Genesis 35
35:1 ထို့နောက် ဘုရားသခင်က ယာကုပ်အား “ထလော့။ ဗေသလအရပ်သို့သွား၍ ထိုအရပ်၌ နေထိုင်လော့။ သင်၏အစ်ကိုဧသောထံမှ သင်ထွက်ပြေးစဉ်က သင့်အား ကိုယ်ထင်ရှားပြသောဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်လော့”ဟု မိန့်တော်မူ၏။
35:2 ထို့ကြောင့် ယာကုပ်သည် မိမိ၏အိမ်သူအိမ်သားတို့မှစ၍ မိမိနှင့်အတူရှိသောသူအပေါင်းတို့အား “သင်တို့၌ရှိသောတိုင်းတစ်ပါးသား၏ဘုရားများကို ဖယ်ရှားကြလော့။ သင်တို့ကိုယ်သင်တို့ စင်ကြယ်စေ၍ သင်တို့၏အဝတ်အစားများကို လဲကြလော့။
35:3 ထ၍ဗေသလအရပ်သို့သွားကြစို့။ ငါဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုထူးတော်မူ၍ ငါသွားသောလမ်းခရီး၌ ငါနှင့်အတူရှိတော်မူသော ဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို ငါတည်မည်”ဟု ဆို၏။
35:4 ထိုအခါ သူတို့သည် မိမိတို့လက်ထဲ၌ရှိသော တိုင်းတစ်ပါးသားတို့၏ဘုရားရှိသမျှကိုလည်းကောင်း၊ မိမိတို့နား၌ပန်ထားသော နားကွင်းများကိုလည်းကောင်း ယာကုပ်အားပေးကြ၏။ ယာကုပ်သည်လည်း ၎င်းတို့ကို ရှေခင်မြို့အနီးရှိ သပိတ်ပင်အောက်၌မြှုပ်လေ၏။
35:5 ထို့နောက် သူတို့သည် ခရီးပြုကြ၏။ ဘုရားသခင်ကိုကြောက်ရွံ့ထိတ်လန့်ခြင်းသည် သူတို့ပတ်လည်၌ရှိသောမြို့များအပေါ်သို့ ကျရောက်သဖြင့် ထိုမြို့သားတို့သည် ယာကုပ်၏သားတို့ကို မလိုက်ဝံ့ကြချေ။
35:6 ယာကုပ်သည် သူနှင့်အတူရှိသောလူအပေါင်းတို့နှင့်တကွ ခါနာန်ပြည်ရှိ လုဇမြို့တည်းဟူသော ဗေသလအရပ်သို့ရောက်လာ၏။
35:7 သူသည် ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍ ထိုအရပ်ကို ဧလဗေသလ ဟုခေါ်၏။ အကြောင်းမူကား သူသည် မိမိအစ်ကိုထံမှထွက်ပြေးစဉ်က ထိုအရပ်၌ ဘုရားသခင်ထင်ရှားတော်မူ၏။
35:8 ထို့နောက် ရေဗက္ကာ၏အထိန်း ဒေဗောရသည် သေဆုံး၍ ဗေသလအရပ်အနိမ့်ပိုင်း၊ ဝက်သစ်ချပင်အောက်၌ သူ့ကိုသင်္ဂြိုဟ်လေ၏။ ထို့ကြောင့် ထိုအပင်၏အမည်ကို အာလုမ္ဘာကုတ် ဟုခေါ်၏။
35:9 ယာကုပ်သည် ပါဒန်အာရံပြည်မှပြန်လာပြီးနောက် ဘုရားသခင်သည် သူ့အား တစ်ဖန်ကိုယ်ထင်ရှားပြ၍ ကောင်းချီးပေးတော်မူ၏။
35:10 ဘုရားသခင်က “သင်၏အမည်သည် ယာကုပ် ဖြစ်၏။ သို့သော် သင့်ကို ယာကုပ် ဟုခေါ်တော့မည်မဟုတ်။ ယခုမှစ၍ သင်၏အမည်သည် အစ္စရေး ဖြစ်ရမည်”ဟု သူ့အားမိန့်တော်မူလျက် သူ၏အမည်ကို အစ္စရေး ဟုမှည့်ခေါ်တော်မူ၏။
35:11 တစ်ဖန် ဘုရားသခင်က “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ တိုးပွားများပြားလော့။ သင့်ထံမှ လူမျိုးတစ်မျိုးသာမက လူမျိုးပေါင်းများစွာ ဆင်းသက်လာကြလိမ့်မည်။ သင်၏အမျိုးအနွယ် ထဲမှ ရှင်ဘုရင်များလည်း ပေါ်ထွန်းလိမ့်မည်။
35:12 အာဗြဟံနှင့်ဣဇက်အား ငါပေးသောပြည်ကို သင့်အား ငါပေးမည်။ ထိုပြည်ကို နောင်လာမည့် သင်၏သားစဉ်မြေးဆက်အားလည်း ငါပေးမည်”ဟု မိန့်တော်မူ၏။
35:13 ထို့နောက် ဘုရားသခင်သည် သူနှင့်မိန့်မြွက်တော်မူသောထိုအရပ်မှ ကြွသွားတော်မူ၏။
35:14 ယာကုပ်သည် မိမိအားဘုရားသခင်မိန့်မြွက်တော်မူသောအရပ်၌ ကျောက်တိုင်တစ်တိုင်ကို စိုက်ထူလေ၏။ သူသည် ၎င်းအပေါ်၌ သွန်းလောင်းရာပူဇော်သက္ကာကိုသွန်းလောင်း၍ ဆီကိုလည်းလောင်း၏။
35:15 ယာကုပ်သည် မိမိအားဘုရားသခင်မိန့်မြွက်တော်မူသောအရပ်၏အမည်ကို ဗေသလ ဟုခေါ်၏။
35:16 ထို့နောက် သူတို့သည် ဗေသလအရပ်မှခရီးပြု၏။ ဧဖရတ်မြို့သို့ရောက်ရန် အတန်ငယ်ဝေးသေးသောနေရာတွင် ရာခေလသည် သားဖွားမည့်အချိန်ရောက်၍ သားဖွားရခက်နေ၏။
35:17 ထိုသို့ သူသည် သားဖွားရခက်နေစဉ် ဝမ်းဆွဲက “မစိုးရိမ်နှင့်။ သင်သည် သားနောက်တစ်ယောက်ရပြီ”ဟု သူ့အားဆိုလျှင်
35:18 ရာခေလ သေဆုံးလေ၏။ သို့သော် အသက်ထွက်အံ့ဆဲဆဲတွင် သား၏အမည်ကို ဗေနောနိ ဟုမှည့်ခေါ်၏။ ဖခင်မူကား ထိုသားကို ဗင်္ယာမိန် ဟုမှည့်ခေါ်၏။
35:19 ရာခေလသည် သေဆုံး၍ ဗက်လင် ခေါ် ဧဖရတ်မြို့သို့သွားရာလမ်း၌ သူ့ကိုသင်္ဂြိုဟ်လေ၏။
35:20 ယာကုပ်သည် ရာခေလ၏သင်္ချိုင်း၌ မှတ်တိုင်ကိုစိုက်ထူလေ၏။ ၎င်းသည် ယနေ့တိုင်အောင် ရာခေလ၏သင်္ချိုင်းမှတ်တိုင်ဖြစ်၏။
35:21 ထို့နောက် အစ္စရေးသည် ခရီးပြု၍ ဧဒါမျှော်စင်အလွန်တွင် တဲကိုဆောက်လေ၏။
35:22 အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
35:23 လေအာ၏သားများမှာ ရုဗင်(ယာကုပ်၏သားဦး)၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန် တို့ဖြစ်ကြ၏။
35:24 ရာခေလ၏သားများမှာ ယောသပ်၊ ဗင်္ယာမိန် တို့ဖြစ်ကြ၏။
35:25 ရာခေလ၏ကျွန်မဗိလဟာ၏သားများမှာ ဒန်၊ နဿလိ တို့ဖြစ်ကြ၏။
35:26 လေအာ၏ကျွန်မဇိလပ၏သားများမှာ ဂဒ်၊ အာရှာ တို့ဖြစ်ကြ၏။ ဤသူတို့ကား ပါဒန်အာရံပြည်၌မွေးဖွားသော ယာကုပ်၏သားများဖြစ်ကြ၏။
35:27 ထို့နောက် ယာကုပ်သည် မံရေမြို့တည်းဟူသော ဟေဗြုန် ခေါ် ကိရယအာဘမြို့ရှိ မိမိဖခင်ဣဇက်ထံသို့သွား၏။ ထိုမြို့သည် အာဗြဟံနှင့်ဣဇက်တို့တည်းခိုနေထိုင်သောမြို့ဖြစ်၏။
35:28 ဣဇက်သည်နှစ်ပေါင်း တစ်ရာ့ရှစ်ဆယ်အသက်ရှင်ခဲ့၏။
35:29 ဣဇက်သည် အသက်ကြီး၍သက်တမ်းစေ့သဖြင့် နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။ သူ၏သားဧသောနှင့်ယာကုပ်တို့သည် သူ့ကိုသင်္ဂြိုဟ်ကြ၏။