Genesis 9
9:1 ဘုရားသခင်သည် နောဧနှင့် သူ၏သားတို့ကိုကောင်းချီးပေးလျက် “များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးကိုပြည့်စေကြလော့။
9:2 တောရိုင်းတိရစ္ဆာန်ရှိသမျှ၊ မိုးကောင်းကင်ငှက်ရှိသမျှ၊ မြေပေါ်မှာတွားသွားသောသတ္တဝါရှိသမျှနှင့် ပင်လယ်ငါးရှိသမျှတို့သည် သင်တို့ကို ကြောက်ရွံ့ထိတ်လန့်ကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို သင်တို့လက်သို့ ငါအပ်ပြီ။
9:3 အသက်ရှင်၍ လှုပ်ရှားသွားလာတတ်သောသတ္တဝါရှိသမျှသည် သင်တို့၏စားစရာဖြစ်လိမ့်မည်။ စိမ်းလန်းသောအပင်တို့ကို သင်တို့အား ငါပေးသကဲ့သို့ ခပ်သိမ်းသောအရာတို့ကို သင်တို့အား ငါပေး၏။
9:4 သို့သော် အသက်တည်းဟူသော အသွေးပါရှိသည့်အသားကို မစားရ။
9:5 အကယ်စင်စစ် သင်တို့၏အသက်သွေးကြွေးကို ငါပြန်တောင်းမည်။ တောရိုင်းတိရစ္ဆာန်ဖြစ်လျှင်လည်း ၎င်းတို့၏အသက်ကိုငါပြန်တောင်းမည်။ လူအချင်းချင်းဖြစ်လျှင်လည်း ထိုလူ၏အသက်ကို ငါပြန်တောင်းမည်။
9:6 လူ၏အသက်ကိုသတ်သောသူသည် လူ့လက်ဖြင့်အသတ်ခံရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိ၏ပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းတော်မူ၏။
9:7 သင်တို့သည် များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးပေါ်မှာ ပြည့်နှက်ကြလော့။ မြေကြီးပေါ်မှာ တိုးပွားကြလော့”ဟု မိန့်တော်မူ၏။
9:8 တစ်ဖန် ဘုရားသခင်က နောဧမှစ၍ သူနှင့်အတူရှိသောသားတို့အား
9:9 “ကြည့်ရှုလော့။ ငါသည် သင်တို့၌လည်းကောင်း၊ နောင်လာမည့် သင်တို့၏သားစဉ်မြေးဆက်တို့၌လည်းကောင်း၊
9:10 သင်တို့နှင့်အတူရှိသည့် သက်ရှိသတ္တဝါအပေါင်းတည်းဟူသော ငှက်များ၊ ယဉ်ပါးသောတိရစ္ဆာန်များမှစ၍ သင်တို့နှင့်အတူရှိသော တောရိုင်းတိရစ္ဆာန်အပေါင်းတို့၌လည်းကောင်း၊ သင်္ဘောထဲမှထွက်လာသောသူရှိသမျှနှင့် တောရိုင်းတိရစ္ဆာန်ရှိသမျှတို့၌လည်းကောင်း ငါ၏ပဋိညာဉ်ကို ငါတည်စေမည်။
9:11 သင်တို့၌တည်စေသော ငါ၏ပဋိညာဉ်မှာ ‘သတ္တဝါအပေါင်းတို့သည် ရေလွှမ်းမိုးမှုအားဖြင့် မည်သည့်အခါမျှ ဖယ်ရှားခြင်းခံရတော့မည်မဟုတ်။ မြေကြီးကိုဖျက်ဆီးမည့်ရေလွှမ်းမိုးခြင်းသည် မည်သည့်အခါမျှ ဖြစ်ပေါ်တော့မည်မဟုတ်’ဟူ၍ ဖြစ်၏”ဟု မိန့်တော်မူ၏။
9:12 တစ်ဖန် ဘုရားသခင်က “ငါနှင့် သင်တို့ကြား၌လည်းကောင်း၊ သင်တို့နှင့်အတူရှိသော သက်ရှိသတ္တဝါအပေါင်းတို့ကြား၌လည်းကောင်း ခေတ်ကာလအစဉ်အဆက် ငါပြုသောပဋိညာဉ်၏အမှတ်လက္ခဏာမှာ ဤသို့ဖြစ်၏။
9:13 ငါ၏သက်တံကို မိုးတိမ်၌ ငါထား၏။ ထိုသက်တံသည် ငါနှင့်မြေကြီးကြား၌ပြုသော ပဋိညာဉ်၏အမှတ်လက္ခဏာဖြစ်လိမ့်မည်။
9:14 ငါသည် မြေကြီးအထက်မိုးကောင်းကင်၌ မိုးတိမ်တက်လာစေ၍ ထိုမိုးတိမ်၌ သက်တံထင်ရှားသောအခါ
9:15 ငါနှင့်သင်တို့ကြား၌လည်းကောင်း၊ သက်ရှိသတ္တဝါအပေါင်းတို့ကြား၌လည်းကောင်း၊ ငါပြုသောပဋိညာဉ်ကိုအောက်မေ့သဖြင့် သတ္တဝါအပေါင်းတို့ကိုဖျက်ဆီးမည့် ရေလွှမ်းမိုးခြင်း ဖြစ်တော့မည်မဟုတ်။
9:16 မိုးတိမ်၌ သက်တံပေါ်လာသောအခါ ထိုသက်တံကိုငါကြည့်၍ ဘုရားသခင်နှင့် မြေကြီးပေါ်ရှိ သတ္တဝါအမျိုးမျိုးတည်းဟူသော သက်ရှိသတ္တဝါအပေါင်းတို့ကြား၌ ငါပြုသော ထာဝရပဋိညာဉ်ကို ငါအောက်မေ့မည်”ဟု မိန့်တော်မူ၏။
9:17 ထို့နောက် ဘုရားသခင်က “ဤသည်ကား ငါနှင့် မြေကြီးပေါ်ရှိသတ္တဝါအပေါင်းတို့ကြား၌ ငါတည်စေသောပဋိညာဉ်၏အမှတ်လက္ခဏာဖြစ်၏”ဟု နောဧအား မိန့်တော်မူ၏။
9:18 သင်္ဘောထဲမှထွက်လာသော နောဧ၏သားများမှာ ရှေမ၊ ဟာမ၊ ယာဖက် တို့ဖြစ်ကြ၏။ ဟာမသည် ခါနာန်၏ဖခင်ဖြစ်၏။
9:19 ဤသူသုံးယောက်တို့သည် နောဧ၏သားများဖြစ်ကြပြီး သူတို့မှတစ်ဆင့် ကမ္ဘာမြေတစ်ခွင်လုံးသို့ လူတို့ ပြန့်ပွားသွားကြ၏။
9:20 နောဧသည် စိုက်ပျိုးရေးသမားဖြစ်လာ၍ စပျစ်ခြံကို စိုက်ပျိုးလေ၏။
9:21 သူသည် စပျစ်ဝိုင်ကိုသောက်၍ယစ်မူးသဖြင့် မိမိတဲထဲ၌ ဝတ်လစ်စလစ်နေလေ၏။
9:22 ခါနာန်၏ဖခင် ဟာမသည် မိမိဖခင်အဝတ်မပါအချည်းစည်းဖြစ်နေသည်ကိုမြင်၍ အပြင်မှာရှိသောအစ်ကိုနှစ်ယောက်တို့အား ပြောပြလေ၏။
9:23 ရှေမနှင့်ယာဖက်တို့သည် အဝတ်ကိုယူ၍ မိမိတို့ပခုံးပေါ်မှာတင်ပြီးလျှင် ကျောခိုင်းဝင်လာကြပြီး မိမိတို့ဖခင်အဝတ်မပါအချည်းစည်းဖြစ်နေသည်ကို ဖုံးပေးကြ၏။ သူတို့သည် မျက်နှာကိုလွှဲထားသည်ဖြစ်၍ မိမိတို့ဖခင်အဝတ်မပါအချည်းစည်းဖြစ်နေသည်ကို မမြင်ရပေ။
9:24 နောဧသည် အမူးပြေ၍ မိမိအား အငယ်ဆုံးသားပြုသောအမှုကိုသိသောအခါ
9:25 “ခါနာန်သည် ကျိန်ခြင်းကိုခံရပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေ”ဟု ဆို၏။
9:26 တစ်ဖန် နောဧက “ရှေမ၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ ခါနာန်သည် ရှေမ၏ကျွန်ဖြစ်ပါစေ။
9:27 ဘုရားသခင်သည် ယာဖက်ကို ကြီးပွားစေတော်မူပါစေသော။ သူသည် ရှေမ၏တဲတို့၌ နေရပါစေ။ ခါနာန်မူကား သူ၏ကျွန်ဖြစ်ပါစေ”ဟု ဆိုလေ၏။
9:28 ရေလွှမ်းမိုးပြီးသည့်နောက် နောဧသည် အနှစ်သုံးရာ့ငါးဆယ်အသက်ရှင်၏။
9:29 နောဧသည် နှစ်ပေါင်းကိုးရာ့ငါးဆယ်အသက်ရှင်ပြီးနောက် သေဆုံးလေ၏။