Genesis 2
2:1 ဤသို့ဖြင့် ကောင်းကင်၊ မြေကြီးနှင့်တကွ ၎င်းတို့၌ရှိသောတန်ဆာအားလုံးပြီးစီးလေ၏။
2:2 သတ္တမနေ့၌ ဘုရားသခင်လုပ်ဆောင်သောအမှု ပြီးဆုံးလေ၏။ ထိုသို့ မိမိလုပ်ဆောင်သောအမှုအလုံးစုံပြီးဆုံး၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။
2:3 ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား ထိုနေ့၌ ဘုရားသခင်သည် မိမိလုပ်ဆောင်သောဖန်ဆင်းခြင်းအမှု အလုံးစုံပြီးဆုံး၍ ငြိမ်ဝပ်စွာနေတော်မူ၏။
2:4 ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူစဉ်အခါက ၎င်းတို့၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူရာကာလတွင်
2:5 မြေကြီးပေါ်၌ မည်သည့်တောချုံမျှမရှိသေး၊ မည်သည့်တောမြက်ပင်မျှလည်းမပေါက်သေး။ အကြောင်းမူကား ထာဝရအရှင်ဘုရားသခင်သည် မြေကြီးပေါ်၌ မိုးကိုရွာစေတော်မမူသေး။ မြေကိုထွန်ယက်လုပ်ကိုင်သောလူလည်း မရှိသေးချေ။
2:6 သို့သော် မြေကြီးမှရေခိုးရေငွေ့ ထွက်၍ မြေတစ်ပြင်လုံးကို စိုစွတ်စေ၏။
2:7 ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုပုံဖော်ဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတော်မူရာ လူသည် သက်ရှိသတ္တဝါဖြစ်လာ၏။
2:8 ထာဝရအရှင်ဘုရားသခင်သည် အရှေ့ဘက်ရှိဧဒင်အရပ်၌ ဥယျာဉ်ကိုစိုက်ပျိုးပြီးလျှင် မိမိပုံဖော်ဖန်ဆင်းထားသောလူကို ထိုဥယျာဉ်၌ နေရာချထားတော်မူ၏။
2:9 ထာဝရအရှင်ဘုရားသခင်သည် ရှုချင်စဖွယ်ကောင်းသော၊ စားဖွယ်ကောင်းသောအပင်အမျိုးမျိုးကို မြေမှပေါက်စေတော်မူ၏။ ဥယျာဉ်အလယ်၌ အသက်ပင်နှင့် အကောင်းအဆိုးသိကျွမ်းရာအပင်ရှိ၏။
2:10 ဥယျာဉ်ကိုစိုစွတ်စေရန် မြစ်တစ်မြစ်သည် ဧဒင်အရပ်မှစီးထွက်၍ ထိုနေရာမှလေးဖြာကွဲပြီး မြစ်လေးသွယ်ဖြစ်လေ၏။
2:11 ပထမမြစ်၏အမည်ကား ဖိရှုန်ဖြစ်၏။ ထိုမြစ်သည် ရွှေထွက်သော ဟဝိလနယ်မြေတစ်လျှောက်ကို ကွေ့ပတ်စီးဆင်းလေ၏။
2:12 ထိုပြည်မှထွက်သောရွှေသည် ကောင်းလှ၏။ ပယင်းနှင့်မဟူရာကြောင်ဝင်ကျောက်တို့လည်း ထွက်၏။
2:13 ဒုတိယမြစ်၏အမည်ကား ဂိဟုန်ဖြစ်၏။ ထိုမြစ်သည် ကုရှပြည်တစ်လျှောက် ကွေ့ပတ်စီးဆင်းလေ၏။
2:14 တတိယမြစ်၏အမည်ကား တိုက်ဂရစ်ဖြစ်၏။ ထိုမြစ်သည် အဆီးရီးယားပြည်၏အရှေ့ဘက်သို့ စီးဆင်းလေ၏။ စတုတ္ထမြစ်ကား ယူဖရေးတီးမြစ်ဖြစ်၏။
2:15 ထာဝရအရှင်ဘုရားသခင်သည် လူကိုခေါ်ဆောင်၍ ဧဒင်ဥယျာဉ်ကိုပြုစုစောင့်ရှောက်စေရန် ထိုဥယျာဉ်၌ထားတော်မူ၏။
2:16 ထာဝရအရှင်ဘုရားသခင်က လူအား “သင်သည် ဥယျာဉ်၌ရှိသမျှသောအပင်၏အသီးကို လွတ်လပ်စွာစားခွင့်ရှိ၏။
2:17 သို့သော် အကောင်းအဆိုးသိကျွမ်းရာအပင်၏အသီးကို မစားရ။ အကြောင်းမူကား ထိုအသီးကိုစားသောနေ့တွင် သင်သည် မုချသေရမည်”ဟု ပညတ်ထားတော်မူ၏။
2:18 ထို့နောက် ထာဝရအရှင်ဘုရားသခင်က “လူသည် တစ်ယောက်တည်းမနေကောင်း။ သူနှင့်သင့်တော်သည့် ကူညီမစသူကို သူ့အတွက် ငါဖန်ဆင်းဦးမည်”ဟု မိန့်တော်မူ၏။
2:19 ထာဝရအရှင်ဘုရားသခင်သည် တောရိုင်းတိရစ္ဆာန်အမျိုးမျိုးနှင့် မိုးကောင်းကင်ငှက်အမျိုးမျိုးတို့ကို မြေကြီးဖြင့်ပုံဖော်ဖန်ဆင်းပြီးလျှင် ၎င်းတို့ကို လူကမည်သို့မှည့်ခေါ်မည်ကို သိရှိရန် လူထံသို့ ခေါ်ဆောင်လာခဲ့၏။ သက်ရှိသတ္တဝါတို့သည် လူမှည့်ခေါ်သည့်အတိုင်း နာမည်အသီးသီးရကြ၏။
2:20 ထိုသို့ လူသည် ယဉ်ပါးသောတိရစ္ဆာန်အပေါင်းတို့နှင့် မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ တောရိုင်းတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အမည်မှည့်ခေါ်လေ၏။ သို့သော် အာဒံ နှင့်သင့်တော်သည့် အထောက်အမ မရှိသေးချေ။
2:21 ထို့ကြောင့် ထာဝရအရှင်ဘုရားသခင်သည် လူကို အိပ်မောကျစေတော်မူ၍ သူအိပ်ပျော်စဉ် သူ၏နံရိုးတစ်ချောင်းကို ထုတ်ယူပြီးလျှင် ထိုနေရာကို အသားဖြင့်ပြန်ပိတ်တော်မူ၏။
2:22 ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် လူထဲမှထုတ်ယူသောနံရိုးဖြင့် မိန်းမကိုဖန်ဆင်း၍ လူထံသို့ ခေါ်ဆောင်လာခဲ့၏။
2:23 ထိုအခါ လူက “ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ သူ့ကို ယောက်ျားထဲမှထုတ်ယူသောကြောင့် မိန်းမ ဟူ၍မှည့်ခေါ်မည်”ဟု ဆိုလေ၏။
2:24 ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြလိမ့်မည်။
2:25 ထိုလူလင်မယားနှစ်ဦးစလုံးတို့သည် အဝတ်မပါအချည်းစည်းနေကြသော်လည်း ရှက်ကြောက်ခြင်းမရှိကြပေ။