ်၌ ဆုံး၏။
15:8 တစ်ဖန် နယ်နိမိတ်သည် ဗင်ဟိန္နုံချိုင့်ဝှမ်းမှ ဂျေရုဆလင် ခေါ် ယေဗုသိမြို့တောင်ဘက်ရှိ တောင်စောင်းတစ်လျှောက် တက်သွား၏။ ထိုမှ နယ်နိမိတ်သည် ရေဖိမ်ချိုင့်ဝှမ်း၏မြောက်ဘက်အဆုံးရှိ ဟိန္နုံချိုင့်ဝှမ်း၏အနောက်ဘက်နှင့်မျက်နှာချင်းဆိုင်သော တောင်ထိပ်အထိ တက်သွား၏။
15:9 တစ်ဖန် နယ်နိမိတ်သည် ထိုတောင်ထိပ်မှ နေဖတောစမ်းရေတွင်းသို့ ကွေ့သွား၍ ဧဖရုန်တောင်ရှိ မြို့များသို့ရောက်၏။ ထိုမှ နယ်နိမိတ်သည် ကိရယတ်ယာရိမ် ခေါ် ဗာလာအရပ်သို့ ကွေ့သွား၏။
15:10 တစ်ဖန် နယ်နိမိတ်သည် ဗာလာအရပ်မှ စိရတောင်ရှိရာအနောက်ဘက်သို့ကွေ့သွား၏။ ထိုမှ ခေသလုန် ခေါ် မြောက်ဘက်ယာရိမ်တောင်စောင်းတစ်လျှောက်ကိုဖြတ်၍ ဗက်ရှေမက်မြို့သို့ဆင်းလာပြီး တိမနတ်မြို့ကို ဖြတ်သွား၏။
15:11 တစ်ဖန် နယ်နိမိတ်သည် ဧကြုန်မြောက်ဘက်တောင်စောင်းတစ်လျှောက် တက်သွား၏။ ထိုမှ နယ်နိမိတ်သည် ရှိကြုန်အရပ်သို့ကွေ့သွားပြီး ဗာလာတောင်ကိုဖြတ်၍ ယာဗနေလအရပ်သို့ဆက်သွား၏။ ထိုမှ နယ်နိမိတ်သည် ပင်လယ်၌ဆုံးလေ၏။
15:12 အနောက်ဘက်နယ်နိမိတ်သည် မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ဖြစ်၏။ ဤရွေ့ကား ယုဒအမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောနယ်မြေအပိုင်းအခြားဖြစ်၏။
15:13 ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်း ယောရှုသည် ယေဖုန္နာ၏သားကာလက်အား ယုဒအမျိုးသားအမွေမြေထဲမှ ဟေဗြုန် ခေါ် ကိရယအာဘမြို့ကို ခွဲဝေပေးလေ၏။ အာဘသည် အာနက၏ဖခင်ဖြစ်၏။
15:14 ကာလက်သည် အာနကအနွယ်ဝင် အာနက၏သားသုံးယောက်ဖြစ်သော ရှေရှဲ၊ အဟိမန်၊ တာလမဲ တို့ကို ထိုပြည်မှ နှင်ထုတ်၏။
15:15 ထို့နောက် ကာလက်သည် ထိုပြည်မှ ဒေဗိရမြို့သို့ ချီတက်သွား၏။ ဒေဗိရမြို့ကို ယခင်က ကိရယဿေဖာမြို့ ဟုခေါ်၏။
15:16 ကာလက်က “ကိရယဿေဖာမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်သောသူအား ငါ့သမီးအာခသနှင့် ပေးစားမည်”ဟု ဆို၏။
15:17 ကာလက်၏ညီ ကေနတ်၏သား ဩသံယေလက ထိုမြို့ကိုသိမ်းပိုက်နိုင်သဖြင့် ကာလက်သည် ဩသံယေလအား သမီးအာခသနှင့် ပေးစားလေ၏။
15:18 အာခသသည် ခင်ပွန်းနှင့်လိုက်သွားစဉ် မိမိဖခင်ထံမှလယ်တစ်ကွက်ကို တောင်းရန် ခင်ပွန်းသည်အားဆို၏။ အာခသသည် မြည်းပေါ်မှဆင်းသောအခါ ကာလက်က “ဘာအလိုရှိသနည်း”ဟု မေး၏။
15:19 သူကလည်း “ကောင်းချီးတစ်ခု တောင်းပါရစေ။ ကျွန်မအား နေဂေ့အရပ်မှမြေကို အဖေပေးပြီ။ စမ်းရေတွင်းကိုလည်း ပေးပါဦးလော့”ဟု ဆို၏။ ထို့ကြောင့် ကာလက်သည် သူ၏သမီးအား အထက်စမ်းရေတွင်းများနှင့်တကွ အောက်စမ်းရေတွင်းများကိုပါ ပေးလေ၏။
15:20 ယုဒအမျိုးသားတို့ မျိုးနွယ်စုအလိုက်ရသောအမွေမြေမှာ ဤသို့ဖြစ်၏။
15:21 ယုဒအမျိုးအနွယ်ပိုင်သောမြို့များကား တောင်ဘက်စွန်း ဧဒုံနယ်စပ်ရှိမြို့များဖြစ်သော ကပ်ဇေလမြို့၊ ဧဒေမြို့၊ ယာဂုရမြို့၊
15:22 ကိနမြို့၊ ဒိမောနမြို့၊ အာဒဒါမြို့၊
15:23 ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဣသနန်မြို့၊
15:24 ဇိဖမြို့၊ တေလင်မြို့၊ ဗာလုတ်မြို့၊
15:25 ဟာဇော်ဟဒတ္တာမြို့၊ ဟာဇော်မြို့ ခေါ် ကေရုတ်ဟေဇရုန်မြို့၊
15:26 အာမန်မြို့၊ ရှေမမြို့၊ မောလဒါမြို့၊
15:27 ဟာဇာဂဒ္ဒမြို့၊ ဟေရှမုန်မြို့၊ ဗက်ပါလက်မြို့၊
15:28 ဟာဇာရွာလမြို့၊ ဗေရရှေဘမြို့၊ ဗိဇ္ဇောသယာမြို့၊
15:29 ဗာလာမြို့၊ ဣအိမ်မြို့၊ ဧဇင်မြို့၊
15:30 ဧလတောလဒ်မြို့၊ ခေသိလမြို့၊ ဟောမာမြို့၊
15:31 ဇိကလတ်မြို့၊ မာဒမေနမြို့၊ သံသန္နာမြို့၊
15:32 လေဗောက်မြို့၊ ရှိလဟိမ်မြို့၊ အဣနမြို့၊ ရိမ္မုန်မြို့ စသည့်မြို့ပေါင်း နှစ်ဆယ့်ကိုးမြို့နှင့်ရွာများ ပါ၏။
15:33 မြေနိမ့်ဒေသဘက်တွင် ဧရှတောလမြို့၊ ဇောရာမြို့၊ အာရှနာမြို့၊
15:34 ဇာနောမြို့၊ အင်္ဂန္နိမ်မြို့၊ တာပွာမြို့၊ ဧနံမြို့၊
15:35 ယာမုတ်မြို့၊ အဒုလံမြို့၊ စောခေါမြို့၊ အဇေကာမြို့၊
15:36 ရှာရိမ်မြို့၊ အဒိသိမ်မြို့၊ ဂဒေရမြို့၊ ဂဒေရောသိမ်မြို့ စသည့်မြို့ပေါင်း တစ်ဆယ့်လေးမြို့နှင့်ရွာများ ပါ၏။
15:37 ဇေနန်မြို့၊ ဟဒါရှမြို့၊ မိဂဒလဂဒ်မြို့၊
15:38 ဒိလန်မြို့၊ မိဇပါမြို့၊ ယောကသေလမြို့၊
15:39 လာခိရှမြို့၊ ဗောဇကတ်မြို့၊ ဧဂလုန်မြို့၊
15:40 ကဗ္ဗုန်မြို့၊ လာမံမြို့၊ ကိသလိတ်မြို့၊
15:41 ဂေဒရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့၊ မက္ကဒါမြို့ စသည့်မြို့ပေါင်း တစ်ဆယ့်ခြောက်မြို့နှင့်ရွာများ ပါ၏။
15:42 လိဗနမြို့၊ ဧသာမြို့၊ အာရှန်မြို့၊
15:43 ယိဖတမြို့၊ အာရှနာမြို့၊ နေဇိပ်မြို့၊
15:44 ကိလမြို့၊ အာခဇိပ်မြို့၊ မရေရှမြို့ စသည့်မြို့ပေါင်းကိုးမြို့နှင့်ရွာများ ပါ၏။
15:45 ဧကြုန်မြို့နှင့် ထိုမြို့ဝန်းကျင်ရှိမြို့ရွာများ၊
15:46 ဧကြုန်မြို့မှပင်လယ်အထိ၊ အာဇုတ်မြို့အနီးရှိ မြို့အားလုံးနှင့်ရွာများ
15:47 အာဇုတ်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အီဂျစ်ချောင်းနှင့် မြေထဲပင်လယ်ကမ်းရိုးတန်းတိုင်အောင် ဂါဇမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများပါ၏။
15:48 တောင်ပေါ်ဒေသဘက်တွင် ရှမိရမြို့၊ ယတ္တိရမြို့၊ စောခေါမြို့၊
15:49 ဒန္နမြို့၊ ဒေဗိရ ခေါ် ကိရယဿန္နမြို့၊
15:50 အာနပ်မြို့၊ ဧရှတမောမြို့၊ အာနိမ်မြို့၊
15:51 ဂေါရှင်မြို့၊ ဟောလုန်မြို့၊ ဂိလောမြို့ စသည့်မြို့ပေါင်း တစ်ဆယ့်တစ်မြို့နှင့်ရွာများ ပါ၏။
15:52 အာရပ်မြို့၊ ဒုမာမြို့၊ ဧရှန်မြို့၊
15:53 ယာနုံမြို့၊ ဗက်တာပွာမြို့၊ အာဖက်မြို့၊
15:54 ဟုန္တမြို့၊ ဟေဗြုန် ခေါ် ကိရယအာဘမြို့၊ ဇိအောရမြို့ စသည့်မြို့ပေါင်းကိုးမြို့နှင့်ရွာများ ပါ၏။
15:55 မောနမြို့၊ ကရမေလမြို့၊ ဇိဖမြို့၊ ယုတ္တမြို့၊
15:56 ယေဇရေလမြို့၊ ယောကဒံမြို့၊ ဇာနောမြို့၊
15:57 ကာဣနမြို့၊ ဂိဗာမြို့၊ တိမနတ်မြို့ စသည့်မြို့ပေါင်း ဆယ်မြို့နှင့်ရွာများ ပါ၏။
15:58 ဟာလဟုလမြို့၊ ဗက်ဇုရမြို့၊ ဂေဒေါ်မြို့၊
15:59 မာရပ်မြို့၊ ဗေသနုတ်မြို့၊ ဧလတေကုန်မြို့ စသည့်မြို့ပေါင်း ခြောက်မြို့နှင့်ရွာများ ပါ၏။
15:60 ကိရယတ်ဗာလ ခေါ် ကိရယတ်ယာရိမ်မြို့၊ ရဗ္ဗာမြို့ စသည့်မြို့နှစ်မြို့နှင့်ရွာများ ပါ၏။
15:61 တောကန္တာရဘက်တွင် ဗေသရာဗမြို့၊ မိဒ္ဒိန်မြို့၊ သေကာကမြို့၊
15:62 နိဗရှန်မြို့၊ ဆားမြို့၊ အင်္ဂေဒိမြို့ စသည့်မြို့ခြောက်မြို့နှင့်ရွာများ ပါ၏။
15:63 ယုဒအမျိုးသားတို့သည် ဂျေရုဆလင်မြို့၌နေထိုင်သောယေဗုသိလူမျိုးတို့ကို နှင်ထုတ်၍မရသဖြင့် ယနေ့တိုင်အောင် ယေဗုသိလူမျိုးတို့နှင့်အတူ ဂျေရုဆလင်မြို့တွင် နေထိုင်ကြ၏။