Genesis 49
49:1 ထို့နောက် ယာကုပ်သည် မိမိ၏သားတို့ကိုခေါ်၍ “စုဝေးကြလော့။ နောင်ကာလတွင် သင်တို့၌ဖြစ်ပျက်မည့်အရာကို သင်တို့အား ငါပြောပြမည်။
49:2 စုရုံးကြလော့။ နားထောင်ကြလော့။ အို ယာကုပ်သားတို့၊ သင်တို့၏ဖခင် အစ္စရေး၏စကားကို နားထောင်ကြလော့။
49:3 ရုဗင်၊ သင်သည် ငါ၏သားဦး၊ ငါ၏အစွမ်း၊ ငါ့အဦးဆုံးအားမာန်၊ ဘုန်းအထွတ်၊ ခွန်အားအထွတ်ဖြစ်၏။
49:4 သို့သော် သင်သည် ရေကဲ့သို့ဘောင်ဘင်ခတ်တတ်သည်ဖြစ်၍ အထွတ်သို့မရောက်။ အကြောင်းမူကား သင်သည် သင့်ဖခင်၏အိပ်ရာပေါ်တက်၍ညစ်ညူးစေ၏။ သူသည် ငါ့ခုတင်ပေါ်တက်ဝံ့လေပြီတကား။
49:5 ရှိမောင်နှင့်လေဝိသည် ညီအစ်ကိုဖြစ်၏။ သူတို့၏ဓားများသည် ရက်စက်ကြမ်းကြုတ်သောလက်နက်များဖြစ်၏။
49:6 သူတို့သည် မိမိတို့အမျက်ဖြင့် လူကိုသတ်ကြ၏။ မိမိတို့အလိုအတိုင်း နွားတံကောက်ကြောကိုဖြတ်ကြ၏။ ငါ့စိတ်ဝိညာဉ်သည် သူတို့၏အစည်းအဝေးသို့ မဝင်ရောက်ပါစေနှင့်။ ငါ့ဘုန်းအသရေသည် သူတို့၏အစုအဝေးနှင့် မပေါင်းပါစေနှင့်။
49:7 သူတို့၏အမျက်သည် ခက်ထန်၍ သူတို့၏ဒေါသသည် ကြမ်းတမ်းသောကြောင့် ကျိန်ဆဲခြင်းခံရပါစေ။ ငါသည် သူတို့ကို ယာကုပ်အမျိုးထဲတွင် ကွဲပြားစေမည်။ အစ္စရေးလူမျိုးထဲတွင် ကွဲလွင့်စေမည်။
49:8 ယုဒ၊ သင့်ညီအစ်ကိုတို့သည် သင့်ကိုချီးမွမ်းကြလိမ့်မည်။ သင်၏လက်သည် သင့်ရန်သူတို့လည်ပင်းပေါ်၌ရှိလိမ့်မည်။ သင့်ဖခင်၏သားတို့သည် သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။
49:9 ယုဒသည် ခြင်္သေ့သားပေါက်ဖြစ်၏။ ငါ့သား၊ သင်သည် သားကောင်သတ်စားပြီးတက်လာ၏။ သူသည် ခြင်္သေ့ကဲ့သို့လည်းကောင်း၊ ခြင်္သေ့မကဲ့သို့လည်းကောင်း ဝပ်လျက်၊ လဲလျောင်းလျက်နေတတ်၏။ သူ့ကို မည်သူဆွဝံ့သနည်း။
49:10 လူမျိုးတို့သည် ရှိလော ကိုနာခံကြလိမ့်မည်။ သူမရောက်လာမီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှ ထွက်သွားမည်မဟုတ်၊ ကျိုင်းသည်လည်း သူ့ခြေထောက်ကြားမှထွက်သွားမည်မဟုတ်။
49:11 သူ၏မြည်းကို စပျစ်ပင်၌ချည်ထား၏။ သူ့မြည်းမ၏သားကို အကောင်းဆုံးစပျစ်ပင်၌ချည်ထား၏။ သူ၏အဝတ်တန်ဆာကို စပျစ်ဝိုင်ဖြင့် လျှော်၏။ သူ၏ဝတ်ရုံကို စပျစ်သွေးဖြင့် လျှော်၏။
49:12 သူ၏မျက်စိသည် စပျစ်ဝိုင်ထက်နီ၍ သူ၏သွားသည် နို့ထက်ဖြူ၏။
49:13 ဇာဗုလုန်သည် ပင်လယ်ကမ်းခြေ၌နေထိုင်၍ သူသည် သင်္ဘောဆိပ်ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဆီဒုန်မြို့တိုင်အောင်ရောက်လိမ့်မည်။
49:14 ဣသခါသည် သိုးခြံများကြား ၌ဝပ်နေသော သန်မာသည့်မြည်းဖြစ်၏။
49:15 နားနေရာအရပ်သည် အလွန်ကောင်းပြီး ပြည်သည် အလွန်သာယာသည်ကို သူမြင်၏။ ထို့ကြောင့် ဝန်ကိုထမ်းရန်မိမိပခုံးကိုညွှတ်၍ သူသည် အခွန်ဆက်သောကျွန်ဖြစ်လာ၏။
49:16 ဒန်သည် အစ္စရေးမျိုးနွယ်တစ်နွယ်အဖြစ် မိမိလူမျိုးကိုစစ်ကြောစီရင်လိမ့်မည်။
49:17 ဒန်သည် လမ်းပေါ်ကမြွေ၊ လမ်းဘေးကမြွေပွေးဖြစ်လိမ့်မည်။ သူသည် မြင်း၏ဖနောင့်ကိုပေါက်သဖြင့် မြင်းစီးသောသူသည် နောက်ပြန်ပြုတ်ကျလိမ့်မည်။
49:18 အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ကယ်တင်ခြင်းကို စောင့်မျှော်ပါ၏။
49:19 ဂဒ် မူကား စစ်သူရဲတို့သည် သူ့ကိုဖိနှိပ်တိုက်ခိုက်လာသော်လည်း သူသည် သူတို့၏ဖနောင့်ကို ပြန်၍ဖိနှိပ်တိုက်ခိုက်လိမ့်မည်။
49:20 အာရှာ၏အစားအစာသည် အဆီအဆိမ့်နှင့်ပြည့်ဝ၍ ရှင်ဘုရင်အတွက်စားကောင်းသောက်ဖွယ်တို့ကို ထုတ်လုပ်ပေးလိမ့်မည်။
49:21 နဿလိသည် ချစ်ဖွယ်သောသမင်ပေါက်များကိုပေါက်ဖွားသည့် အချုပ်အနှောင်ကင်းသောသမင်မဖြစ်၏။
49:22 ယောသပ်သည် အသီးဖြစ်ထွန်းသောစပျစ်ပင်၊ စမ်းရေနားရှိ အသီးဖြစ်ထွန်းသောစပျစ်ပင်ဖြစ်၏။ သူ၏အကိုင်းတို့သည် တံတိုင်းကိုကျော်၏။
49:23 လေးသမားတို့သည် သူ့ကိုအငြိုးထား၍ ပြင်းပြင်းထန်ထန်တိုက်ခိုက်ပစ်ခတ်ကြ၏။
49:24 သို့သော် ယာကုပ်၏တန်ခိုးကြီးသောအရှင်၏လက်တော်အားဖြင့်၊ အစ္စရေး၏ကျောက်တည်းဟူသောသိုးထိန်းအားဖြင့် သူ၏လေးသည် တည်ငြိမ်၍ သူ၏လက်မောင်းတို့သည် သန်မာလျက်ရှိ၏။
49:25 သင့်ဖခင်၏ဘုရားသခင်သည် သင့်ကို ကူညီမစတော်မူမည်။ အနန္တတန်ခိုးရှင်သည် သင့်အား အထက်မိုးကောင်းကင်၏ကောင်းချီးမင်္ဂလာဖြင့်လည်းကောင်း၊ အောက်အရပ်၌ဝပ်နေသည့်နက်ရှိုင်းသောရေထု၏ကောင်းချီးမင်္ဂလာဖြင့်လည်းကောင်း၊ သားမြတ်နှင့်သားအိမ်တို့၏ကောင်းချီးမင်္ဂလာဖြင့်လည်းကောင်း ကောင်းချီးပေးတော်မူမည်။
49:26 သင့်ဖခင်ပေးသောကောင်းချီးမင်္ဂလာတို့သည် ငါ့ဘိုးဘေးတို့ပေးသောကောင်းချီးမင်္ဂလာထက်၊ ရှေးတောင်ကုန်းတို့၌ရှိသောကောင်းချီးအဖြာဖြာထက် သာလွန်၏။ ထိုကောင်းချီးမင်္ဂလာတို့သည် ယောသပ်၏ခေါင်းပေါ်၌လည်းကောင်း၊ သူ့ညီအစ်ကိုတို့ထဲမှအကြီးအကဲတို့၏ဦးထိပ်ပေါ်၌လည်းကောင်း သက်ရောက်ပါစေသော။
49:27 ဗင်္ယာမိန်သည် ကိုက်ဖြတ်စားသောက်တတ်သည့်ဝံပုလွေဖြစ်၏။ သူသည် နံနက်အချိန်၌ သားကောင်ကိုစား၍ နေဝင်ချိန်၌ လုယက်သောအရာကို ခွဲဝေ၏”ဟု ဆိုလေ၏။
49:28 ဤသူအပေါင်းတို့သည် အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်ဖြစ်၏။ ဤသည်ကား သူတို့၏ဖခင်သည် သူတို့အသီးသီးရထိုက်သောကောင်းချီးမင်္ဂလာအတိုင်း သူတို့အားကောင်းချီးပေးသောအခါ မြွက်ဆိုသောစကားဖြစ်၏။
49:29 တစ်ဖန် ယာကုပ်က သူတို့အား “ငါသည် ငါ့လူမျိုးတို့စုစည်းရာသို့ သွားရတော့မည်။ ဟိတ္တိလူမျိုး၊ ဧဖရုန်၏လယ်၌ရှိသောလိုဏ်ဂူထဲ၌ ငါ့ကို ဘိုးဘေးတို့နှင့်အတူသင်္ဂြိုဟ်ကြလော့။
49:30 ထိုလိုဏ်ဂူသည် ခါနာန်ပြည်၊ မံရေမြို့အရှေ့၊ မပ္ပေလလယ်၌ရှိ၏။ အာဗြဟံသည် ထိုလယ်ကို ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် ဟိတ္တိလူမျိုးဧဖရုန်ထံမှ ဝယ်ယူခဲ့၏။
49:31 ထိုအရပ်၌ အာဗြဟံနှင့်သူ၏မယားစာရာကို သင်္ဂြိုဟ်ကြ၏။ ထိုအရပ်၌ ဣဇက်နှင့်သူ၏မယားရေဗက္ကာကို သင်္ဂြိုဟ်ကြ၏။ လေအာကိုလည်း ထိုအရပ်၌ ငါသင်္ဂြိုဟ်ခဲ့၏။
49:32 ထိုလယ်နှင့်လယ်ထဲရှိလိုဏ်ဂူကို ဟေသအမျိုးသားတို့ထံမှ ဝယ်ယူခဲ့၏”ဟု မိန့်ဆိုလေ၏။
49:33 ယာကုပ်သည် သူ၏သားတို့ကိုမိန့်မှာပြီးသောအခါ ခုတင်ပေါ်သို့သူ၏ခြေကိုရုပ်ပြီး နောက်ဆုံးထွက်သက်ထွက်၍ သူသည် မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။