Ruth 3
3:1 တစ်နေ့တွင် ယောက္ခမနောမိက ရုသအား “ငါ့သမီး၊ သင့်အတွက် အေးချမ်းသောနားခိုရာကို ငါရှာပေးသင့်သည်မဟုတ်လော။
3:2 သင်သွား၍အလုပ်အတူတူလုပ်ခဲ့သောအစေအပါးတို့၏သခင် ဗောဇသည် ငါတို့၏ဆွေမျိုးသားချင်း မဟုတ်လော။ ယခုည သူသည် တလင်းပြင်တွင် မုယောစပါးလာလှေ့လိမ့်မည်။
3:3 သင်သည် ရေချိုး၊ ဖီးလိမ်းပြီးလျှင် ကောင်းကောင်းမွန်မွန် ဝတ်ဆင်၍ တလင်းပြင်သို့သွားပါ။ သူ စားသောက်၍မပြီးမချင်း သင်ရောက်နေသည်ကို သူမသိစေနှင့်။
3:4 သူအိပ်သောအခါ သူအိပ်သည့်နေရာကို မှတ်ထားပြီး သူ၏ခြေ၌ဖုံးထားသောအဝတ်ကိုလှစ်၍ သင်လှဲအိပ်နေပါ။ ထိုအခါ သင်ပြုရမည့်အရာကို သူပြောပြလိမ့်မည်”ဟု ဆို၏။
3:5 ရုသကလည်း “အမေပြောသည့်အတိုင်း အကျွန်ုပ် လုပ်ပါမည်”ဟု ဆိုပြီး
3:6 တလင်းပြင်သို့သွား၍ ယောက္ခမပြောသည့်အတိုင်း ပြုလေ၏။
3:7 ဗောဇသည် စားသောက်ပြီးလျှင် စိတ်အလိုပြည့်စုံသွားပြီဖြစ်၍ ကောက်လှိုင်းပုံအစွန်တွင် သွားအိပ်လေ၏။ ရုသလည်း ဗောဇအနီးသို့ တိတ်တဆိတ်ချဉ်းကပ်လာ၍ သူ၏ခြေ၌ဖုံးထားသောအဝတ်ကိုလှစ်၍ လှဲအိပ်လေ၏။
3:8 ညသန်းခေါင်အချိန်တွင် ဗောဇသည် နိုး၍လှည့်ကြည့်လိုက်ရာ ခြေရင်း၌ အမျိုးသမီးတစ်ယောက် အိပ်နေသည်ကို တွေ့သဖြင့် ထိတ်လန့်သွား၏။
3:9 ထို့ကြောင့် ဗောဇက “သင် မည်သူနည်း”ဟု မေးရာ ရုသက “အကျွန်ုပ်သည် သခင့်ကျွန်မ ရုသ ဖြစ်ပါ၏။ သခင်သည် အကျွန်ုပ်ကို ရွေးနုတ်ခွင့်ရှိသူဖြစ်သောကြောင့် သခင်၏ဝတ်လုံစွန်း ဖြင့် သခင့်ကျွန်မကို လွှမ်းခြုံပေးပါတော့”ဟု ဆို၏။
3:10 ဗောဇကလည်း “ငါ့သမီး၊ ထာဝရဘုရားသည် သင့်ကို ကောင်းချီးပေးတော်မူပါစေသော။ သင်သည် ဆင်းရဲသောလူပျို၊ ချမ်းသာသောလူပျိုတို့နောက်သို့ မလိုက်။ ယခု သင်ပြသောမေတ္တာကရုဏာသည် ယခင် ပြခဲ့သည်ထက် သာ၍မြတ်၏။
3:11 ယခုမှာ ငါ့သမီး၊ ဘာမျှမစိုးရိမ်နှင့်။ သင်တောင်းသမျှကို ငါပြုပေးမည်။ သင်သည် အကျင့်သီလနှင့်ပြည့်စုံသောအမျိုးသမီးဖြစ်ကြောင်းကို ဤတစ်မြို့လုံးရှိငါတို့လူမျိုးတို့ သိကြ၏။
3:12 ငါသည် ရွေးနုတ်ခွင့်ရှိသူ မှန်သော်လည်း ငါ့ထက် ပို၍ရွေးနုတ်ခွင့်ရှိသူတစ်ဦး ရှိသေး၏။
3:13 ဤညတွင် အိပ်ဦးလော့။ နံနက်ရောက်မှ ထိုသူသည် သင့်ကို ရွေးနုတ်မည်ဆိုလျှင် ရွေးနုတ်ပါစေ။ ကောင်းပါ၏။ အကယ်၍ သူမရွေးနုတ်လျှင် ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်ကို ငါရွေးနုတ်မည်။ ယခုမူ နံနက်တိုင်အောင် အိပ်ဦးလော့”ဟု ဆို၏။
3:14 ရုသသည် ဗောဇ၏ခြေရင်းတွင် နံနက်တိုင်အောင် အိပ်ပြီး တစ်ယောက်ကိုတစ်ယောက် သိနိုင်သည့်အချိန်မရောက်မီ ထလေ၏။ ဗောဇကလည်း သူ့အား “ဤတလင်းပြင်သို့ သင်လာသည်ကို မည်သူမျှမသိစေနှင့်”ဟု ဆိုပြီးလျှင်
3:15 “သင့် ကိုယ်ပေါ်က ခြုံထည်ကို ဖြန့်၍ ကိုင်ထားပါ”ဟု ဆို၏။ ရုသကလည်း ခြုံထည်ကို ဖြန့်၍ကိုင်ထားရာ ဗောဇက မုယောစပါးခြောက်ဧဖာ ခြင်ထည့်ပြီး ရုသအား ပေး၏။ ရုသလည်း ယူ၍ မြို့သို့ပြန်သွားလေ၏။
3:16 ယောက္ခမထံပြန်ရောက်သောအခါ ယောက္ခမက “ငါ့သမီး၊ မည်သို့နည်း”ဟု မေးသော် ရုသကလည်း ဗောဇပြုပေးခဲ့သမျှကို ပြန်ပြောပြပြီးလျှင်
3:17 “သူက ‘ယောက္ခမထံသို့ လက်ချည်းသက်သက်ပြန်မသွားနှင့်’ဟုဆိုကာ အကျွန်ုပ်အား မုယောစပါးခြောက်ဧဖာကိုလည်း ပေးလိုက်ပါ၏”ဟု ဆို၏။
3:18 ထိုအခါ နောမိက ရုသအား “ငါ့သမီး၊ ဤကိစ္စ မည်သို့ဖြစ်လာမည်ကို သိရသည်အထိ စောင့်နေပါ။ ထိုသူသည် ဤကိစ္စကို ယနေ့ဖြေရှင်း၍မပြီးမချင်း ငြိမ်ငြိမ်နေမည်မဟုတ်”ဟု ဆို၏။