Library · my

2 Chronicles 10

10:1 အစ္စရေး​လူမျိုး​တစ်မျိုးလုံး​သည် ရောဗောင်​ကို​မင်းမြှောက်​ရန် ရှေခင်​မြို့​သို့​ရောက်လာ​ကြ​သဖြင့် ရောဗောင်​သည်​လည်း ရှေခင်​မြို့​သို့​သွား​၏​။ 10:2 ရှောလမုန်​မင်းကြီး​ထံမှ​ထွက်ပြေး​သွား​ခဲ့​သော နေဗတ်​၏​သား​ယေရောဗောင်​သည် အီဂျစ်​ပြည်​၌​ခိုလှုံ​နေ​၏​။ ထို​သတင်း​ကို​ကြား​ရ​လျှင် ယေရောဗောင်​သည် အီဂျစ်​ပြည်​မှ ပြန်လာ​၏​။ 10:3 ထို့ကြောင့် လူ​လွှတ်​၍ သူ့​ကို​ခေါ်​ကြ​၏​။ ထို့နောက် ယေရောဗောင်​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ရောဗောင်​မင်းကြီး​ထံသို့​လာ​ကြ​ပြီး 10:4 “​မင်းကြီး​၏​ခမည်းတော်​သည် အကျွန်ုပ်​တို့​အပေါ် လေး​သော​ထမ်းပိုး​ကို တင်​ခဲ့​ပါ​၏​။ သို့သော် မင်းကြီး​၏​ခမည်းတော်​ထံ၌ အကျွန်ုပ်​တို့ ခက်ခဲပင်ပန်း​စွာ​အမှုထမ်း​ခဲ့​ရ​သည်​ကို သက်သာ​စေ​မည်​ဆိုလျှင်​၊ အကျွန်ုပ်​တို့​အပေါ်​တင်​ထား​ခဲ့​သည့် လေးလံ​သော​ထမ်းပိုး​ကို ပေါ့​စေ​မည်​ဆိုလျှင် မင်းကြီး​ထံ ခစား​ကြ​ပါ​မည်​”​ဟု လျှောက်တင်​ကြ​၏​။ 10:5 ထိုအခါ ရောဗောင်​မင်းကြီး​က “​သုံး​ရက်​ကြာ​မှ ငါ့​ထံသို့​ပြန်လာ​ကြ​လော့​”​ဟု မိန့်ဆို​သဖြင့် လူ​တို့​လည်း ပြန်သွား​ကြ​၏​။ 10:6 ထို့နောက် ရောဗောင်​မင်းကြီး​သည် ခမည်းတော်​ရှောလမုန်​မင်းကြီး​အသက်ရှင်​စဉ်က ရှေ့​တော်​၌​ခစား​သူ​များ​ဖြစ်​သည့် သက်ကြီးဝါကြီး​များ​အား “​သင်​တို့ မည်သို့​အကြံပေး​မည်နည်း​။ ဤ​လူ​တို့​အား မည်သို့​ပြန်ပြော​ရ​မည်နည်း​”​ဟု တိုင်ပင်​မေးမြန်း​ရာ 10:7 သူ​တို့​က “​မင်းကြီး​သည် ဤ​လူ​တို့​ကို​ကျေးဇူးပြု​မည်​၊ သူ​တို့​စိတ်ကျေနပ်​အောင် ကောင်းမွန်​စွာ​ပြောဆို​ဆက်ဆံ​မည်​ဆို​လျှင် သူ​တို့​သည် မင်းကြီး​ထံ အစဉ်အမြဲ​အစေခံ​ကြ​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​ကြ​၏​။ 10:8 သို့သော် ရောဗောင်​မင်းကြီး​သည် သက်ကြီးဝါကြီး​တို့​ပေး​သော​အကြံ​ကို လက်မခံ​ဘဲ သူ့​ထံ၌​ခစား​နေ​သော ငယ်ပေါင်းကြီးဖော်​လူငယ်​များ​နှင့် တိုင်ပင်​လေ​၏​။ 10:9 “ ‘​အကျွန်ုပ်​တို့​အပေါ် သင့်​ခမည်းတော်​တင်​သော​ထမ်းပိုး​ကို ပေါ့​စေ​တော်မူ​ပါ​’​ဟု တောင်းဆို​လာ​သော ဤ​လူ​တို့​အား မည်သို့​ပြန်ပြော​ရ​မည်​ကို အကြံပေး​ကြ​ပါ​”​ဟု သူ​တို့​အား တိုင်ပင်မေးမြန်း​လျှင် 10:10 သူ​၏​ငယ်ပေါင်းကြီးဖော်​လူငယ်​တို့​က “ ‘​မင်းကြီး​၏​ခမည်းတော်​သည် အကျွန်ုပ်​တို့​အပေါ် လေး​သော​ထမ်းပိုး​ကို​တင်​ခဲ့​ပြီ​။ ထို​ထမ်းပိုး​ကို​ပေါ့​စေ​တော်မူ​ပါ​’​ဟု လျှောက်တင်​သော​လူ​တို့​အား ‘​ငါ့​လက်သန်း​သည် ငါ့​ခမည်းတော်​၏​ခါး​ထက် ပို၍​တုတ်​၏​။ 10:11 ငါ့​ခမည်းတော်​သည် သင်​တို့​အပေါ် လေး​သော​ထမ်းပိုး​ကို တင်​ခဲ့​၏​။ ငါ​မူကား သင်​တို့​၏​ထမ်းပိုး​ကို ပို၍​လေး​စေ​မည်​။ ငါ့​ခမည်းတော်​သည် သင်​တို့​ကို ကျာပွတ်​နှင့်​ဆုံးမ​၏​။ ငါ​မူကား သင်​တို့​ကို ကင်းမြီးကောက်​နှင့်​ဆုံးမ​မည်​’​ဟူ၍ ပြန်ဖြေ​ပါ​လော့”​ဟု လျှောက်တင်​ကြ​၏​။ 10:12 ရှင်ဘုရင်​က “​သုံး​ရက်​မြောက်​နေ့​တွင် ငါ့​ထံ​ပြန်လာ​ကြ​”​ဟု ဆို​သည့်​အတိုင်း ယေရောဗောင်​နှင့်​လူ​အပေါင်း​တို့​သည် သုံး​ရက်​မြောက်​သော​နေ့​တွင် ရောဗောင်​မင်းကြီး​ထံသို့ ပြန်လာ​ကြ​၏​။ 10:13 ထိုအခါ ရောဗောင်​မင်းကြီး​သည် သူ​တို့​အား ကြမ်းတမ်း​စွာ​ပြန်ပြော​၏​။ သက်ကြီးဝါကြီး​တို့​ပေး​သော​အကြံ​ကို ပစ်ပယ်​ပြီး 10:14 လူငယ်​တို့​ပေး​သော​အကြံ​အတိုင်း ထို​သူ​တို့​အား “​ငါ့​ခမည်းတော်​သည် သင်​တို့​အပေါ် လေး​သော​ထမ်းပိုး​ကို တင်​ခဲ့​၏​။ ငါ​မူကား သင်​တို့​၏​ထမ်းပိုး​ကို ပို၍​လေး​စေ​မည်​။ ငါ့​ခမည်းတော်​သည် သင်​တို့​ကို ကျာပွတ်​နှင့်​ဆုံးမ​၏​။ ငါ​မူကား သင်​တို့​ကို ကင်းမြီးကောက်​နှင့်​ဆုံးမ​မည်​”​ဟု ပြန်ပြော​၏​။ 10:15 ဤသို့ဖြင့် ရှင်ဘုရင်​သည် လူ​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။ အကြောင်းမှာ ရှိလော​မြို့သား​အဟိယ​မှတစ်ဆင့် နေဗတ်​၏​သား​ယေရောဗောင်​အား ထာဝရဘုရား​မိန့်မှာ​ထား​သော​စကား​များ အမှန်​ဖြစ်လာ​ရန် ဘုရားသခင် ဤသို့​ဖြစ်ပျက်​စေ​ခြင်း​ဖြစ်​၏​။ 10:16 အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် မိမိ​တို့​စကား​ကို ရှင်ဘုရင်​နား​မ​ထောင်​ကြောင်း သိမြင်​လျှင် သူ​တို့​က ရှင်ဘုရင်​အား “​ဒါဝိဒ်​မင်းကြီး​၌ ငါ​တို့ မည်သည့်​ဝေစု​ရှိ​သနည်း​။ ယေရှဲ​၏​သား​၌ ငါ​တို့​အမွေခံစရာ​မ​ရှိ​။ အို အစ္စရေး​လူမျိုး​တို့​၊ ကိုယ့်​တဲ​သို့ ကိုယ်​ပြန်​ကြ​လော့​။ အို ဒါဝိဒ်​မင်းကြီး​၊ ကိုယ့်​အမျိုးအနွယ်​ကို စောင့်ရှောက်​ပါ​လော့​”​ဟု ပြန်ပြော​ပြီး အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ကိုယ့်​တဲ​သို့ ကိုယ်​ပြန်သွား​ကြ​လေ​၏​။ 10:17 သို့သော် ယုဒ​မြို့ရွာ​များ​တွင်​နေထိုင်​သော အစ္စရေး​အမျိုးသား​တို့​ကို​ကား ရောဗောင်​မင်းကြီး​အုပ်စိုး​ရ​၏​။ 10:18 တစ်နေ့တွင် ရောဗောင်​မင်းကြီး​သည် ချွေးတပ်အုပ်​ဟဒေါရံ ​ကို​စေလွှတ်​ရာ အစ္စရေး​အမျိုးသား​တို့​သည် သူ့​ကို ကျောက်ခဲ​နှင့်​ပေါက်​သဖြင့် သူ​သေ​လေ​၏​။ ထိုအခါ ရောဗောင်​မင်းကြီး​သည် မြင်းရထား​ပေါ်သို့ အလျင်အမြန်​တက်စီး​ပြီး ဂျေရုဆလင်​မြို့​သို့ ထွက်ပြေး​လေ​၏​။ 10:19 ဤသို့ဖြင့် အစ္စရေး​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းမျိုးမင်းနွယ်​ကို ယနေ့​တိုင်အောင် ပုန်ကန်​ကြ​လေ​၏​။