Genesis 1
1:1 အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။
1:2 မြေကြီးသည် အသွင်သဏ္ဌာန်မရှိ၊ လဟာသက်သက်ဖြစ်၏။ နက်ရှိုင်းရာအရပ်၏မျက်နှာပြင်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်တွင် ရစ်ဝဲလျက်နေတော်မူ၏။
1:3 ဘုရားသခင်က “အလင်းဖြစ်စေ” ဟု မိန့်တော်မူရာ အလင်းဖြစ်လေ၏။
1:4 ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။ ဘုရားသခင်သည် အလင်းနှင့်အမှောင်ကို ပိုင်းခြားတော်မူ၏။
1:5 ဘုရားသခင်သည် အလင်းကို နေ့ ဟုခေါ်ဝေါ်၍ အမှောင်ကို ည ဟုခေါ်ဝေါ်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ပထမနေ့ရက်ဖြစ်လေ၏။
1:6 တစ်ဖန် ဘုရားသခင်က “ရေအလယ်၌ မိုးမျက်နှာကြက်ဖြစ်စေ။ မိုးမျက်နှာကြက်သည် ရေနှင့်ရေကိုပိုင်းခြားစေ”ဟု မိန့်တော်မူ၏။
1:7 ဘုရားသခင်သည် မိုးမျက်နှာကြက်ကို ဖန်ဆင်းတော်မူ၍ မိုးမျက်နှာကြက်အောက်၌ရှိသောရေနှင့် မိုးမျက်နှာကြက်အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူရာ ထိုအတိုင်းဖြစ်လေ၏။
1:8 ဘုရားသခင်သည် မိုးမျက်နှာကြက်ကို မိုးကောင်းကင် ဟုခေါ်ဝေါ်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ဒုတိယနေ့ရက်ဖြစ်လေ၏။
1:9 တစ်ဖန် ဘုရားသခင်က “မိုးကောင်းကင်အောက်၌ရှိသောရေသည် တစ်နေရာတည်း၌စုဝေးစေ။ ကုန်းမြေပေါ်လာစေ”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။
1:10 ဘုရားသခင်သည် ကုန်းမြေကို မြေကြီး ဟုခေါ်ဝေါ်၍ ရေစုဝေးရာကို ပင်လယ် ဟုခေါ်ဝေါ်တော်မူ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။
1:11 တစ်ဖန် ဘုရားသခင်က “မြေကြီးသည် မြက်ပင်ကိုလည်းကောင်း၊ အစေ့အနှံထွက်သောအပင်ကိုလည်းကောင်း၊ အမျိုးအလိုက် အတွင်း၌အစေ့ပါသည့်အသီးကိုသီးသော သီးစားပင်ကိုလည်းကောင်း မြေပေါ်၌ ပေါက်စေလော့”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။
1:12 မြေကြီးသည် မြက်ပင်ကိုလည်းကောင်း၊ အမျိုးအလိုက် အစေ့အနှံထွက်သောအပင်ကိုလည်းကောင်း၊ အမျိုးအလိုက် အတွင်း၌အစေ့ပါသည့်အသီးကိုသီးသော အပင်ကိုလည်းကောင်း ပေါက်စေ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။
1:13 ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ တတိယနေ့ရက်ဖြစ်လေ၏။
1:14 တစ်ဖန် ဘုရားသခင်က “နေ့နှင့်ညကိုပိုင်းခြားရန် မိုးကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်များဖြစ်တည်စေ။ ထိုအလင်းအိမ်တို့သည် ရာသီ၊ နေ့ရက်၊ နှစ်ကာလများအတွက် အမှတ်လက္ခဏာဖြစ်စေ။
1:15 မြေကြီးကိုအလင်းပေးရန် မိုးကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်များ ဖြစ်တည်စေ”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။
1:16 ဘုရားသခင်သည် နေ့ကိုအုပ်စိုးစေရန် အလင်းအိမ်အကြီး၊ ညကိုအုပ်စိုးစေရန် အလင်းအိမ်အငယ်ဟူသော အလင်းအိမ်ကြီးနှစ်လုံးနှင့်တကွ ကြယ်များကို ဖန်ဆင်းတော်မူ၏။
1:17 ဘုရားသခင်သည် ထိုအလင်းအိမ်များကို မိုးကောင်းကင်မျက်နှာကြက်၌ ထားတော်မူ၍ မြေကြီးကိုအလင်းပေးစေ၏။
1:18 နေ့နှင့်ညကို အုပ်စိုးစေ၍ အလင်းနှင့်အမှောင်ကို ပိုင်းခြားစေ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။
1:19 ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ စတုတ္ထနေ့ရက်ဖြစ်လေ၏။
1:20 တစ်ဖန် ဘုရားသခင်က “ရေသည် အုပ်စုလိုက်နေထိုင်သွားလာသောသက်ရှိသတ္တဝါများနှင့်ပြည့်နှက်စေ။ ငှက်တို့သည် မြေကြီးအထက် မိုးကောင်းကင်မျက်နှာကြက်အနှံ့ ပျံသန်းကြစေ”ဟု မိန့်တော်မူ၏။
1:21 ဘုရားသခင်သည် ကြီးမားသောပင်လယ်သတ္တဝါများနှင့် ရေ၌ပြည့်နှက်နေသည့် လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအမျိုးမျိုးတို့ကို အမျိုးအလိုက်၊ တောင်ပံရှိသောငှက်အမျိုးမျိုးတို့ကို အမျိုးအလိုက် ဖန်ဆင်းတော်မူ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။
1:22 ဘုရားသခင်သည် ထိုသတ္တဝါတို့ကိုကောင်းချီးပေးလျက် “များစွာမွေးဖွား၍ တိုးပွားကြလော့။ ပင်လယ်ရေများ၌ ပြည့်ကြလော့။ ငှက်တို့လည်း မြေကြီးပေါ်၌ တိုးပွားကြလော့”ဟု မိန့်တော်မူ၏။
1:23 ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ပဉ္စမနေ့ရက်ဖြစ်လေ၏။
1:24 တစ်ဖန် ဘုရားသခင်က “မြေကြီးသည် သက်ရှိသတ္တဝါကို အမျိုးအလိုက် ပေါက်ဖွားစေ။ ယဉ်ပါးသောတိရစ္ဆာန်၊ တွားသွားသောတိရစ္ဆာန်နှင့် တောရိုင်းတိရစ္ဆာန်တို့ကို အမျိုးအလိုက် ပေါက်ဖွားစေ”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။
1:25 ဘုရားသခင်သည် တောရိုင်းတိရစ္ဆာန်ကို အမျိုးအလိုက်၊ ယဉ်ပါးသောတိရစ္ဆာန်ကို အမျိုးအလိုက်၊ မြေပေါ်ရှိတွားသွားသောတိရစ္ဆာန်အပေါင်းတို့ကို အမျိုးအလိုက် ဖန်ဆင်းတော်မူ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။
1:26 တစ်ဖန် ဘုရားသခင်က “ငါတို့၏ပုံသဏ္ဌာန်အတိုင်း ငါတို့နှင့်တစ်ပုံစံတည်းတူသောလူကို ဖန်ဆင်းကြစို့။ သူတို့သည် ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ ယဉ်ပါးသောတိရစ္ဆာန်တို့ကိုလည်းကောင်း၊ ကမ္ဘာမြေတစ်ခွင်လုံးကိုလည်းကောင်း၊ မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြစေ”ဟု မိန့်တော်မူ၏။
1:27 ဘုရားသခင်သည် မိမိပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းရာတွင် ယောက်ျားနှင့်မိန်းမအဖြစ် သူတို့ကိုဖန်ဆင်းတော်မူ၏။
1:28 ထို့နောက် ဘုရားသခင်သည် သူတို့ကိုကောင်းချီးပေးတော်မူ၏။ ဘုရားသခင်က “များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးကိုပြည့်စေ၍ ၎င်းကိုနိုင်နင်းကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့”ဟု သူတို့အား မိန့်တော်မူ၏။
1:29 တစ်ဖန် ဘုရားသခင်က “ကြည့်ရှုလော့။ မြေတစ်ပြင်လုံးရှိ အစေ့အနှံထွက်သောအပင်ရှိသမျှနှင့် အတွင်း၌အစေ့ပါသည့်အသီးကိုသီးသော သစ်ပင်ရှိသမျှတို့ကို သင်တို့အားငါပေး၏။ ၎င်းတို့သည် သင်တို့အတွက် စားစရာဖြစ်ကြလိမ့်မည်။
1:30 တောရိုင်းတိရစ္ဆာန်အားလုံး၊ မိုးကောင်းကင်ငှက်အားလုံး၊ မြေပေါ်မှာတွားသွားသောသတ္တဝါအားလုံး စသည့် သက်ရှိသတ္တဝါတို့စားစရာအတွက်မူကား စိမ်းလန်းသောမြက်ပင်အမျိုးမျိုးတို့ကို ငါပေး၏”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။
1:31 ဘုရားသခင်သည် မိမိဖန်ဆင်းသောအရာအားလုံး အလွန်ကောင်းသည်ကို မြင်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ဆဋ္ဌမနေ့ရက်ဖြစ်လေ၏။