2 Chronicles 11
11:1 ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့သို့ရောက်လာလျှင် အစ္စရေးလူမျိုးတို့ကိုတိုက်ခိုက်ပြီး ရောဗောင်အဖို့ နိုင်ငံတော်ပြန်ရယူရန် ယုဒအမျိုးအနွယ်နှင့် ဗင်္ယာမိန်အမျိုးအနွယ်တို့မှ လက်ရွေးစင်စစ်သားတစ်သိန်းရှစ်သောင်းကို စုဝေးစေ၏။
11:2 သို့ရာတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဘုရားသခင်၏လူရှေမာယထံသို့ရောက်လာ၍
11:3 “ရှောလမုန်မင်းကြီး၏သားတော် ယုဒဘုရင်ရောဗောင်မင်းကြီးမှစ၍ ယုဒပြည်၊ ဗင်္ယာမိန်ပြည်ရှိ အစ္စရေးလူမျိုးအပေါင်းတို့အား
11:4 ထာဝရဘုရားက ‘သင်တို့၏ညီအစ်ကိုတို့အား သွား၍မတိုက်ခိုက်ရ။ ကိုယ့်အိမ်သို့ အသီးသီးပြန်သွားကြလော့။ ဤအမှုသည် ငါပြုသောအမှုဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ လူတို့သည် ထာဝရဘုရားမိန့်တော်မူသည်ကို နာခံ၍ ယေရောဗောင်မင်းကြီးထံ စစ်ချီရာမှ လှည့်ပြန်သွားကြလေ၏။
11:5 ထို့နောက်တွင် ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့တွင်စံမြန်းပြီး ယုဒပြည်တွင် ခံတပ်မြို့များကို တည်ဆောက်၏။
11:6 ဗက်လင်မြို့၊ ဧတံမြို့၊ တေကောမြို့၊
11:7 ဗက်ဇုရမြို့၊ စောခေါမြို့၊ အဒုလံမြို့၊
11:8 ဂါသမြို့၊ မရေရှမြို့၊ ဇိဖမြို့၊
11:9 အဒေါရိမ်မြို့၊ လာခိရှမြို့၊ အဇေကာမြို့၊
11:10 ဇောရာမြို့၊ အာယလုန်မြို့၊ ဟေဗြုန်မြို့ စသောမြို့တို့ကို တည်ဆောက်ခဲ့၏။ ဤမြို့များသည် ယုဒနယ်၊ ဗင်္ယာမိန်နယ်တို့တွင်ရှိသော ခံတပ်မြို့များဖြစ်၏။
11:11 သူသည် ခံတပ်မြို့များကို ခိုင်ခံ့အောင်လုပ်ပြီး ထိုနေရာတွင် အုပ်ချုပ်သူများကို ခန့်ထားကာ စားနပ်ရိက္ခာများ၊ သံလွင်ဆီများ၊ စပျစ်ဝိုင်များကို သိုလှောင်ထား၏။
11:12 မြို့တိုင်းတွင် ဒိုင်းလွှားများ၊ လှံများ ထားရှိပြီး တောင့်တင်းခိုင်မာအောင်ပြု၏။ ဤသို့ဖြင့် ယုဒပြည်နှင့် ဗင်္ယာမိန်ပြည်ကို အုပ်ချုပ်လေ၏။
11:13 အစ္စရေးပြည်တစ်ပြည်လုံးရှိယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့သည် ကိုယ့်နေရပ်အသီးသီးမှ ရောဗောင်မင်းကြီးထံသို့ လာကြ၏။
11:14 ယေရောဗောင်မင်းကြီးနှင့် သူ၏သားတို့သည် လေဝိအမျိုးတို့ကို ထာဝရဘုရားအမှုတော်ဆောင်သောယဇ်ပုရောဟိတ်အဖြစ်မှ ရပ်စဲသွားစေသောကြောင့် လေဝိအမျိုးတို့သည် မိမိတို့စားကျက်မြေများအပါအဝင် ပိုင်ဆိုင်ရာများကိုစွန့်ပြီး ယုဒပြည်၊ ဂျေရုဆလင်မြို့သို့ လာကြ၏။
11:15 ယေရောဗောင်မင်းကြီးသည် အထွတ်အမြတ်ထားရာနေရာများ၊ ဆိတ်ရုပ်တုများ၊ မိမိကိုယ်တိုင်လုပ်သောနွားသငယ်ရုပ်တုများအဖို့ ယဇ်ပုရောဟိတ်များကို ခန့်ထား၏။
11:16 ထို့နောက်တွင် အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကိုရှာရန် စိတ်ပိုင်းဖြတ်ထားသောသူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ယဇ်ပူဇော်ရန် လေဝိအမျိုးတို့နှင့်အတူ ဂျေရုဆလင်မြို့သို့ လိုက်လာကြ၏။
11:17 သူတို့သည် သုံးနှစ်ပတ်လုံး ရှောလမုန်မင်းကြီး၏သားတော် ရောဗောင်မင်းကြီးကို ထောက်မကူညီကြပြီး ယုဒပြည်ကိုခိုင်ခံ့စေခဲ့၏။ သုံးနှစ်ပတ်လုံး ဒါဝိဒ်မင်းကြီးနှင့် ရှောလမုန်မင်းကြီးတို့ လျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်ကြ၏။
11:18 ရောဗောင်မင်းကြီးသည် ဒါဝိဒ်မင်းကြီး၏မြေးတော်၊ ယေရိမုတ်၏သမီးတော်မဟာလတ်ကို မိဖုရားမြှောက်၏။ မယ်တော်ကား ယေရှဲ၏မြေး ဧလျာဘ၏သမီး အဘိဟဲလဖြစ်၏။
11:19 မဟာလတ်သည် သားတော် ယုရှ၊ ရှေမရိ၊ ဇာဟံ တို့ကို မွေးဖွား၏။
11:20 ထို့ပြင် အဗရှလုံ၏သမီးတော်မာခါကိုလည်း မိဖုရားမြှောက်၏။ မာခါသည် အဘိယ၊ အတ္တဲ၊ ဇိဇ၊ ရှေလောမိတ်တို့ကို မွေးဖွား၏။
11:21 ရောဗောင်မင်းကြီးသည် အဗရှလုံ၏သမီးတော်မာခါကို အခြားသောမိဖုရား၊ မောင်းမမိဿံတို့ထက် ချစ်မြတ်နိုး၏။ သူ၌ မိဖုရားတစ်ဆယ့်ရှစ်ပါးနှင့် မောင်းမမိဿံခြောက်ဆယ်ရှိပြီး သားတော် နှစ်ဆယ့်ရှစ်ယောက်၊ သမီးတော် အယောက်ခြောက်ဆယ်ရှိ၏။
11:22 ရောဗောင်မင်းကြီးသည် မာခါ၏သားတော်အဘိယကို မင်းမြှောက်ရန် အကြံအစည်ရှိသဖြင့် မင်းညီမင်းသားများထဲတွင် သူ့ကို ခေါင်းဆောင်အဖြစ် ခန့်ထား၏။
11:23 ရောဗောင်မင်းကြီးသည် ဉာဏ်ပြေးသူဖြစ်၏။ သူ၏သားတော်များကို ယုဒနယ်၊ ဗင်္ယာမိန်နယ်တစ်လျှောက်လုံးရှိ ခံတပ်မြို့တို့တွင် ပို့ထားပြီး စားနပ်ရိက္ခာအပြည့်အစုံနှင့် မယားအများအပြားကိုလည်း ရှာပေး၏။