Joshua 23
23:1 ထို့နောက် ထာဝရဘုရားသည် အစ္စရေးလူမျိုးအား ပတ်ဝန်းကျင်ရှိ ရန်သူအပေါင်းတို့၏ဘေးမှ ကာလအတန်ကြာ ကင်းငြိမ်းစေတော်မူ၏။ ယောရှုသည်လည်း အသက်အရွယ်ကြီးရင့်လာ၏။
23:2 ထိုအခါ ယောရှုက အစ္စရေးလူမျိုးအပေါင်းတို့နှင့်တကွ သက်ကြီးဝါကြီးများ၊ အကြီးအမှူးများ၊ တရားသူကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများကိုခေါ်ပြီးလျှင် “ငါသည် အသက်အရွယ်ကြီးရင့်ပြီ။
23:3 သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အတွက် ဤလူမျိုးခြားအပေါင်းတို့အား မည်သို့ပြုတော်မူခဲ့သည်ကို သင်တို့တွေ့မြင်ခဲ့ကြပြီ။ သင်တို့အတွက် စစ်တိုက်ပေးတော်မူသောအရှင်ကား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေတည်း။
23:4 ကြည့်ပါ။ ဂျော်ဒန်မြစ်မှစ၍ အနောက်ဘက် မြေထဲပင်လယ်တိုင်အောင် ငါသုတ်သင်ဖယ်ရှားခဲ့သောလူမျိုးအပါအဝင် ကျန်နေသေးသောလူမျိုးတို့၏ပြည်ကို သင်တို့၏အမျိုးအနွယ်များအား အမွေအဖြစ် ငါမဲချခွဲဝေပေးခဲ့ပြီ။
23:5 သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့ရှေ့မှနှင်ထုတ်တော်မူမည်။ သင်တို့၏ရှေ့မှဖယ်ရှားတော်မူမည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း သင်တို့သည် ထိုလူမျိုးတို့၏ပြည်ကို အပိုင်ရလိမ့်မည်။
23:6 မောရှေ၏ပညတ္တိကျမ်း၌ ရေးထားသောပညတ်တရားအလုံးစုံကို လိုက်နာစောင့်ထိန်းရန် အားထုတ်လော့။ လက်ဝဲဘက်၊ လက်ယာဘက်သို့ လွှဲမသွားနှင့်။
23:7 သင်တို့တွင် ကျန်နေသေးသောလူမျိုးတို့နှင့်ပေါင်းဖော်ခြင်းမပြုနှင့်၊ သူတို့ဘုရားများ၏နာမကိုမတနှင့်၊ မတိုင်တည်နှင့်။ ထိုဘုရားတို့ကိုဝတ်မပြုနှင့်၊ ရှိခိုးကိုးကွယ်ခြင်းမပြုနှင့်။
23:8 ယနေ့တိုင်အောင် သင်တို့ပြုကျင့်ခဲ့သည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားတစ်ပါးတည်းကိုသာ ဆည်းကပ်ရမည်။
23:9 ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးတို့ကို ထာဝရဘုရားသည် သင်တို့ရှေ့မှနှင်ထုတ်တော်မူသည်ဖြစ်၍ ယနေ့တိုင်အောင် သင်တို့ရှေ့၌ မည်သူမျှမရပ်တည်နိုင်။
23:10 သင်တို့ကို ကတိပြုတော်မူခဲ့သည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အဖို့စစ်တိုက်တော်မူသည်ဖြစ်၍ သင်တို့တွင်တစ်ယောက်သည် အယောက်တစ်ထောင်ကိုလိုက်လိမ့်မည်။
23:11 သို့ဖြစ်၍ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ်ကြရမည့်အကြောင်း ကိုယ့်ကိုယ်ကိုယ်အထူးသတိပြုကြလော့။
23:12 အကယ်၍ သင်တို့သည် လမ်းလွဲ၍ သင်တို့တွင် ကြွင်းကျန်နေသေးသောလူမျိုးတို့နှင့်မိတ်ဖွဲ့ပြီး သူတို့နှင့်စုံဖက်၍ ထွေးရောယှက်တင်နေလျှင်
23:13 သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့ရှေ့မှ ထပ်၍နှင်ထုတ်ပေးတော့မည်မဟုတ်ကြောင်း ဧကန်သိမှတ်ကြလော့။ သင်တို့အား ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ပေါ်၌ သင်တို့ပျက်စီးသွားသည်အထိ ထိုလူမျိုးတို့သည် သင်တို့အဖို့ ကျော့ကွင်း၊ ထောင်ချောက်၊ သင်တို့၏ကျောကုန်းပေါ်၌ နှင်တံ၊ မျက်စိထဲ၌ ဆူး ဖြစ်လိမ့်မည်။
23:14 မြေကြီးသားတို့သွားရာလမ်းအတိုင်း ယနေ့ ငါလည်း သွားရတော့မည်။ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောကောင်းကျိုးချမ်းသာဆိုင်ရာကတိတော်ဟူသမျှ တစ်စုံတစ်ခုမျှမပျက်၊ အလုံးစုံပြည့်စုံလာကြောင်းကို သင်တို့၏စိတ်နှလုံး၊ စိတ်ဝိညာဉ်ထဲမှ အကြွင်းမဲ့သိကြ၏။ သင်တို့အဖို့ ထိုကတိတော်တို့သည် တစ်စုံတစ်ခုမျှမပျက်၊ အလုံးစုံပြည့်စုံလာ၏။
23:15 သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသော ကောင်းကျိုးဆိုင်ရာကတိတော်ဟူသမျှကို သင်တို့အပေါ်သက်ရောက်စေမည်ဖြစ်သကဲ့သို့ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် ဤသာယာဝပြောသောပြည်မှ သုတ်သင်မခံရမချင်း ထာဝရဘုရားသည် ဘေးအန္တရာယ်ရှိသမျှတို့ကို သင်တို့အပေါ်သို့သက်ရောက်စေတော်မူလိမ့်မည်။
23:16 သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်ပဋိညာဉ်ကို သင်တို့ချိုးဖောက်၍ အခြားဘုရားများအား သွားရောက်ဝတ်ပြုကိုးကွယ်လျှင် ထာဝရဘုရားသည် သင်တို့အပေါ် အမျက်ထွက်တော်မူသဖြင့် သင်တို့သည် ကိုယ်တော်ပေးတော်မူသည့်သာယာဝပြောသောပြည်တွင် အလျင်အမြန်ပျက်စီးသွားရလိမ့်မည်”ဟု ဆိုလေ၏။