Joshua 22
22:1 ထို့နောက်မှ ယောရှုသည် ရုဗင်အမျိုးအနွယ်၊ ဂဒ်အမျိုးအနွယ်နှင့် မနာရှေအမျိုးအနွယ်တစ်ဝက်တို့ကို ခေါ်၍
22:2 “ထာဝရဘုရား၏အစေအပါးမောရှေ မှာကြားခဲ့သည့်အတိုင်း သင်တို့ပြုကြသည့်နည်းတူ ငါမှာကြားသမျှကိုလည်း သင်တို့လိုက်နာကြပြီ။
22:3 သင်တို့သည် ယနေ့အထိ သင်တို့၏ညီအစ်ကိုတို့ကိုမစွန့်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား စီရင်မှာကြားတော်မူသည့်အတိုင်း ဆောင်ရွက်ကြပြီ။
22:4 ယခုတွင်သင်တို့၏ဘုရားသခင်ထာဝရဘုရားကတိပေးခဲ့သည့်အတိုင်း သင်တို့၏ညီအစ်ကိုတို့အား အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ကိုပေးတော်မူပြီ။ ထို့ကြောင့် သင်တို့သည်လည်း သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေပေးခဲ့သည့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ သင်တို့ပိုင်ဆိုင်ရာပြည်၊ သင်တို့၏အိမ်ရှိရာသို့ပြန်သွားကြလော့။
22:5 သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ်ရမည်၊ တရားလမ်းတော်ရှိသမျှအတိုင်းလိုက်လျှောက်ရမည်၊ ပညတ်တော်များကိုစောင့်ထိန်းရမည်၊ ကိုယ်တော်၌ဆည်းကပ်ရမည်၊ သင်တို့၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ကိုယ်တော်ကိုဝတ်ပြုရမည် ဟူ၍ သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေမိန့်မှာထားသည့် ပညတ်တော်၊ တရားတော်တို့ကိုစောင့်ထိန်းမည့်အကြောင်း အထူးသတိပြုကြလော့”ဟု မှာကြားလေ၏။
22:6 ထို့နောက် ယောရှုသည် သူတို့ကိုကောင်းချီးပေးပြီး ပြန်စေသဖြင့် သူတို့လည်း မိမိတို့အိမ်သို့ပြန်သွားကြလေ၏။
22:7 မောရှေက မနာရှေအမျိုးအနွယ်တစ်ဝက်အား ဗာရှန်ပြည်ကို အမွေမြေအဖြစ်ပေးခဲ့၏။ ယောရှုက ကျန်မနာရှေအမျိုးအနွယ်တစ်ဝက်အား သူတို့၏ညီအစ်ကိုတို့နှင့်အတူ ဂျော်ဒန်မြစ်အနောက်ဘက်ခြမ်းကို အမွေမြေအဖြစ်ပေး၏။ သူတို့ကို အိမ်သို့ပြန်စေသောအခါ ယောရှုသည် ကောင်းချီးပေး၍
22:8 “သင်တို့၏ရန်သူတို့ထံမှ တိုက်ယူသောပစ္စည်းများကို သင်တို့၏ညီအစ်ကိုတို့နှင့်အတူ ခွဲဝေယူကြလော့။ တိရစ္ဆာန်၊ ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ အဝတ်အထည်မှစ၍ စည်းစိမ်ဥစ္စာအမြောက်အမြားတို့ကို ယူ၍ သင်တို့၏အိမ်သို့ပြန်သွားကြလော့”ဟု သူတို့အားဆိုလေ၏။
22:9 သို့ဖြစ်၍ ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့သည် အစ္စရေးအမျိုးသားတို့ရှိရာ ခါနာန်ပြည်၊ ရှိလောမြို့မှထွက်ခွာ၍ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူထားသည့်အတိုင်း မိမိတို့အပိုင်ရရှိခဲ့သောဂိလဒ်ပြည်သို့ ပြန်သွားကြ၏။
22:10 ရုဗင်သားမြေး၊ ဂဒ်သားမြေး၊ မနာရှေသားမြေးတစ်ဝက်တို့သည် ခါနာန်ပြည်၊ ဂျော်ဒန်မြစ်အနီးသို့ရောက်သောအခါ ထင်ရှားမြင်သာသော ယဇ်ပလ္လင်ကြီးတစ်ခုကို တည်လေ၏။
22:11 “ကြည့်ရှုလော့။ ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့သည် အစ္စရေးအမျိုးသားတို့နယ်မြေ၊ ဂျော်ဒန်မြစ်အနီး၊ ခါနာန်ပြည်နယ်စပ်၌ ယဇ်ပလ္လင်တည်ကြပြီ”ဟု ပြောဆိုကြသည်ကို အစ္စရေးအမျိုးသားတို့ကြားကြ၏။
22:12 ထိုသို့ ကြားရသောအခါ အစ္စရေးလူထုအပေါင်းတို့သည် ရှိလောမြို့၌ စုရုံးကြ၍ သူတို့ကို တိုက်ခိုက်ရန် စစ်ချီကြ၏။
22:13 အစ္စရေးအမျိုးသားတို့သည် ဂိလဒ်ပြည်ရှိ ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့ထံသို့ ယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်နှင့်တကွ
22:14 အစ္စရေးအမျိုးအနွယ်တစ်နွယ်စီမှ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် ခေါင်းဆောင်တစ်ယောက်စီ စုစုပေါင်းခေါင်းဆောင်ဆယ်ယောက်တို့ကိုစေလွှတ်၏။ ထိုသူတို့သည် ဘိုးဘေးတို့၏အိမ်ထောင်စုတစ်စုစီမှ မျိုးနွယ်စုအကြီးအကဲများ ဖြစ်၏။
22:15 သူတို့သည် ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့ရှိရာ ဂိလဒ်ပြည်သို့ရောက်လာ၍ သူတို့အား
22:16 “ထာဝရဘုရား၏လူအပေါင်းတို့က ‘သင်တို့သည် အပြစ်ပြု၍ အစ္စရေးလူမျိုး၏ဘုရားသခင်ကို ပြစ်မှားကြပါသည်တကား။ ယခု သင်တို့သည် ထာဝရဘုရားကိုပုန်ကန်၍ မိမိတို့အဖို့ ယဇ်ပလ္လင်တည်ခြင်းဖြင့် ထာဝရဘုရားနောက်တော်သို့မလိုက်ဘဲ လမ်းလွဲသွားကြပြီတကား။
22:17 ပေဂုရတောင်၌ ငါတို့ပြုခဲ့မိသောအပြစ်သည် မလုံလောက်သေးသလော။ ယခုအချိန်ထိ ထိုအပြစ်နှင့် ငါတို့မကင်းရှင်းသေး။ ထိုအပြစ်များကြောင့်လည်း ထာဝရဘုရား၏လူများအပေါ်သို့ ဘေးဒဏ်ကျရောက်ခဲ့ပြီ။
22:18 ယခုလည်း သင်တို့သည် ထာဝရဘုရားနောက်တော်သို့မလိုက်ဘဲ လမ်းလွဲသွားကြပြီ။ ယနေ့ ထာဝရဘုရားကို သင်တို့ပုန်ကန်လျှင် မနက်ဖြန်တွင် အစ္စရေးလူအပေါင်းတို့ကို အမျက်ထွက်တော်မူလိမ့်မည်။
22:19 သင်တို့အပိုင်ရသောပြည်သည် မစင်ကြယ်လျှင် ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်တည်ရာ ထာဝရဘုရားပိုင်တော်မူရာပြည်သို့ ကူးလာ၍ ငါတို့နှင့်အတူ အမွေခံလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားအဖို့ တည်ထားသောယဇ်ပလ္လင်မှတစ်ပါး ကိုယ့်အဖို့ယဇ်ပလ္လင်ကိုတည်ခြင်းဖြင့် ထာဝရဘုရားကို မပုန်ကန်ကြနှင့်။ ငါတို့ကိုလည်း မပုန်ကန်ကြနှင့်။
22:20 ဇေရအမျိုးသားအာခန်သည် ကျိန်ခြင်းခံရသောအရာကိုယူခြင်းဖြင့် အပြစ်ပြုသောကြောင့် သူတစ်ယောက်တည်း သေသည်မဟုတ်။ အစ္စရေးလူထုတစ်ရပ်လုံး အမျက်တော်ဒဏ်ခံခဲ့ရသည်မဟုတ်လော’ဟူ၍ ပြောဆိုကြသည်”ဟု ဆို၏။
22:21 ထိုအခါ ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့က အစ္စရေးမျိုးနွယ်စုအကြီးအမှူးတို့အား
22:22 “တန်ခိုးကြီးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား၊ တန်ခိုးကြီးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား သိတော်မူပါ၏။ အစ္စရေးလူမျိုးတို့ကိုလည်း သိစေတော်မူပါ။ ထာဝရဘုရားကိုပုန်ကန်မိလျှင်၊ ပြစ်မှားမိလျှင် ယနေ့ အကျွန်ုပ်တို့ကို ချမ်းသာခွင့်မပေးပါနှင့်။
22:23 ထာဝရဘုရား၏နောက်တော်သို့ မလိုက်ဘဲလမ်းလွဲ၍ ယဇ်ပလ္လင်ကိုတည်လျှင်၊ ထိုယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လျှင်၊ ထိုယဇ်ပလ္လင်ပေါ်၌ မိတ်သဟာယယဇ်များကို ပူဇော်လျှင် ထာဝရဘုရားကိုယ်တော်တိုင် စစ်ကြောစီရင်တော်မူပါ။
22:24 ငါတို့ ဤသို့ပြုကြသည်မှာ နောင်ကာလ၌ သင်တို့၏သားမြေးတို့က ငါတို့၏သားမြေးတို့အား ‘သင်တို့နှင့် အစ္စရေး၏ဘုရားသခင်ထာဝရဘုရားသည် မည်သို့ဆိုင်သနည်း။
22:25 အို ရုဗင်သားမြေးနှင့်ဂဒ်သားမြေးတို့၊ ထာဝရဘုရားသည် သင်တို့နှင့်ငါတို့ကြား၌ ဂျော်ဒန်မြစ်ကို နယ်နိမိတ်အဖြစ်ခြားထားတော်မူပြီ။ ထာဝရဘုရားထံ၌ သင်တို့အဖို့ဝေစုမရှိ’ဟု ဆိုလျက် သင်တို့၏သားမြေးတို့က ငါတို့၏သားမြေးတို့အား ထာဝရဘုရားကိုကြောက်ရွံ့ရိုသေခြင်းမရှိအောင် ပြုကြမည်ကို ငါတို့စိုးရိမ်သောကြောင့် ဤအမှုကို ပြုခြင်းဖြစ်၏။
22:26 ထို့ကြောင့် ငါတို့က ‘ငါတို့အဖို့ ယဇ်ပလ္လင်တည်ကြစို့။ သို့သော် မီးရှို့ရာယဇ်အတွက်မဟုတ်၊ ယဇ်ပူဇော်ရန်အတွက်လည်း မဟုတ်။
22:27 ငါတို့သည် ငါတို့၏မီးရှို့ရာယဇ်များ၊ ပူဇော်သက္ကာများ၊ မိတ်သဟာယယဇ်များဖြင့် ထာဝရဘုရား၏ရှေ့တော်၌ ကိုယ်တော်ကိုဝတ်ပြုတတ်ကြကြောင်း သင်တို့နှင့်ငါတို့အကြား၊ နောင်လာမည့်ငါတို့၏မျိုးဆက်အစဉ်အဆက်ကြား၌ သက်သေဖြစ်စေရန်သာဖြစ်၏။ သို့မှ နောင်ကာလ၌ သင်တို့၏သားမြေးတို့သည် ငါတို့၏သားမြေးတို့အား “ထာဝရဘုရား၌ သင်တို့အဖို့ဝေစုမရှိ”ဟူ၍ ပြောခွင့်ရှိတော့မည်မဟုတ်’ဟု ပြောဆိုတိုင်ပင်ကြ၏။
22:28 နောင်ကာလ၌ သူတို့က ငါတို့နှင့်ငါတို့၏မျိုးဆက်အစဉ်အဆက်တို့ကို ထိုသို့ပြောလျှင် ငါတို့က ‘ကြည့်ရှုလော့။ ငါတို့ဘိုးဘေးတို့သည် ထာဝရဘုရား၏ယဇ်ပလ္လင်နှင့်ပုံသဏ္ဌာန်တူသော ယဇ်ပလ္လင်ကိုတည်ခဲ့သည်မှာ မီးရှို့ရာယဇ်အတွက်မဟုတ်၊ ယဇ်ပူဇော်ရန်အတွက်လည်း မဟုတ်၊ ငါတို့နှင့်သင်တို့အကြား၌ သက်သေဖြစ်ရန်အတွက်သာဖြစ်၏’ဟု ပြန်ပြောနိုင်ရန်ဖြစ်၏။
22:29 ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ရှိသော ငါတို့ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်မှတစ်ပါး မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ယဇ်ကောင် စသည်တို့ကိုပူဇော်ရန် အခြားသောယဇ်ပလ္လင်တည်ခြင်းအားဖြင့် ထာဝရဘုရားကိုပုန်ကန်သောအမှု၊ ယနေ့ ထာဝရဘုရားနောက်တော်သို့မလိုက်ဘဲ လမ်းလွဲသွားသောအမှုတို့သည် ငါတို့နှင့်ဝေးပါစေ”ဟု ဆိုကြ၏။
22:30 ယဇ်ပုရောဟိတ်ဖိနဟတ်နှင့်တကွ လူထုခေါင်းဆောင်များဖြစ်သော အစ္စရေးမျိုးနွယ်စုတို့၏အကြီးအမှူးများသည် ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတို့ပြောသောစကားကိုကြားသောအခါ ကျေနပ်နှစ်သက်ကြ၏။
22:31 ယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်ကလည်း ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတို့အား “ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူကြောင်းကို ယနေ့ ငါတို့သိရပြီ။ အကြောင်းမူကား သင်တို့သည် ထာဝရဘုရားကိုမပြစ်မှားခဲ့ကြပေ။ ယခု သင်တို့သည် အစ္စရေးအမျိုးသားတို့ကို ထာဝရဘုရားလက်တော်မှကယ်နုတ်လေပြီ”ဟု ဆိုလေ၏။
22:32 ယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်နှင့်ခေါင်းဆောင်တို့သည် ဂိလဒ်ပြည်ရှိ ရုဗင်သားမြေးနှင့် ဂဒ်သားမြေးတို့ထံမှ အစ္စရေးအမျိုးသားတို့ရှိရာ ခါနာန်ပြည်သို့ပြန်လာ၍ ထိုသူတို့ ပြောသောစကားကို ပြန်ပြောပြကြ၏။
22:33 ထိုစကားကို အစ္စရေးအမျိုးသားတို့ကြားသောအခါ ကျေနပ်နှစ်သက်ကြ၏။ အစ္စရေးအမျိုးသားတို့သည် ဘုရားသခင်ကိုကောင်းချီးထောမနာပြုကြ၏။ သူတို့သည် ရုဗင်သားမြေး၊ ဂဒ်သားမြေးတို့နေထိုင်ရာပြည်ကို စစ်ချီတိုက်ခိုက်ဖျက်ဆီးမည့်အကြောင်း မပြောကြတော့ပေ။
22:34 ရုဗင်သားမြေးနှင့်ဂဒ်သားမြေးတို့က “ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်း ထိုယဇ်ပလ္လင်သည် ငါတို့တွင် သက်သေဖြစ်၏”ဟု ဆို၍ ထိုယဇ်ပလ္လင်ကို “သက်သေ”ဟု ခေါ်ဝေါ်ကြ၏။