Genesis 24
24:1 အာဗြဟံသည် အသက်အရွယ်ကြီးရင့်လေပြီ။ ထာဝရဘုရားသည် အာဗြဟံကို အရာရာ၌ကောင်းချီးပေးတော်မူ၏။
24:2 အာဗြဟံသည် မိမိပိုင်ဆိုင်သောအရာအားလုံးကိုအုပ်ထိန်းရသော၊ မိမိအိမ်တွင်အသက်ကြီးဆုံးဖြစ်သောအစေအပါးအား “သင်၏လက်ကို ငါ့ပေါင်အောက်၌ထားလော့။
24:3 ကောင်းကင်နှင့်မြေကြီး၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍ သင်သည် ငါနေထိုင်လျက်ရှိသောအရပ်မှ ခါနာန်အမျိုးသမီးများထဲတွင် ငါ့သားအတွက် မိန်းမကိုမရှာဘဲ
24:4 ငါ့ပြည်၊ ငါ့ဆွေမျိုးသားချင်းထံသို့သွား၍ ငါ့သားဣဇက်အတွက် မိန်းမကိုရှာပါမည်ဟု သင့်အား ငါကျိန်ဆိုစေမည်”ဟု ဆို၏။
24:5 အစေအပါးကလည်း “အကယ်၍ မိန်းမသည် ဤပြည်သို့ အကျွန်ုပ်နှင့်အတူမလိုက်လာလိုလျှင် သခင်၏သားကို သခင်ထွက်လာခဲ့သောပြည်သို့ အကျွန်ုပ်ခေါ်သွားရပါမည်လော”ဟု မေးလျှောက်၏။
24:6 အာဗြဟံကလည်း “ငါ့သားကို ထိုအရပ်သို့ မခေါ်သွားမိစေရန် သင်သတိပြုလော့။
24:7 ငါ့ဖခင်၏အိမ်၊ ငါ့မွေးရပ်မြေမှ ငါ့ကိုခေါ်ယူ၍ ‘ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေးမည်’ဟု ကျိန်ဆိုကတိပေးတော်မူသော ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ကောင်းကင်တမန်ကို သင့်ရှေ့၌ စေလွှတ်တော်မူမည်ဖြစ်၍ သင်သည် ငါ့သားအတွက် ထိုအရပ်မှ မိန်းမကိုရှာရမည်။
24:8 အကယ်၍ မိန်းမသည် သင်နှင့်အတူမလိုက်လာလိုလျှင် သင်သည် ငါနှင့်ပြုသောဤကျိန်ဆိုခြင်းမှကင်းလွတ်စေ။ ငါ့သားကိုကား ထိုအရပ်သို့ မခေါ်သွားရ”ဟု ဆို၏။
24:9 ထိုအခါ အစေအပါးသည် မိမိသခင်အာဗြဟံ၏ပေါင်အောက်၌ လက်ကိုထားပြီး ဤအမှုအရာနှင့်ပတ်သက်၍ ကျိန်ဆိုလေ၏။
24:10 ထို့နောက် အစေအပါးသည် မိမိသခင်၏ကုလားအုတ်များထဲမှ ကုလားအုတ်ဆယ်စီးကိုရွေးယူပြီးလျှင် မိမိသခင်ပိုင်ဆိုင်သည့်အဖိုးတန်ပစ္စည်းအမျိုးမျိုးတို့ကိုယူဆောင်လျက် ထ၍ ထွက်ခွာသွားရာ မက်ဆိုပိုတေးမီးယားပြည်ရှိ နာခေါ်နေသောမြို့သို့ရောက်လေ၏။
24:11 အမျိုးသမီးများရေခပ်ဆင်းချိန်ဖြစ်သည့် နေဝင်ချိန်၌ သူသည် မြို့ပြင်ရှိရေတွင်းနားမှာ ကုလားအုတ်တို့ကို ဝပ်စေပြီးလျှင်
24:12 “အို အကျွန်ုပ်သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ ယနေ့ အကျွန်ုပ်၏အမှုကို အထမြောက်အောင်မြင်စေ၍ အကျွန်ုပ်၏သခင်အာဗြဟံအား မေတ္တာကရုဏာကိုပြတော်မူပါ။
24:13 ကြည့်ရှုလော့။ အကျွန်ုပ်သည် စမ်းရေတွင်းနားမှာရပ်လျက်နေပါ၏။ ဤမြို့သမီးပျိုတို့သည် ရေခပ်ရန် ထွက်လာကြပါလိမ့်မည်။
24:14 အကျွန်ုပ်သည် မိန်းကလေးတစ်ဦးအား ‘သင်၏ရေအိုးကိုချ၍ အကျွန်ုပ်အားရေသောက်ခွင့်ပေးပါ’ဟု ဆိုသောအခါ သူက ‘သောက်ပါ။ သင်၏ကုလားအုတ်တို့ကိုလည်း ကျွန်မရေတိုက်ပေးပါမည်’ဟု ဆိုလျှင် ထိုသူသည် ကိုယ်တော်၏အစေအပါးဣဇက်အတွက် ကိုယ်တော်ရွေးချယ်ထားသောသူဖြစ်ပါစေသော။ ဤသို့အားဖြင့် ကိုယ်တော်သည် အကျွန်ုပ်၏သခင်အား မေတ္တာကရုဏာပြတော်မူကြောင်း အကျွန်ုပ်သိရပါလိမ့်မည်”ဟု ဆုတောင်းလေ၏။
24:15 ထိုသို့ ဆုတောင်း၍မပြီးမီ ရေဗက္ကာသည် မိမိပခုံးပေါ်တွင် ရေအိုးတင်လျက်ထွက်လာ၏။ သူသည် အာဗြဟံ၏ညီနာခေါ်နှင့် သူ၏မယားမိလခါ၏သားဖြစ်သူ ဗေသွေလ၏သမီးဖြစ်၏။
24:16 ထိုမိန်းကလေးသည် ရုပ်ဆင်းသွင်ပြင်အလွန်လှပ၍ ယောက်ျားနှင့်မဆက်ဆံသေးသော အပျိုကညာဖြစ်၏။ သူသည် စမ်းရေတွင်းသို့ဆင်းသွား၍ ရေဘူးကိုရေဖြည့်ပြီး ပြန်တက်လာ၏။
24:17 ထိုအစေအပါးသည် မိန်းကလေးနှင့်တွေ့ဆုံရန်ပြေးသွား၍ “သင်၏ရေအိုးမှ ရေအနည်းငယ်သောက်ပါရစေ”ဟု ဆိုလျှင်
24:18 မိန်းကလေးက “ကျွန်မ၏သခင်၊ သောက်ပါ”ဟု ဆိုပြီးလျှင် ရေအိုးကို မိမိလက်ပေါ်သို့ အလျင်အမြန်ချ၍ သူ့ကိုရေတိုက်လေ၏။
24:19 သူ့ကိုရေတိုက်ပြီးသောအခါ “သင်၏ကုလားအုတ်တို့လည်း ရေအဝသောက်ပြီးသည်အထိ ကျွန်မရေခပ်ပေးပါမည်”ဟု ဆိုလျက်
24:20 မိမိရေအိုးထဲမှရေကို ရေစားခွက်ထဲသို့ အလျင်အမြန်လောင်းထည့်ပြီးလျှင် တစ်ဖန်ရေခပ်ရန် ရေတွင်းသို့ပြေးသွား၍ ကုလားအုတ်အားလုံးအတွက် ရေခပ်ပေး၏။
24:21 ထိုသူသည် မိမိခရီးစဉ်ကို ထာဝရဘုရားအောင်မြင်ခွင့်ပေးမည်၊ မပေးမည်ကိုသိရှိရန် မိန်းကလေးကို တိတ်ဆိတ်စွာစောင့်ကြည့်နေ၏။
24:22 ကုလားအုတ်တို့ရေသောက်ပြီးသောအခါ သူသည် အလေးချိန်တစ်ဗေကာ ရှိသောရွှေနှာဆွဲနှင့် မိန်းကလေးလက်၌ဝတ်ဆင်ရန် အလေးချိန်ရှယ်ကယ်တစ်ဆယ် ရှိသော ရွှေလက်ကောက်တစ်စုံကို ထုတ်ပေး၍
24:23 “သင်သည် မည်သူ၏သမီးဖြစ်သနည်း။ အကျွန်ုပ်ကိုပြောပါ။ သင့်ဖခင်၏အိမ်၌ ညအိပ်နားရန် အကျွန်ုပ်တို့အတွက်နေရာရှိသလော”ဟု မေးလေ၏။
24:24 မိန်းကလေးကလည်း “ကျွန်မသည် နာခေါ်အတွက် မိလခါမွေးဖွားသောသားဗေသွေလ၏သမီးဖြစ်ပါသည်”ဟု ဖြေပြီးလျှင်
24:25 “ကျွန်မတို့၌ ကောက်ရိုးနှင့် အစာလည်း များစွာရှိပါ၏။ ညအိပ်နားရန် နေရာလည်းရှိပါ၏”ဟု ဆိုလေ၏။
24:26 ထိုအခါ ထိုသူသည် ဦးညွှတ်၍ ထာဝရဘုရားကိုပျပ်ဝပ်ရှိခိုးကာ
24:27 “အကျွန်ုပ်သခင်အာဗြဟံထံမှ မေတ္တာကရုဏာတော်နှင့်သစ္စာတော်ကို ရုပ်သိမ်းတော်မမူသော အကျွန်ုပ်သခင်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကျွန်ုပ်သခင်၏ဆွေမျိုးသားချင်းအိမ်သို့ သွားသောလမ်းခရီး၌ ထာဝရဘုရားသည် အကျွန်ုပ်ကို ပို့ဆောင်တော်မူပြီ”ဟု ဆိုလေ၏။
24:28 မိန်းကလေးသည်လည်း ပြေးသွား၍ ဤအကြောင်းအရာတို့ကို မိခင်၏အိမ်သူအိမ်သားအား ပြောပြလေ၏။
24:29 ရေဗက္ကာတွင် လာဗန်အမည်ရှိသောအစ်ကိုတစ်ယောက်ရှိ၏။ လာဗန်သည် ထိုသူရှိရာစမ်းရေတွင်းသို့ ပြေးလာ၏။
24:30 သူသည် သူ့ညီမထံမှ နှာဆွဲကိုလည်းကောင်း၊ လက်မှလက်ကောက်တို့ကိုလည်းကောင်း မြင်၍ “ထိုသူသည် ကျွန်မကို ဤသို့ပြောပါသည်”ဟု ဆိုသောမိမိညီမရေဗက္ကာ၏စကားကိုကြားသည်နှင့် ထိုသူရှိရာသို့သွားလေ၏။ ထိုသူသည် စမ်းရေတွင်းနားရှိ ကုလားအုတ်တို့အနီးတွင် ရပ်နေ၏။
24:31 လာဗန်က “ထာဝရဘုရားကောင်းချီးပေးတော်မူသောသူ၊ ဝင်လာပါ။ အဘယ်ကြောင့် အပြင်၌ရပ်နေသနည်း။ အကျွန်ုပ်သည် အိမ်ကိုလည်းကောင်း၊ ကုလားအုတ်တို့အတွက် နေရာကိုလည်းကောင်း ပြင်ဆင်ထားပါပြီ”ဟု ဆို၏။
24:32 သို့ဖြစ်၍ ထိုသူသည် အိမ်သို့လိုက်လာ၏။ လာဗန်သည် ကုလားအုတ်များပေါ်မှ ဝန်ကိုချ၍ ကုလားအုတ်တို့အတွက် ကောက်ရိုးနှင့်အစာကိုပေး၏။ ထိုသူနှင့် သူ့အဖော်တို့၏ခြေကိုဆေးရန် ရေကိုလည်းပေး၏။
24:33 ထို့နောက် သူ့ရှေ့၌ အစားအစာကို တည်ခင်းလေ၏။ သို့သော် ထိုသူက “အကျွန်ုပ်ကိစ္စကို မပြောရမချင်း အကျွန်ုပ်မစားနိုင်ပါ”ဟု ဆိုလျှင် လာဗန်က “ပြောပါ”ဟု ဆိုလေ၏။
24:34 ထိုသူကလည်း “အကျွန်ုပ်သည် အာဗြဟံ၏အစေအပါးဖြစ်ပါသည်။
24:35 ထာဝရဘုရားသည် အကျွန်ုပ်၏သခင်ကို အလွန်ကောင်းချီးပေးတော်မူသဖြင့် သူသည် ချမ်းသာသောသူဖြစ်လာပါသည်။ ကိုယ်တော်သည် သူ့အား သိုးအုပ်၊ နွားအုပ်၊ ရွှေ၊ ငွေ၊ ကျွန်ယောက်ျားများ၊ ကျွန်မိန်းမများ၊ ကုလားအုတ်များနှင့် မြည်းများကို ပေးတော်မူပါသည်။
24:36 အကျွန်ုပ်သခင်၏မယားစာရာသည် အသက်ကြီးမှ အကျွန်ုပ်သခင်အတွက် သားတစ်ယောက်ကိုမွေးဖွားခဲ့ပါသည်။ အကျွန်ုပ်၏သခင်သည် မိမိပိုင်ဆိုင်သောအရာအားလုံးကို ထိုသားအား ပေးပါသည်။
24:37 အကျွန်ုပ်သခင်က ‘သင်သည် ငါနေထိုင်လျက်ရှိသောပြည်မှ ခါနာန်အမျိုးသမီးများထဲတွင် ငါ့သားအတွက် မိန်းမကိုမရှာဘဲ
24:38 ငါ့မျိုးနွယ်စု၊ ငါ့ဖခင်၏အိမ်သို့သွား၍ ငါ့သားအတွက် မိန်းမကိုရှာရမည်’ဟု အကျွန်ုပ်အားမှာကြား၍ ကျိန်ဆိုစေခဲ့ပါသည်။
24:39 အကျွန်ုပ်ကလည်း ‘အကယ်၍မိန်းမသည် အကျွန်ုပ်နှင့်အတူမလိုက်လာလိုလျှင် မည်သို့နည်း’ဟု အကျွန်ုပ်သခင်အား မေးလျှင်
24:40 သခင်က ‘ငါသည် ထာဝရဘုရားရှေ့တော်၌ အသက်ရှင်လျှောက်လှမ်းခဲ့၏။ ထိုဘုရားသည် မိမိ၏ကောင်းကင်တမန်ကို သင့်ရှေ့၌ စေလွှတ်၍ သင်၏ခရီးစဉ်ကို အောင်မြင်ခွင့်ပေးတော်မူလိမ့်မည်။ သို့ဖြစ်၍ သင်သည် ငါ့မျိုးနွယ်စု၊ ငါ့ဖခင်၏အိမ်တွင် ငါ့သားအတွက် မိန်းမကိုရှာရမည်။
24:41 သူတို့သည် သူတို့၏သမီးကို သင့်အား မပေးလျှင်လည်း သင်သည် ငါ့မျိုးနွယ်စုထံသို့ရောက်သည်နှင့်ပင် ငါ၏ကျိန်ခြင်းမှ ကင်းလွတ်ရလိမ့်မည်’ဟု အကျွန်ုပ်အားဆိုခဲ့ပါသည်။
24:42 အကျွန်ုပ်သည် ယနေ့ စမ်းရေတွင်းသို့ရောက်သောအခါ ‘အို အကျွန်ုပ်သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်လာသောခရီးစဉ်အောင်မြင်စေရန် ကိုယ်တော်အလိုရှိလျှင်
24:43 အကျွန်ုပ်သည် စမ်းရေတွင်းနားမှာ ရပ်နေ၍ ရေခပ်ရန်ထွက်လာသည့် မိန်းမပျိုတစ်ယောက်အား “သင်၏ရေအိုးမှ ရေအနည်းငယ်သောက်ပါရစေ”ဟု ဆိုသောအခါ
24:44 သူက “သောက်ပါ။ သင်၏ကုလားအုတ်တို့အတွက်လည်း ကျွန်မရေခပ်ပေးပါမည်”ဟု ဆိုလျှင် ထိုသူသည် အကျွန်ုပ်သခင်၏သားအတွက် ထာဝရဘုရားရွေးချယ်ထားသောမိန်းမဖြစ်ပါစေသော’ဟု ဆုတောင်းခဲ့ပါသည်။
24:45 ထိုသို့ အကျွန်ုပ်သည် စိတ်နှလုံးထဲ၌ မြွက်ဆို၍ မပြီးမီ ရေဗက္ကာသည် မိမိပခုံးပေါ်တွင် ရေအိုးတင်လျက်ထွက်လာပြီး စမ်းရေတွင်းသို့ဆင်းသွား၍ရေခပ်ပါသည်။ အကျွန်ုပ်က သူ့အား ‘ရေသောက်ပါရစေ’ဟု ဆိုလျှင်
24:46 သူသည် ရေအိုးကို မိမိပခုံးပေါ်မှအလျင်အမြန်ချ၍ ‘သောက်ပါ။ သင်၏ကုလားအုတ်တို့ကိုလည်း ကျွန်မရေတိုက်ပါမည်’ဟု ဆိုပါသည်။ ထို့ကြောင့် အကျွန်ုပ်သည် ရေသောက်ရပါသည်။ သူသည် ကုလားအုတ်တို့ကိုလည်း ရေတိုက်ပါသည်။
24:47 အကျွန်ုပ်ကလည်း ‘သင်သည် မည်သူ၏သမီးဖြစ်သနည်း’ဟု သူ့အားမေးလျှင် သူက ‘ကျွန်မသည် နာခေါ်အတွက် မိလခါမွေးဖွားပေးသောသားဗေသွေလ၏သမီးဖြစ်ပါသည်’ဟု ဆိုပါသည်။ ထိုအခါ အကျွန်ုပ်သည် သူ၏နှာခေါင်း၌ နှာဆွဲကိုလည်းကောင်း၊ သူ၏လက်၌ လက်ကောက်တို့ကိုလည်းကောင်း ဆင်ယင်ပေးပါသည်။
24:48 ထို့နောက် အကျွန်ုပ်သည်ဦးညွှတ်၍ ထာဝရဘုရားကိုရှိခိုးကိုးကွယ်ကာ အကျွန်ုပ်သခင့်ညီ၏မြေးကို သခင့်သားအတွက်ရွေးယူရန် အကျွန်ုပ်ကို မှန်သောလမ်းဖြင့်ပို့ဆောင်တော်မူသော အကျွန်ုပ်သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရားကို ကောင်းချီးထောမနာပြုပါသည်။
24:49 ယခု သင်တို့သည် အကျွန်ုပ်သခင်အား မေတ္တာသစ္စာကိုပြလိုလျှင်ဖြစ်စေ၊ မပြလိုလျှင်ဖြစ်စေအကျွန်ုပ်ကိုပြောပါ။ သို့မှသာ အကျွန်ုပ်သည် လက်ယာဘက်ဖြစ်စေ၊ လက်ဝဲဘက်ဖြစ်စေ တစ်လမ်းလမ်းသွားနိုင်ပါမည်”ဟု ပြောဆိုလေ၏။
24:50 လာဗန်နှင့်ဗေသွေလတို့ကလည်း “ဤအမှုသည် ထာဝရဘုရားထံတော်မှလာ၏။ အကျွန်ုပ်တို့သည် ကောင်းသည်၊ မကောင်းသည် ဟူ၍ သင့်ကိုမပြောနိုင်ပါ။
24:51 ရေဗက္ကာသည် သင့်ရှေ့၌ရှိ၏။ သူ့ကိုခေါ်သွားပါ။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သင့်သခင်၏သားအတွက် မယားဖြစ်စေပါ”ဟု ပြန်ဖြေကြ၏။
24:52 အာဗြဟံ၏အစေအပါးသည် သူတို့၏စကားကိုကြားလျှင် မြေမှာပျပ်ဝပ်လျက် ထာဝရဘုရားကိုရှိခိုးလေ၏။
24:53 ထို့နောက် ထိုအစေအပါးသည် ရွှေတန်ဆာ၊ ငွေတန်ဆာနှင့် အဝတ်တန်ဆာတို့ကိုထုတ်၍ ရေဗက္ကာအား ပေး၏။ သူ့အစ်ကိုနှင့် သူ့မိခင်အားလည်း အဖိုးတန်သောလက်ဆောင်များကို ပေး၏။
24:54 ထို့နောက် ထိုအစေအပါးနှင့်သူ့အဖော်တို့သည် စားသောက်၍ ညအိပ်နားကြ၏။ နံနက်အချိန်တွင် သူတို့ထကြသောအခါ ထိုအစေအပါးက “အကျွန်ုပ်ကို အကျွန်ုပ်သခင်ထံသို့ ပြန်ခွင့်ပြုပါ”ဟု ဆိုလေ၏။
24:55 ရေဗက္ကာ၏မိခင်နှင့်အစ်ကိုက “မိန်းကလေးသည် အကျွန်ုပ်တို့နှင့်အတူ ဆယ်ရက်ခန့် နေပါစေဦး။ ထို့နောက်မှ သူ့ကိုသွားစေမည်”ဟု ဆို၏။
24:56 အစေအပါးကလည်း “ထာဝရဘုရားသည် အကျွန်ုပ်၏ခရီးစဉ်ကို အောင်မြင်စေတော်မူပြီဖြစ်၍ အကျွန်ုပ်မနှောင့်နှေးပါရစေနှင့်။ အကျွန်ုပ်ကိုပြန်ခွင့်ပြုပါ။ အကျွန်ုပ်သခင်ထံသို့ ပြန်သွားပါရစေ”ဟု ဆို၏။
24:57 သူတို့ကလည်း “မိန်းကလေးကိုခေါ်၍ သူ့ဆန္ဒကို မေးကြည့်ကြစို့”ဟု ဆိုပြီးလျှင်
24:58 ရေဗက္ကာကိုခေါ်၍ “သင်သည် ဤသူနှင့်လိုက်သွားမည်လော”ဟု မေးကြရာ သူက “ကျွန်မလိုက်သွားပါမည်”ဟု ဆို၏။
24:59 ထို့ကြောင့် သူတို့သည် မိမိတို့ညီမရေဗက္ကာနှင့် သူ၏အထိန်းကို အာဗြဟံ၏အစေအပါး၊ သူ၏လူတို့နှင့်အတူ လွှတ်လိုက်ကြ၏။
24:60 သူတို့သည် ရေဗက္ကာကိုကောင်းချီးပေးလျက် “ငါတို့နှမ၊ သင်သည် လူအထောင်အသောင်းတို့၏အမိဖြစ်လာပါစေ။ သင်၏အမျိုးအနွယ်သည် ရန်သူ တို့၏မြို့တံခါးကို သိမ်းပိုက်နိုင်ပါစေ”ဟု ဆိုကြ၏။
24:61 ထို့နောက် ရေဗက္ကာနှင့် သူ၏အစေခံမိန်းကလေးတို့သည်ထ၍ ကုလားအုတ်တို့ကိုစီးလျက် ထိုသူ၏နောက်သို့လိုက်သွားကြ၏။ ဤသို့ဖြင့် ထိုအစေအပါးသည် ရေဗက္ကာကိုခေါ်ဆောင်၍ ထွက်ခွာသွားလေ၏။
24:62 ထိုအချိန်တွင် ဣဇက်သည် ဗေရလဟဲရောအရပ်မှလာ၍ နေဂေ့အရပ်၌နေထိုင်၏။
24:63 ဣဇက်သည် ညချမ်းအချိန်၌ ကွင်းပြင်သို့ လမ်းလျှောက်ထွက်သွား၍ မျှော်ကြည့်လိုက်ရာ ကုလားအုတ်များလာနေသည်ကိုမြင်လေ၏။
24:64 ရေဗက္ကာသည်လည်း မျှော်ကြည့်၍ ဣဇက်ကိုမြင်လျှင် ကုလားအုတ်အပေါ်မှဆင်းပြီး
24:65 “ကျွန်မတို့ကိုကြိုဆိုရန် ကွင်းပြင်၌လျှောက်လာသော ထိုသူသည် မည်သူနည်း”ဟု အစေအပါးအားမေးလေ၏။ အစေအပါးကလည်း “သူသည် အကျွန်ုပ်၏သခင်ဖြစ်ပါသည်”ဟု ပြန်ပြောလျှင် ရေဗက္ကာသည် ခြုံပဝါကိုယူ၍ မျက်နှာကိုဖုံးလေ၏။
24:66 အစေအပါးသည် မိမိပြုခဲ့သောအရာအားလုံးကို ဣဇက်အား ပြောပြလေ၏။
24:67 ထိုအခါ ဣဇက်သည် ရေဗက္ကာကို မိခင်စာရာ၏တဲထဲသို့ခေါ်ဆောင်သွား၍ သူနှင့်စုံဖက်သဖြင့် ရေဗက္ကာသည် သူ၏မယားဖြစ်လာ၏။ ဣဇက်သည် ရေဗက္ကာကိုချစ်သဖြင့် မိခင်မရှိတော့သည့်နောက်တွင် နှစ်သိမ့်မှုကိုရရှိ၏။