Genesis 7
7:1 တစ်ဖန် ထာဝရဘုရားက နောဧအား “ဤမျိုးဆက်တွင် သင်သည် ငါ့ရှေ့၌ဖြောင့်မတ်ကြောင်း ငါတွေ့မြင်ရသည်ဖြစ်၍ သင်နှင့်တကွ သင့်မိသားစုတစ်စုလုံး သင်္ဘောထဲသို့ဝင်ကြလော့။
7:2 မြေတစ်ပြင်လုံးတွင် မျိုးဆက်မပြတ်စေရန် စင်ကြယ်သောတိရစ္ဆာန်ရှိသမျှထဲမှ အထီးအမ ခုနစ်စုံစီ၊ မစင်ကြယ်သောတိရစ္ဆာန်ထဲမှ အထီးအမ တစ်စုံစီ၊ မိုးကောင်းကင်ငှက်များထဲမှလည်း အထီးအမ ခုနစ်စုံစီတို့ကို သင်နှင့်အတူ သိမ်းယူထားရမည်။
7:4 အကြောင်းမူကား နောက်ခုနစ်ရက်ပြည့်လျှင် ငါသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်တွင်မိုးရွာစေ၍ ငါဖန်ဆင်းသောသတ္တဝါအပေါင်းတို့ကို မြေပြင်ပေါ်မှ ငါသုတ်သင်ပယ်ရှင်းမည်”ဟု မိန့်တော်မူ၏။
7:5 နောဧသည် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ပြုလေ၏။
7:6 မြေကြီးပေါ်မှာ ရေလွှမ်းမိုးမှုဖြစ်သောအခါ နောဧသည် အသက်ခြောက်ရာရှိ၏။
7:7 ရေလွှမ်းမိုးမှုကြောင့် နောဧသည် သူ၏သား၊ မယား၊ ချွေးမတို့နှင့်အတူ သင်္ဘောထဲသို့ဝင်ကြ၏။
7:8 နောဧအား ဘုရားသခင်မိန့်တော်မူသည့်အတိုင်း စင်ကြယ်သောတိရစ္ဆာန်၊ မစင်ကြယ်သောတိရစ္ဆာန်၊ ငှက်နှင့် မြေပေါ်မှာတွားသွားသောသတ္တဝါအပေါင်းတို့ထဲမှ
7:9 အထီး၊ အမတို့သည် တစ်စုံစီ၊ တစ်စုံစီ နောဧရှိရာ သင်္ဘောထဲသို့ဝင်ကြ၏။
7:10 ခုနစ်ရက်ပြည့်သောအခါ မြေကြီးပေါ်မှာ ရေလွှမ်းမိုးမှုဖြစ်ပေါ်လေ၏။
7:11 နောဧအသက်ခြောက်ရာပြည့်သောနှစ်၊ ဒုတိယလ၊ တစ်ဆယ့်ခုနစ်ရက်နေ့၊ ထိုနေ့၌ ကြီးမားနက်ရှိုင်းရာအရပ်မှ ရေထွက်ပေါက်ရှိသမျှတို့ကို ဖွင့်ချ၍ မိုးကောင်းကင်ရေတံခါးများကို ဖွင့်တော်မူသဖြင့်
7:12 အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ မိုးရွာလေ၏။
7:13 ထိုနေ့၌ပင် နောဧနှင့် နောဧ၏သား ရှေမ၊ ဟာမ၊ ယာဖက်တို့မှစ၍ နောဧ၏မယားနှင့် ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ဝင်ကြ၏။
7:14 တောရိုင်းတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ ယဉ်ပါးသောတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ ကြက်ငှက်အမျိုးမျိုး၊ တောင်ပံရှိသောသတ္တဝါအမျိုးမျိုးနှင့် ငှက်အပေါင်းတို့သည်လည်း အမျိုးအလိုက် သူတို့နှင့်အတူဝင်ကြ၏။
7:15 ဤသို့ဖြင့် သက်ရှိသတ္တဝါအပေါင်းတို့သည် တစ်စုံစီ၊ တစ်စုံစီ နောဧရှိရာသင်္ဘောထဲသို့ ဝင်ကြ၏။
7:16 ထိုသို့ ဝင်ကြသောသတ္တဝါတို့မှာ သတ္တဝါအပေါင်းတို့ထဲမှ အထီး၊ အမဖြစ်ကြပြီး နောဧအား ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ဝင်ကြ၏။ ထို့နောက် ထာဝရဘုရားသည် နောဧကို အထဲမှာပိတ်ထားတော်မူ၏။
7:17 ရေလွှမ်းမိုးမှုသည် မြေကြီးပေါ်မှာ အရက်လေးဆယ်ပတ်လုံးဖြစ်ပွား၏။ ရေသည် တိုးလာ၍ သင်္ဘောကိုပင့်မသဖြင့် သင်္ဘောသည် မြေကြီးပေါ်မှကွာမြောက်လေ၏။
7:18 ရေသည်မြင့်တက်လာ၍ မြေကြီးပေါ်မှာ အလွန်တိုးလာသဖြင့် သင်္ဘောသည် ရေမျက်နှာပြင်ပေါ်၌ မျောလျက်နေလေ၏။
7:19 ရေသည် မြေကြီးပေါ်မှာ အလွန်တရာမြင့်တက်လာ၍ မိုးကောင်းကင်တစ်ပြင်လုံးအောက်ရှိ မြင့်မားသည့်တောင်ရှိသမျှတို့ကို ဖုံးလွှမ်းလေ၏။
7:20 ရေသည် ထိုတောင်များအထက် တစ်ဆယ့်ငါးတောင် မြင့်တက်၍ ၎င်းတို့ကိုဖုံးလွှမ်း၏။
7:21 မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သောသတ္တဝါအပေါင်းတို့တည်းဟူသော ငှက်၊ ယဉ်ပါးသောတိရစ္ဆာန်၊ တောရိုင်းတိရစ္ဆာန်၊ မြေကြီးပေါ်မှာ အုပ်စုလိုက်နေထိုင်သွားလာသောသတ္တဝါရှိသမျှတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။
7:22 နှာခေါင်းဖြင့်အသက်ရှူတတ်သည့်သက်ရှိသတ္တဝါတည်းဟူသော ကုန်းပေါ်မှာရှိလေသမျှသတ္တဝါတို့သည် သေကြကုန်၏။
7:23 ဘုရားသခင်သည် လူမှစ၍ ယဉ်ပါးသောတိရစ္ဆာန်များ၊ တွားသွားသောတိရစ္ဆာန်များနှင့် မိုးကောင်းကင်ငှက်များအပါအဝင် မြေပြင်ပေါ်ရှိသတ္တဝါအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းတော်မူသဖြင့် ၎င်းတို့သည် မြေကြီးပေါ်မှ ပျောက်ပျက်သွားလေ၏။ နောဧမှစ၍ သူနှင့်အတူ သင်္ဘောထဲ၌ရှိသောသူတို့သာ ကြွင်းကျန်ကြလေ၏။
7:24 ရေသည် မြေကြီးပေါ်မှာ ရက်ပေါင်းတစ်ရာ့ငါးဆယ်ပတ်လုံး လွှမ်းမိုးလေ၏။