Genesis 8
8:1 ဘုရားသခင်သည် နောဧမှစ၍ သူနှင့်အတူသင်္ဘောထဲ၌ရှိသော တောရိုင်းတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း၊ ယဉ်ပါးသောတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အောက်မေ့တော်မူ၏။ ဘုရားသခင်သည် မြေကြီးပေါ်မှာလေတိုက်စေတော်မူသဖြင့် ရေသည် လျော့ကျသွားလေ၏။
8:2 နက်ရှိုင်းရာအရပ်မှရေထွက်ပေါက်များနှင့် မိုးကောင်းကင်ရေတံခါးများကိုပိတ်၍ ကောင်းကင်မှမိုးကိုလည်း စဲစေတော်မူ၏။
8:3 ရေသည် မြေကြီးပေါ်မှာ ဆက်တိုက်လျော့သွား၍ ရက်ပေါင်းတစ်ရာ့ငါးဆယ်ပြည့်သောအခါ ရေယုတ်လျော့သွား၏။
8:4 သတ္တမလ၊ တစ်ဆယ့်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်တောင်ရိုးပေါ်မှာ တင်လေ၏။
8:5 ရေသည် ဒသမလတိုင်အောင် ဆက်တိုက်ယုတ်လျော့သွား၍ ဒသမလ၊ တစ်ရက်နေ့တွင် တောင်ထိပ်များပေါ်လာ၏။
8:6 ရက်ပေါင်းလေးဆယ်ပြည့်သောအခါ နောဧသည် မိမိတည်ဆောက်ခဲ့သောသင်္ဘော၏ပြတင်းပေါက်ကိုဖွင့်၍
8:7 ကျီးကန်းတစ်ကောင်ကို လွှတ်လေ၏။ ထိုကျီးကန်းသည် မြေပေါ်မှာ ရေမခန်းခြောက်မချင်း လူးလာပျံသန်းလျက်နေ၏။
8:8 တစ်ဖန် မြေပြင်ပေါ်မှာ ရေလျော့ကျသည်၊ မကျသည်ကိုသိမြင်ရန် ချိုးငှက်တစ်ကောင်ကိုလွှတ်လေ၏။
8:9 သို့သော် မြေတစ်ပြင်လုံး၌ ရေရှိသေးသောကြောင့် ချိုးငှက်သည် ခြေချနားနေစရာမတွေ့သဖြင့် နောဧရှိရာသင်္ဘောသို့ ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍ ချိုးငှက်ကိုဖမ်းယူပြီးလျှင် မိမိရှိရာသင်္ဘောထဲသို့သွင်းလေ၏။
8:10 တစ်ဖန် နောက်ထပ်ခုနစ်ရက်စောင့်ပြီးမှ ထိုချိုးငှက်ကို သင်္ဘောမှလွှတ်ပြန်လေ၏။
8:11 နေဝင်ချိန်၌ ချိုးငှက်သည် နောဧထံသို့ပြန်လာ၏။ သူ၏နှုတ်သီး၌ လောလောလတ်လတ်ဆိတ်ယူလာသော သံလွင်ရွက်ပါလာ၏။ ထိုအခါ နောဧသည် မြေကြီးပေါ်မှာ ရေလျော့ကျသွားပြီဖြစ်ကြောင်းသိလေ၏။
8:12 တစ်ဖန် နောက်ထပ်ခုနစ်ရက်စောင့်ပြီးမှ ထိုချိုးငှက်ကိုလွှတ်ပြန်ရာ သူ့ထံသို့ပြန်မလာတော့ပေ။
8:13 နောဧအသက်ခြောက်ရာ့တစ်နှစ်ပြည့်သောနှစ်၊ ပထမလ၊ တစ်ရက်နေ့တွင် မြေကြီးပေါ်မှာ ရေခန်းခြောက်လေ၏။ နောဧသည် သင်္ဘောအမိုးကိုဖယ်ရှား၍ ကြည့်ရှုသောအခါ မြေပြင်သည် ခြောက်လျက်ရှိသည်ကို မြင်လေ၏။
8:14 ဒုတိယလ၊ နှစ်ဆယ့်ခုနစ်ရက်နေ့တွင် မြေကြီးသည် ခြောက်သွေ့လေ၏။
8:15 ထိုအခါ ဘုရားသခင်က နောဧအား
8:16 “သင်သည် သင်၏သား၊ မယား၊ ချွေးမတို့နှင့်အတူ သင်္ဘောထဲမှ ထွက်လာလော့။
8:17 သင့်ထံ၌ရှိသော သက်ရှိသတ္တဝါအပေါင်း၊ သားယဉ်သားရဲအပေါင်းတည်းဟူသော ငှက်၊ တိရစ္ဆာန်နှင့် မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့သည် မြေကြီးပေါ်မှာ များပြားကြစေရန်လည်းကောင်း၊ မြေကြီးပေါ်မှာမွေးဖွားတိုးပွားကြစေရန်လည်းကောင်း သူတို့ကို သင်နှင့်အတူထုတ်ဆောင်လော့”ဟု မိန့်တော်မူ၏။
8:18 သို့ဖြစ်၍ နောဧသည် သား၊ မယား၊ ချွေးမတို့နှင့်အတူ ထွက်လာ၏။
8:19 တောရိုင်းတိရစ္ဆာန်ရှိသမျှ၊ တွားသွားသောတိရစ္ဆာန်ရှိသမျှ၊ ငှက်ရှိသမျှနှင့် မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သတ္တဝါရှိသမျှတို့သည်လည်း အမျိုးအလိုက် သင်္ဘောထဲမှထွက်လာကြ၏။
8:20 နောဧသည် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင် စင်ကြယ်သောတိရစ္ဆာန်အပေါင်းတို့နှင့် စင်ကြယ်သောငှက်အပေါင်းတို့ထဲကယူ၍ ထိုယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်ကိုပူဇော်ရာ
8:21 ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။
8:22 မြေကြီးတည်နေသရွေ့ မျိုးကြဲချိန်နှင့်ရိတ်သိမ်းချိန်၊ ပူသောအချိန်နှင့်အေးသောအချိန်၊ နွေရာသီနှင့်ဆောင်းရာသီ၊ နေ့အချိန်နှင့်ညအချိန်တို့သည် မပြတ်မစဲရှိနေမည်”ဟု စိတ်တော်ထဲ၌ မြွက်ဆိုတော်မူ၏။