Genesis 25
25:1 အာဗြဟံသည် မိန်းမနောက်ထပ်တစ်ယောက်ယူ၏။ သူ၏အမည်မှာ ကေတုရ ဖြစ်၏။
25:2 ထိုမိန်းမသည် အာဗြဟံအတွက် သားဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်နှင့် ရှုအာ တို့ကိုမွေးဖွားပေး၏။
25:3 ယုတ်ရှန်သည် သားရှေဘနှင့်ဒေဒန်ကိုရ၏။ ဒေဒန်မှဆင်းသက်လာသောသူများမှာ အာရှုရိမ်လူမျိုး၊ လေတုရှိမ်လူမျိုးနှင့် လုမ်မိမ်လူမျိုး တို့ဖြစ်ကြ၏။
25:4 မိဒျန်၏သားများမှာ ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒနှင့် ဧလဒါ တို့ဖြစ်ကြ၏။ ဤသူအပေါင်းတို့သည် ကေတုရ၏သားမြေးများဖြစ်ကြ၏။
25:5 အာဗြဟံသည် မိမိပိုင်ဆိုင်သောအရာအားလုံးကို ဣဇက်အား ပေး၏။
25:6 မိမိမယားငယ်တို့၏သားတို့ကိုကား အာဗြဟံသည် လက်ဆောင်ပစ္စည်းများပေး၍ မိမိအသက်ရှင်စဉ်တွင် သူတို့ကို မိမိသားဣဇက်နှင့်ဝေးရာ အရှေ့ပြည်သို့ လွှတ်လိုက်လေ၏။
25:7 အာဗြဟံအသက်ရှင်ခဲ့သောနေ့ရက်နှစ်ကာလမှာ တစ်ရာခုနစ်ဆယ့်ငါးနှစ်ဖြစ်၏။
25:8 အာဗြဟံသည် အိုမင်းရင့်ရော်၍ သက်တမ်းစေ့သောအခါ နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
25:9 သူ၏သား ဣဇက်နှင့်ဣရှမေလတို့သည် မံရေမြို့အရှေ့ဘက်၊ ဟိတ္တိလူမျိုးဇောဟာ၏သား ဧဖရုန်၏လယ်၌ရှိသော မပ္ပေလလိုဏ်ဂူတွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။
25:10 ထိုလယ်သည် ဟေသအမျိုးသားတို့ထံမှ အာဗြဟံဝယ်ယူထားသောလယ်ဖြစ်၏။ အာဗြဟံကို သူ၏မယားစာရာနှင့်အတူ ထိုအရပ်တွင် သင်္ဂြိုဟ်ကြလေ၏။
25:11 အာဗြဟံကွယ်လွန်ပြီးနောက် သူ၏သားဣဇက်ကို ဘုရားသခင်ကောင်းချီးပေးတော်မူ၏။ ဣဇက်သည် ဗေရလဟဲရောအရပ်၌ နေထိုင်၏။
25:12 စာရာ၏ကျွန်မ၊ အီဂျစ်အမျိုးသမီး ဟာဂရက မွေးဖွားပေးသော အာဗြဟံ၏သား ဣရှမေလ၏ဆွေစဉ်မျိုးဆက်မှာ ဤသို့ဖြစ်၏။
25:13 ဣရှမေလ၏သားတို့၏အမည်များကား ဤသို့တည်း။ သူတို့၏အမည်များကို ကြီးစဉ်ငယ်လိုက်စဉ်သော် ဣရှမေလ၏သားဦးမှာ နဗာယုတ်၊ ထို့နောက် ကေဒါ၊ အာဒဗေလ၊ မိဗသံ၊
25:14 ထို့နောက် မိရှမ၊ ဒုမာ၊ မာစ၊
25:15 ဟာဒဒ်၊ တေမ၊ ယေတုရ၊ နာဖိရှနှင့် ကေဒမာဖြစ်၏။
25:16 ဤသူတို့ကား ဣရှမေလ၏သားများဖြစ်ကြ၏။ ဤသူတို့၏အမည်များကို သူတို့၏ရွာများ၊ သူတို့စခန်းချရာအရပ်များအလိုက်ခေါ်တွင်ကြ၏။ သူတို့သည် မိမိတို့မျိုးနွယ်စုများအလိုက် ခေါင်းဆောင်တစ်ဆယ့်နှစ်ပါးဖြစ်ကြ၏။
25:17 (ဣရှမေလအသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာသုံးဆယ့်ခုနစ်နှစ်ဖြစ်၏။ သူသည် နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။)
25:18 သူတို့သည် ဟဝိလအရပ်မှ အီဂျစ်ပြည်၏အရှေ့ဘက်၊ အဆီးရီယားပြည်သို့သွားသောလမ်း၌ရှိသည့် ရှုရအရပ်တိုင်အောင် နေထိုင်ကြ၏။ သူတို့သည် မိမိညီအစ်ကိုအပေါင်းတို့နှင့် ရန်ဘက်ပြုလျက် နေထိုင်ကြ၏။
25:19 အာဗြဟံသားဣဇက်၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ အာဗြဟံသည် သားဣဇက်ကိုရ၏။
25:20 ဣဇက်သည် ပါဒန်အာရံပြည်မှ အာရံလူမျိုးဗေသွေလ၏သမီး၊ လာဗန်၏ညီမ ရေဗက္ကာကို မိမိမယားအဖြစ်ယူသောအခါ အသက်လေးဆယ်ရှိ၏။
25:21 ဣဇက်သည် မိမိမယားမြုံသောကြောင့် သူ့အတွက် ထာဝရဘုရားထံဆုတောင်း၏။ ထာဝရဘုရားသည် သူ၏ဆုတောင်းသံကိုနားညောင်းတော်မူ၍ သူ၏မယားရေဗက္ကာသည် ကိုယ်ဝန်ဆောင်လေ၏။
25:22 သို့သော် ကလေးတို့သည် ဝမ်းထဲ၌အချင်းချင်းတိုးဝှေ့ကြသဖြင့် ရေဗက္ကာက “ကျွန်မ၌ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း”ဟု ဆိုလျက် ထာဝရဘုရားအား မေးမြန်းရန် သွားလေ၏။
25:23 ထာဝရဘုရားက “သင်၏ဝမ်းထဲ၌ လူမျိုးနှစ်မျိုးရှိ၏။ သင့်အထဲမှ လူမျိုးနှစ်မျိုးခွဲထွက်လာလိမ့်မည်။ လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်အင်အားကြီးမားလိမ့်မည်။ အကြီးသည် အငယ်ကိုအစေခံရလိမ့်မည်” ဟု သူ့အား မိန့်တော်မူ၏။
25:24 ထို့နောက် ရေဗက္ကာသည် သားဖွားရန်နေ့လစေ့လေ၏။ သူ၏ဝမ်းထဲ၌ သားအမြွှာရှိ၏။
25:25 အဦးဆုံးမွေးလာသောသားသည် အသားအရေနီ၍ သူ၏တစ်ကိုယ်လုံးသည် သားမွေးခြုံထည်ကဲ့သို့ဖြစ်၏။ သူ၏အမည်ကို ဧသော ဟုမှည့်ခေါ်လေ၏။
25:26 ထို့နောက်မှ သူ၏ညီသည် ဧသော၏ဖနောင့်ကို မိမိလက်ဖြင့်ဆုပ်ကိုင်လျက်မွေးလာ၏။ သို့ဖြစ်၍ သူ၏အမည်ကို ယာကုပ် ဟုမှည့်ခေါ်လေ၏။ ထိုသားတို့မွေးဖွားကြသောအခါ ဣဇက်သည် အသက်ခြောက်ဆယ်ရှိပြီဖြစ်၏။
25:27 သူငယ်တို့သည် ကြီးပြင်းလာသောအခါ ဧသောသည် တော၌ကျင်လည်သောမုဆိုးကောင်းဖြစ်၏။ ယာကုပ်မူကား လူရိုးလူအေးတစ်ယောက်ဖြစ်၍ တဲ၌နေလေ့ရှိ၏။
25:28 ဣဇက်သည် တောကောင်သားကိုခံတွင်းတွေ့သောကြောင့် ဧသောကိုချစ်၏။ ရေဗက္ကာမူကား ယာကုပ်ကိုချစ်၏။
25:29 တစ်နေ့တွင် ယာကုပ်သည် ဟင်းချက်ပြုတ်နေစဉ် ဧသောသည် တောမှ မောပန်းလျက်ပြန်လာ၏။
25:30 ဧသောက ယာကုပ်အား “ငါသည် မောပန်းနေသဖြင့် ငါ့ကို ထိုဟင်းနီနီလေးကျွေးပါ”ဟု ဆို၏။ (ထို့ကြောင့် သူ၏အမည်ကို ဧဒုံ ဟုခေါ်ကြ၏။)
25:31 ယာကုပ်ကလည်း “သင်၏သားဦးအရိုက်အရာကို ငါ့အား ယခုရောင်းပါလော့”ဟု ဆို၏။
25:32 ဧသောကလည်း “ငါသေလုပြီဖြစ်၍ ဤသားဦးအရိုက်အရာသည် ငါ့အတွက် မည်သည့်အကျိုးရှိမည်နည်း”ဟု ဆို၏။
25:33 ယာကုပ်ကလည်း “ယခုကျိန်ဆိုပါ”ဟု ဆိုသဖြင့် ဧသောသည် ကျိန်ဆို၏။ ဤသို့ဖြင့် ဧသောသည် မိမိ၏သားဦးအရိုက်အရာကို ယာကုပ်အားရောင်းလေ၏။
25:34 ထိုအခါ ယာကုပ်သည် မုန့်နှင့်ပဲနီဟင်းကို ဧသောအားပေးသဖြင့် သူသည် စားသောက်ပြီးမှ ထ၍ ထွက်သွားလေ၏။ ထိုသို့ ဧသောသည် သားဦးအရိုက်အရာကို မထီမဲ့မြင်ပြု၏။