Ruth 2
2:1 နောမိ၏ခင်ပွန်းသည်၌ ဗောဇဟု အမည်ရှိသော ချမ်းသာကြွယ်ဝသူဆွေမျိုးတစ်ဦးရှိ၏။ သူသည် ဧလိမလက်မျိုးနွယ်စုမှ ဆင်းသက်လာ၏။
2:2 မောဘအမျိုးသမီးရုသက နောမိအား “လယ်ထဲသို့ အကျွန်ုပ်သွားပါရစေ။ ခွင့်ပြုသူရှိလျှင် ကောက်ရိတ်သမားတို့နောက်မှ ကောက်သင်းကောက်ပါရစေ”ဟု ဆိုလျှင် နောမိက “ငါ့သမီး၊ သွားပါ”ဟု ဆို၏။
2:3 ရုသလည်း လယ်ထဲသို့ ထွက်သွား၍ ကောက်ရိတ်သမားတို့နောက်မှလိုက်ပြီး ကောက်သင်းကောက်ရာ တိုက်တိုက်ဆိုင်ဆိုင် ထိုလယ်ကွက်သည် ဧလိမလက်မျိုးနွယ်စုဝင် ဗောဇပိုင်သောလယ်ကွက်ဖြစ်နေ၏။
2:4 ထိုစဉ် ဗောဇသည် ဗက်လင်မြို့မှ ရောက်လာ၍ ကောက်ရိတ်သမားတို့အား “ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိပါစေသော”ဟု နှုတ်ဆက်လျှင် သူတို့ကလည်း “ထာဝရဘုရားသည် သခင့်ကို ကောင်းချီးပေးတော်မူပါစေသော”ဟု ပြန်နှုတ်ဆက်ကြ၏။
2:5 ဗောဇကလည်း မိမိအစေအပါးဖြစ်သည့် အလုပ်သမားခေါင်းဆောင်အား “ထိုအမျိုးသမီးသည် အဘယ်ကနည်း”ဟု မေးလျှင်
2:6 သူ၏အစေအပါး ကောက်ရိတ်သမားခေါင်းဆောင်က “သူသည် နောမိနှင့်အတူ မောဘပြည်မှလိုက်လာသော မောဘအမျိုးသမီး ဖြစ်ပါ၏။
2:7 သူက ‘အကျွန်ုပ် ကောက်သင်းကောက်ပါရစေ၊ ကောက်ရိတ်သမားတို့နောက်မှ ကျန်ခဲ့သောသီးနှံကို ကောက်သိမ်းပါရစေ’ဟု လာ၍ခွင့်တောင်းပြီး မနက်ကတည်းက ယခုချိန်ထိ ကောက်သင်းကောက်ပါ၏။ ယခုမှသာ တဲတွင် ခဏနားနေပါသည်”ဟု ပြန်ပြောပြ၏။
2:8 ထိုအခါ ဗောဇက ရုသအား “ငါ့သမီး၊ နားထောင်ပါ။ အခြားလယ်ကွက်သို့သွား၍ ကောက်သင်းမကောက်နှင့်။ ဤနေရာမှ ထွက်မသွားနှင့်။ ငါ့အစေအပါးမိန်းကလေးတို့အနားမှာသာ နေပါ။
2:9 လုလင်တို့ ကောက်ရိတ်သောလယ်ကွက်ကိုကြည့်မှတ်၍ သူတို့နောက်သို့လိုက်ပါ။ သူတို့သည် သင့်ကို မထိပါးစေရန် ငါမှာထားပြီ။ ရေဆာလျှင် လုလင်တို့ ခပ်ထားသောရေအိုးထဲမှရေကို သွား၍ခပ်သောက်ပါ”ဟု ဆို၏။
2:10 ရုသကလည်း မြေမှာပျပ်ဝပ်လျက် “တစ်ပါးအမျိုးသားဖြစ်သောအကျွန်ုပ်ကို သခင်က အဘယ်ကြောင့် အသိအမှတ်ပြုမျက်နှာသာပေးပါသနည်း”ဟု မေးရာ
2:11 ဗောဇကလည်း “သင်သည် ခင်ပွန်းသည်သေဆုံးပြီးနောက် သင့်ယောက္ခမကို ပြုစုခဲ့ရကြောင်း၊ သင့်မိဘ၊ သင့်မွေးရပ်မြေကိုစွန့်ပြီး ယခင်က သင်မသိခဲ့ဖူးသောလူမျိုးတို့ထံ လာခဲ့ရကြောင်းကို ငါ အလုံးစုံကြားသိရပြီ။
2:12 သင်ပြုခဲ့သည့်အတိုင်း ထာဝရဘုရား သင့်အား ပြန်လည်ကျေးဇူးပြုပါစေသော။ သင်သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရား၏အတောင်တော်အရိပ်အောက်၌ လာရောက်ခိုလှုံသည်ဖြစ်၍ ထိုအရှင်ထံမှ အကျိုးကျေးဇူးကြွယ်ဝစွာ ခံစားရပါစေသော”ဟု ပြန်ပြော၏။
2:13 ရုသကလည်း “အကျွန်ုပ်၏သခင်၊ အကျွန်ုပ်သည် သခင့်ရှေ့တွင် မျက်နှာရပါစေ။ အကျွန်ုပ်သည် သခင်၏ကျွန်မတစ်ဦးမဟုတ်သော်လည်း သခင်သည် အကျွန်ုပ်အား ကြင်နာစွာစကားဆို၍နှစ်သိမ့်ပါပြီ”ဟု ပြန်ပြော၏။
2:14 စားသောက်ချိန်ရောက်သောအခါ ဗောဇက ရုသအား “မုန့် လာစားပါ။ မုန့်ကို ဝိုင်အချဉ်ရည်နှင့် တို့စားပါ”ဟု ဆိုသဖြင့် သူသည် ကောက်ရိတ်သမားတို့ထိုင်သောဘေးတွင် ဝင်ထိုင်၏။ ထိုအခါ ဗောဇက သူ့အား မုန့်ဆန်းကိုလှမ်းပေးသဖြင့် သူသည် ဝအောင်စားပြီး ကျန်သောမုန့်ကို သိမ်းထား၏။
2:15 ထို့နောက် သူသည် ကောက်သင်းကောက်ရန် ထသွားသောအခါ ဗောဇက ငယ်သားတို့အား “သူသည် ကောက်လှိုင်းများကြား၌ကောက်ယူလျှင်လည်း သူ့ကို အပြစ်မပြောကြနှင့်။
2:16 သင်တို့ရိတ်ထားသောကောက်ဆုပ်ထဲမှ ကောက်နှံအချို့ကို ချထားခဲ့ပါ။ သူကောက်ယူပါစေ။ သူ့ကို အပြစ်မပြောကြနှင့်”ဟု မှာထားလေ၏။
2:17 ရုသလည်း ညနေတိုင်အောင် လယ်ထဲ၌ကောက်သင်းကောက်ပြီး ကောက်ထားသောကောက်နှံကို ရိုက်ခြွေသောအခါ မုယောစပါးတစ်ဧဖာ ခန့် ရ၏။
2:18 သူသည် မြို့သို့ပြန်သွား၍ ကောက်သင်းကောက်ရာမှရခဲ့သောထိုမုယောစပါးကို ယောက္ခမအား ပြ၏။ ထို့ပြင် သူဝအောင်စားပြီးမှ ကျန်သေးသောမုန့်ကိုလည်း ယောက္ခမအား ပေး၏။
2:19 သူ့ယောက္ခမကလည်း “ယနေ့ သင် အဘယ်မှာကောက်သင်းကောက်ခဲ့သနည်း။ အဘယ်မှာ အလုပ်လုပ်ခဲ့သနည်း။ သင့်ကို ခွင့်ပြုသောသူသည် မင်္ဂလာရှိပါစေသော”ဟု ဆိုလျှင် သူက “ယနေ့ အကျွန်ုပ် အလုပ်လုပ်ခဲ့သောလယ်ကွက်ပိုင်ရှင်၏နာမည်မှာ ဗောဇ ဖြစ်၏”ဟု ဆိုပြီး သူအလုပ်လုပ်ခဲ့သောလယ်ကွက်ပိုင်ရှင်အကြောင်းကို သူ့ယောက္ခမအား ပြောပြ၏။
2:20 ထိုအခါ နောမိက သူ့ချွေးမအား “အသက်ရှင်သောသူ၊ သေသောသူတို့ကို မေတ္တာကရုဏာအစဉ်ထားတော်မူသော ထာဝရဘုရားသည် သူ့ကို ကောင်းချီးပေးပါစေသော။ သူသည် ငါတို့နှင့် ဆွေးမျိုးနီးစပ်သူ၊ ငါတို့ကို ရွေးနုတ်ခွင့်ရှိသူ ဖြစ်၏”ဟု ဆို၏။
2:21 မောဘအမျိုးသမီးရုသကလည်း “ထိုသူက ‘သီးနှံအားလုံးရိတ်သိမ်းပြီးသည်အထိ ငါ့ငယ်သားတို့အနားမှာသာ နေပါ’ဟူ၍ အကျွန်ုပ်အား ဆိုသေး၏”ဟု ပြောပြ၏။
2:22 နောမိကလည်း ချွေးမရုသအား “ငါ့သမီး၊ ထိုသူ၏အစေအပါးမိန်းကလေးတို့နှင့်အတူ အလုပ်လုပ်ရသည်မှာ ကောင်းပေ၏။ အခြားလယ်များတွင် လုပ်လျှင် အနှောင့်အယှက်ခံရနိုင်၏”ဟု ဆို၏။
2:23 ဤသို့ဖြင့် ရုသသည် မုယောစပါးရိတ်သိမ်းပြီးချိန်၊ ဂျုံရိတ်သိမ်းပြီးချိန်အထိ ဗောဇ၏အစေအပါးမိန်းကလေးတို့အနားတွင် ကောက်သင်းကောက်လေ၏။ ယောက္ခမနှင့်လည်း အတူနေထိုင်လေ၏။