2 Chronicles 27
27:1 ယောသံနန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခြောက်နှစ်စိုးစံ၏။ မယ်တော်ကား ဇာဒုတ်၏သမီး ယေရုရှာအမည်ရှိ၏။
27:2 ယောသံမင်းကြီးသည် ထာဝရဘုရား၏ရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၍ ခမည်းတော်ဩဇိမင်းကြီးပြုကျင့်သမျှအတိုင်း ပြုကျင့်၏။ ထာဝရဘုရား၏ဗိမာန်တော်သို့လည်း မဝင်။ ပြည်သူပြည်သားတို့မူကား အကျင့်ပျက်ပြားလျက် ရှိသေး၏။
27:3 သူသည် ထာဝရဘုရား၏အိမ်တော်အထက်တံခါးကို တည်ဆောက်၏။ ဩဖေလမြို့ရိုးကိုလည်း ခိုင်ခံ့အောင် တည်ဆောက်၏။
27:4 ယုဒတောင်ပေါ်ဒေသတွင်လည်း မြို့ရွာများကို တည်၏။ တောထဲတွင်လည်း ခံတပ်များ၊ မျှော်စင်များကို တည်၏။
27:5 သူသည် အမ္မုန်ဘုရင်နှင့်စစ်တိုက်ရာတွင် အောင်နိုင်သောကြောင့် ထိုနှစ်တွင် အမ္မုန်အမျိုးသားတို့သည် သူ့အား ငွေတာလန်တစ်ရာ ၊ ဂျုံဆန်ကောရတစ်သောင်း ၊ မုယောဆန်ကောရတစ်သောင်း ဆက်ကြေးပေးရ၏။ ဒုတိယနှစ်၊ တတိယနှစ်တို့တွင်လည်း အမ္မုန်အမျိုးသားတို့သည် သူ့အား ထိုသို့ပေးရ၏။
27:6 ယောသံမင်းကြီးသည် မိမိ၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ တည်ကြည်စွာအသက်ရှင်လျှောက်လှမ်းသောကြောင့် အင်အားကြီးမားလာ၏။
27:7 ကျန်ရှိနေသော ယောသံမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ စစ်တိုက်ခဲ့ပုံများ၊ သူ၏အပြုအမူအကျင့်အကြံအလုံးစုံတို့ကို အစ္စရေးဘုရင်၊ ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
27:8 သူသည် နန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခြောက်နှစ် စိုးစံ၏။
27:9 ယောသံမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာခတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။