Genesis 26
26:1 အာဗြဟံလက်ထက်၌ကျရောက်ခဲ့ဖူးသော ငတ်မွတ်ခေါင်းပါးခြင်းဘေးမဟုတ်ဘဲ၊ ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးထပ်မံကျရောက်သည်ဖြစ်၍ ဣဇက်သည် ဖိလိတ္တိဘုရင်အဘိမလက်မင်းကြီးရှိရာဂေရာမြို့သို့ သွားလေ၏။
26:2 ထိုအခါ ထာဝရဘုရားသည် သူ့အားကိုယ်ထင်ရှားပြ၍ “သင်သည် အီဂျစ်ပြည်သို့မဆင်းသွားနှင့်။ သင့်အား ငါပြသည့်ပြည်၌ နေထိုင်လော့။
26:3 ဤပြည်၌ တည်းခိုနေထိုင်လော့။ ငါသည် သင်နှင့်အတူရှိ၍ သင့်ကိုကောင်းချီးပေးမည်။ အကယ်စင်စစ် ဤမြေရှိသမျှတို့ကို သင်နှင့်သင်၏သားစဉ်မြေးဆက်အား ငါပေး၍ သင်၏ဖခင်အာဗြဟံအား ငါကျိန်ဆိုခဲ့သောကတိကို ငါတည်စေမည်။
26:4 ငါသည် သင်၏သားစဉ်မြေးဆက်ကို ကောင်းကင်ကြယ်နှင့်အမျှများပြားစေ၍ သင်၏သားစဉ်မြေးဆက်အား ဤမြေရှိသမျှတို့ကို ပေးမည်။ ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။
26:5 အကြောင်းမူကား အာဗြဟံသည် ငါ့စကားကိုနားထောင်ပြီး ငါ၏ညွှန်ကြားချက်မှစ၍ ငါ၏ပညတ်ချက်များ၊ ငါ၏ပြဋ္ဌာန်းချက်များနှင့် ငါ၏တရားများကို စောင့်ထိန်းသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။
26:6 ထို့ကြောင့် ဣဇက်သည် ဂေရာမြို့၌နေထိုင်လေ၏။
26:7 ထိုအရပ်၌ရှိသောယောက်ျားတို့သည် သူ့မယားအကြောင်းကိုမေးကြသောအခါ ဣဇက်က “ငါ့မယားဖြစ်သည်”ဟု ပြောရမည်ကို ကြောက်၍ “ငါ့နှမဖြစ်သည်”ဟု ဆို၏။ အကြောင်းမှာ ရေဗက္ကာသည် ရုပ်ဆင်းသွင်ပြင်လှပသဖြင့် ထိုအရပ်၌ရှိသောယောက်ျားတို့သည် ရေဗက္ကာအတွက်ကြောင့် မိမိအားသတ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။
26:8 သူသည် ထိုအရပ်၌ရက်အတန်ကြာနေလေ၏။ တစ်နေ့တွင် ဖိလိတ္တိဘုရင်အဘိမလက်မင်းကြီးသည် ပြတင်းပေါက်မှလှမ်းကြည့်လိုက်ရာ ဣဇက်သည် မိမိမယားရေဗက္ကာနှင့် ဆော့မြှူကျီစယ်နေသည်ကိုမြင်၏။
26:9 အဘိမလက်မင်းကြီးသည် ဣဇက်ကိုဆင့်ခေါ်၍ “စင်စစ် ထိုမိန်းမသည် သင်၏မယားဖြစ်၏။ သို့ဖြစ်လျက်နှင့်သင်က ‘သူသည် ငါ့နှမဖြစ်သည်’ဟု အဘယ်ကြောင့်ဆိုရသနည်း”ဟု မေးလေ၏။ ဣဇက်ကလည်း “သူ့အတွက်ကြောင့် အကျွန်ုပ်သေရကောင်းသေရလိမ့်မည်ဟု အကျွန်ုပ်ထင်သောကြောင့်ဖြစ်ပါသည်”ဟု ဖြေလေ၏။
26:10 အဘိမလက်မင်းကြီးကလည်း “ငါတို့၌ သင်ပြုသောဤအမှုကား မည်သို့နည်း။ တစ်စုံတစ်ဦးသောသူသည် သင်၏မယားနှင့် အခန့်မသင့်အိပ်မိလျှင် သင်သည် ငါတို့အပေါ်သို့ အပြစ်ရောက်စေခဲ့ပေလိမ့်မည်”ဟု ဆို၏။
26:11 ထို့နောက် အဘိမလက်မင်းကြီးသည် လူအပေါင်းတို့အား “ဤသူနှင့် သူ၏မယားကိုထိသောသူသည် မုချအသတ်ခံရမည်”ဟု အမိန့်ပေးမှာကြားလေ၏။
26:12 ဣဇက်သည် ထိုပြည်၌ မျိုးစေ့ကြဲ၍ ထိုနှစ်တွင် အဆတစ်ရာသောအသီးအနှံကိုရလေ၏။ ထာဝရဘုရားသည် သူ့ကိုကောင်းချီးပေးတော်မူသောကြောင့်
26:13 သူသည် ကြွယ်ဝလာ၍ အလွန်ချမ်းသာသောသူဖြစ်သည့်တိုင်အောင် ပို၍ပို၍ကြီးပွားလာ၏။
26:14 သူ၌ သိုးအုပ်၊ နွားအုပ် စသည့် တိရစ္ဆာန်များနှင့် အခြွေအရံအမြောက်အမြားရှိသည်ဖြစ်၍ ဖိလိတ္တိအမျိုးသားတို့သည် သူ့ကိုငြူစူကြ၏။
26:15 ထို့ကြောင့် ဖိလိတ္တိအမျိုးသားတို့သည် သူ့ဖခင် အာဗြဟံလက်ထက်၌ သူ့ဖခင်၏အစေအပါးတို့ တူးခဲ့သောရေတွင်းအားလုံးကို မြေဖို့ပိတ်ဆို့ကြ၏။
26:16 အဘိမလက်မင်းကြီးကလည်း “သင်သည် ငါတို့ထက်အလွန်အားကြီးလာသောကြောင့် ငါတို့ထံမှ ထွက်သွားပါ”ဟု ဣဇက်အား ဆို၏။
26:17 ထို့ကြောင့် ဣဇက်သည် ထိုအရပ်မှထွက်သွားပြီး ဂေရာချိုင့်ဝှမ်း၌စခန်းချ၍ နေထိုင်လေ၏။
26:18 ဣဇက်၏ဖခင်အာဗြဟံလက်ထက်၌ တူးခဲ့၍ အာဗြဟံကွယ်လွန်ပြီးနောက် ဖိလိတ္တိအမျိုးသားတို့ ပိတ်ဆို့ခဲ့သောရေတွင်းကို ဣဇက်သည် ပြန်ဖော်လေ၏။ သူသည် ထိုရေတွင်းများ၏အမည်ကို မိမိဖခင်ခေါ်ခဲ့သည့်အမည်အတိုင်း ခေါ်လေ၏။
26:19 ဣဇက်၏အစေအပါးတို့သည် ချိုင့်ဝှမ်း၌ရေတွင်းတူးကြသောအခါ စမ်းရေထွက်သောတွင်းကိုတွေ့ရှိကြ၏။
26:20 သို့သော် ဂေရာမြို့မှတိရစ္ဆာန်ထိန်းကျောင်းသူတို့သည် “ဤရေကို ငါတို့ပိုင်၏”ဟု ဆိုလျက် ဣဇက်၏တိရစ္ဆာန်ထိန်းကျောင်းသူတို့ကို ရန်တွေ့ကြ၏။ ထိုသို့ သူတို့သည် ဣဇက်နှင့်ဖက်ပြိုင်ရန်တွေ့ကြသဖြင့် ဣဇက်သည် ထိုရေတွင်း၏အမည်ကို ဧသက် ဟုခေါ်၏။
26:21 ထို့နောက်တွင် ဣဇက်၏အစေအပါးတို့သည် အခြားသောရေတွင်းကိုတူးကြ၏။ ထိုရေတွင်းအတွက်ကြောင့်လည်း ရန်တွေ့ကြပြန်သဖြင့် ဣဇက်သည် ထိုရေတွင်း၏အမည်ကို သိတန ဟုခေါ်၏။
26:22 ထို့ကြောင့် သူသည် ထိုအရပ်မှရွှေ့ပြောင်း၍ အခြားသောရေတွင်းကိုတူး၏။ ထိုရေတွင်းအတွက်ကြောင့် ရန်မတွေ့ကြတော့သဖြင့် သူက “အကယ်စင်စစ် ထာဝရဘုရားသည် ငါတို့နေရာကို ယခုကျယ်ဝန်းစေတော်မူသည်ဖြစ်၍ ငါတို့သည် ဤပြည်၌ပွားများကြလိမ့်မည်”ဟု ဆိုလျက် ထိုရေတွင်း၏အမည်ကို ရဟောဘုတ် ဟုခေါ်၏။
26:23 ထို့နောက် သူသည် ထိုအရပ်မှထွက်၍ ဗေရရှေဘအရပ်သို့ သွားလေ၏။
26:24 ထိုည၌ ထာဝရဘုရားသည် သူ့အားကိုယ်ထင်ရှားပြ၍ “ငါသည် သင့်ဖခင်အာဗြဟံ၏ဘုရားဖြစ်၏။ မကြောက်နှင့်။ အကြောင်းမူကား ငါသည် သင်နှင့်အတူရှိ၏။ ငါသည် သင့်ကိုကောင်းချီးပေး၍ ငါ၏အစေအပါးအာဗြဟံအတွက်ကြောင့် သင်၏သားစဉ်မြေးဆက်ကိုများပြားစေမည်”ဟု မိန့်တော်မူ၏။
26:25 ဣဇက်သည် ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍ ထာဝရဘုရား၏နာမတော်ကိုခေါ်ဆိုပတ္ထနာပြုပြီးလျှင် ထိုအရပ်တွင် တဲကိုဆောက်လေ၏။ သူ၏အစေအပါးတို့သည်လည်း ထိုအရပ်တွင် ရေတွင်းကိုတူးကြ၏။
26:26 အဘိမလက်မင်းကြီးသည် သူ၏မိတ်ဆွေအဟုဇာတ်၊ သူ၏စစ်သူကြီးဖိကောလတို့နှင့်အတူ ဂေရာမြို့မှ ဣဇက်ရှိရာသို့ရောက်လာကြ၏။
26:27 ဣဇက်က “သင်တို့သည် အကျွန်ုပ်ကိုမုန်း၍ သင်တို့ထံမှနှင်ထုတ်ခဲ့လျက်နှင့်ပင် အဘယ်ကြောင့် အကျွန်ုပ်ထံသို့ လာကြသနည်း”ဟု သူတို့အားဆို၏။
26:28 သူတို့ကလည်း “ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူကြောင်းကို ငါတို့အမှန်သိမြင်သည်ဖြစ်၍ ငါတို့တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကျိန်ဆိုခြင်းပြုကြစို့၊ ပဋိညာဉ်ဖွဲ့ကြစို့ဟု ငါတို့တောင်းဆို၏။
26:29 ထို့ကြောင့် ငါတို့သည် သင့်ကိုမထိ၊ သင့်အပေါ်ကောင်းမြတ်သောအရာကိုသာပြုပြီး သင့်ကိုငြိမ်းချမ်းစွာလွှတ်လိုက်သကဲ့သို့ သင်သည်လည်း ငါတို့ကိုဘေးအန္တရာယ်မပြုနှင့်။ အကယ်စင်စစ် သင်သည် ထာဝရဘုရား၏ကောင်းချီးကိုခံရသောသူဖြစ်၏”ဟု ဆိုကြ၏။
26:30 ထိုအခါ ဣဇက်သည် သူတို့အတွက် စားသောက်ပွဲတည်ခင်း၍ သူတို့သည် စားသောက်ကြ၏။
26:31 သူတို့သည် နံနက်စောစောထ၍ တစ်ဦးနှင့်တစ်ဦးကျိန်ဆိုခြင်းကိုပြုကြ၏။ ထို့နောက် ဣဇက်သည် သူတို့ကိုလွှတ်လိုက်သဖြင့် သူတို့သည် ငြိမ်းချမ်းစွာပြန်သွားကြ၏။
26:32 ထိုနေ့၌ပင် ဣဇက်၏အစေအပါးတို့သည် လာ၍ “အကျွန်ုပ်တို့သည် ရေကိုရှာတွေ့ကြပါပြီ”ဟု ဆိုလျက် သူတို့တူးသောရေတွင်းအကြောင်းကို ဣဇက်အားပြောကြားကြ၏။
26:33 ဣဇက်သည် ထိုရေတွင်း၏အမည်ကို ရှေဘ ဟုခေါ်၏။ ထို့ကြောင့် ထိုမြို့၏အမည်ကို ဗေရရှေဘ ဟုယနေ့တိုင်အောင်ခေါ်ကြ၏။
26:34 ဧသောသည် အသက်လေးဆယ်ရှိသောအခါ ဟိတ္တိလူမျိုးဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိလူမျိုးဧလုန်၏သမီးဗာရှမတ်တို့နှင့် အိမ်ထောင်ပြုလေ၏။
26:35 ထိုမိန်းမတို့သည် ဣဇက်နှင့်ရေဗက္ကာအတွက် စိတ်သောကရောက်စရာအကြောင်းဖြစ်ကြ၏။