Genesis 48
48:1 ထို့နောက်တွင် “သခင်၏ဖခင် နာမကျန်းဖြစ်နေ၏”ဟု ယောသပ်ကြားရလျှင် သားနှစ်ယောက်ဖြစ်သော မနာရှေနှင့်ဧဖရိမ်ကို မိမိနှင့်အတူ ဖခင်ထံသို့ ခေါ်ဆောင်သွားလေ၏။
48:2 “သင့်သားယောသပ်သည် သင့်ထံသို့ရောက်လာပါပြီ”ဟု ယာကုပ်ကြားသောအခါ အစ္စရေးသည် အားတင်း၍ ခုတင်ပေါ်တွင်ထထိုင်လေ၏။
48:3 ထို့နောက် ယာကုပ်က ယောသပ်အား “အနန္တတန်ခိုးရှင်ဘုရားသခင်သည် ခါနာန်ပြည်၊ လုဇမြို့၌ ငါ့အား ကိုယ်ထင်ရှားပြတော်မူ၍ ငါ့ကိုကောင်းချီးပေးလျက်
48:4 ‘ငါသည် သင့်ကို တိုးပွားများပြားစေ၍ လူမျိုးကြီးဖြစ်စေမည်။ ဤပြည်ကို နောင်လာမည့်သင်၏သားစဉ်မြေးဆက်အား အစဉ်အမြဲပိုင်ဆိုင်ရာအဖြစ် ငါပေးမည်’ဟု ငါ့အားမိန့်တော်မူခဲ့၏။
48:5 အီဂျစ်ပြည်သို့ငါမရောက်လာမီ အီဂျစ်ပြည်၌ သင်ရနှင့်သော သားနှစ်ယောက်သည် ငါ့သားများဖြစ်၏။ ဧဖရိမ်နှင့်မနာရှေသည် ရုဗင်နှင့်ရှိမောင်ကဲ့သို့ ငါ့သားများဖြစ်ရမည်။
48:6 သူတို့နောက်မှ သင်ရသောသားသမီးများကား သင်၏သားသမီးများဖြစ်၏။ ထိုသားသမီးတို့သည် မိမိတို့အမွေကို မိမိအစ်ကိုတို့အမည်ဖြင့် မှတ်ရမည်။
48:7 ငါသည် ပါဒန်အာရံပြည်မှပြန်လာသောအခါ ခါနာန်ပြည်သို့အပြန်လမ်း၌ ဧဖရတ်အရပ်သို့ရောက်ရန်အလှမ်းဝေးသေးသောနေရာတွင် ရာခေလသည် ငါ့မျက်စိရှေ့မှာပင် သေဆုံး၍ သူ့ကို ဗက်လင် ခေါ် ဧဖရတ်မြို့သို့သွားရာလမ်း၌ သင်္ဂြိုဟ်၏”ဟု ဆိုလေ၏။
48:8 အစ္စရေးသည် ယောသပ်၏သားတို့ကိုမြင်သောအခါ “ဤသူတို့ကား မည်သူနည်း”ဟု မေး၏။
48:9 ယောသပ်က “သူတို့သည် ဤပြည်၌ အကျွန်ုပ်အားဘုရားသခင်ပေးတော်မူသော အကျွန်ုပ်၏သားများဖြစ်ပါ၏”ဟု ဖခင်အားပြန်ဖြေ၏။ အစ္စရေးက “သူတို့ကို ငါ့နားသို့ ခေါ်လာလော့။ သူတို့ကို ငါကောင်းချီးပေးမည်”ဟု ဆိုလေ၏။
48:10 အစ္စရေးသည် အသက်ကြီးသောကြောင့် မျက်စိမှုန်၍မမြင်နိုင်ပေ။ ထို့ကြောင့် ယောသပ်သည် သူ၏သားတို့ကို အစ္စရေးအနီးသို့ခေါ်လာ၏။ ထိုအခါ အစ္စရေးသည် ယောသပ်၏သားတို့ကိုနမ်းပြီး ပွေ့ဖက်လေ၏။
48:11 အစ္စရေးက ယောသပ်အား “သင်၏မျက်နှာကိုတွေ့မြင်ရလိမ့်မည်ဟု ငါမထင်ခဲ့ပေ။ သို့သော် ဘုရားသခင်သည် သင်၏သားသမီးတို့ကိုပင် ငါ့ကိုတွေ့မြင်ခွင့်ပေးတော်မူပြီ”ဟု ဆို၏။
48:12 ယောသပ်သည် မိမိ၏သားတို့ကို ဖခင်၏ဒူးကြားမှထုတ်ပြီးလျှင် မြေမှာပျပ်ဝပ်လေ၏။
48:13 ထို့နောက် ယောသပ်သည် မိမိ၏သားနှစ်ယောက်ကိုယူ၍ မိမိလက်ယာဘက်၌ရှိသောဧဖရိမ်ကို အစ္စရေး၏လက်ဝဲဘက်သို့လည်းကောင်း၊ မိမိလက်ဝဲဘက်၌ရှိသောမနာရှေကို အစ္စရေး၏လက်ယာဘက်သို့လည်းကောင်း ချဉ်းကပ်စေ၏။
48:14 ဧဖရိမ်သည် သားအငယ်ဖြစ်သော်လည်း အစ္စရေးသည် မိမိလက်ယာလက်ကိုဆန့်၍ ဧဖရိမ်၏ခေါင်းပေါ်သို့တင်၏။ မနာရှေသည် သားဦးဖြစ်သော်လည်း အစ္စရေးသည် မိမိလက်ကို ကြက်ခြေခတ်၍ မိမိ၏လက်ဝဲလက်ကို မနာရှေခေါင်းပေါ်သို့တင်၏။
48:15 အစ္စရေးသည် ယောသပ်အားကောင်းချီးပေးလျက် “ငါ့ဘိုးဘေးအာဗြဟံနှင့်ဣဇက်တို့ကိုးကွယ် သော ဘုရားသခင်၊ ငါ့အသက်တာတစ်လျှောက်လုံးတွင် ယနေ့တိုင်အောင် ငါ့ကိုထိန်းကျောင်းတော်မူသောဘုရားသခင်၊
48:16 ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုရွေးနုတ်တော်မူသော ကောင်းကင်တမန်သည် ဤသူငယ်တို့ကိုကောင်းချီးပေးတော်မူပါစေသော။ သူတို့ကို ငါ၏အမည်ဖြင့်လည်းကောင်း၊ ငါ့ဘိုးဘအာဗြဟံနှင့်ဣဇက်တို့၏အမည်ဖြင့်လည်းကောင်း မှည့်ခေါ်ပါစေသော။ သူတို့သည် မြေကြီးပေါ်၌ အလွန်ပွားများကြပါစေသော”ဟု ဆိုလေ၏။
48:17 ဖခင်သည် ဧဖရိမ်၏ခေါင်းပေါ်၌ လက်ယာလက်တင်ထားသည်ကို ယောသပ်မြင်သောအခါ ဘဝင်မကျသဖြင့် ဧဖရိမ်၏ခေါင်းပေါ်မှ မနာရှေ၏ခေါင်းပေါ်သို့ရွှေ့ရန် ဖခင်၏လက်ကို ကိုင်၍
48:18 ယောသပ်က ဖခင်အား “ထိုသို့မဟုတ်ပါ၊ အဖေ။ ဤတစ်ယောက်သည် သားဦးဖြစ်ပါ၏။ အဖေ၏လက်ယာလက်ကို သူ့ခေါင်းပေါ်၌တင်ပါလော့”ဟု ဆို၏။
48:19 သို့သော် ဖခင်သည်ငြင်းဆန်လျက် “ငါသိ၏ ငါ့သား။ ငါသိ၏။ သူသည် လူမျိုးတစ်မျိုးဖြစ်လာမည်။ ကြီးမြတ်သောသူလည်းဖြစ်လာမည်။ သို့သော် ညီသည် အစ်ကိုထက်ကြီးမြတ်၍ ညီ၏သားစဉ်မြေးဆက်သည် လူမျိုးများစွာဖြစ်လာမည်”ဟု ဆို၏။
48:20 တစ်ဖန် ထိုနေ့၌ အစ္စရေးသည် သူတို့အား “အစ္စရေးအမျိုးသားတို့သည် သင်တို့ကိုအစွဲပြု၍ ‘ဘုရားသခင်သည် သင့်ကို ဧဖရိမ်နှင့် မနာရှေကဲ့သို့ ဖြစ်စေတော်မူပါစေသော’ဟူ၍ အချင်းချင်း ကောင်းချီးပေးကြလိမ့်မည်”ဟု ကောင်းချီးပေးလေ၏။ ထိုသို့ အစ္စရေးသည် ဧဖရိမ်ကို မနာရှေ၏ရှေ့၌ နေရာချလေ၏။
48:21 ထို့နောက် အစ္စရေးက ယောသပ်အား “ငါသေရတော့မည်။ သို့သော်လည်း ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူ၍ သင်တို့ဘိုးဘေးတို့၏ပြည်သို့ သင်တို့ကိုပြန်လည်ပို့ဆောင်တော်မူလိမ့်မည်။
48:22 ငါ့ဓား၊ ငါ့လေးဖြင့် အာမောရိလူမျိုးတို့လက်ထဲမှ ငါသိမ်းယူခဲ့သောမြေကို ငါသည် သင်၏ညီအစ်ကိုတို့ထက် သင့်ကို ဝေစုတစ်စု ပိုပေး၏”ဟု ဆိုလေ၏။