2 Chronicles 28
28:1 အာခတ်နန်းတက်သောအခါ သက်တော်နှစ်ဆယ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခြောက်နှစ်စိုးစံ၏။ သူသည် သူ၏ဘိုးဘေးဒါဝိဒ်မင်းကြီးကဲ့သို့ မပြုကျင့်။ ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာမပြုကျင့်ဘဲ
28:2 အစ္စရေးဘုရင်တို့ လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ခဲ့၏။ ဗာလရုပ်တုများကိုလည်း သွန်းလုပ်၏။
28:3 သူသည် ဗင်ဟိန္နုံချိုင့်ဝှမ်းတွင် နံ့သာပေါင်းကိုမီးရှို့ပူဇော်၏။ အစ္စရေးအမျိုးသားတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ကိုယ့်သားများကိုပင် မီးရှို့ပူဇော်ခဲ့၏။
28:4 ထို့ပြင် အထွတ်အမြတ်ထားရာနေရာများ၊ တောင်ကုန်းပေါ်နှင့် စိမ်းလန်းသောသစ်ပင်အောက်တို့တွင် ယဇ်ပူဇော်၍ နံ့သာပေါင်းကိုလည်း မီးရှို့ပူဇော်၏။
28:5 ထို့ကြောင့် သူ၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကို ဆီးရီးယားဘုရင်လက်သို့ အပ်လိုက်တော်မူ၏။ ဆီးရီးယားလူမျိုးတို့သည် သူ့ကိုအောင်နိုင်ပြီး သုံ့ပန်းအမြောက်အမြားကို ဒမတ်စကပ်မြို့သို့ ဖမ်းဆီးခေါ်ဆောင်သွား၏။ သူသည် အစ္စရေးဘုရင်လက်သို့လည်း အပ်လိုက်ခြင်းခံရသဖြင့် ထိုဘုရင်သည် သူ့ကို အပြင်းအထန်တိုက်ခိုက်ချေမှုန်းလေ၏။
28:6 သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စွန့်ပယ်သောကြောင့် ယုဒပြည်တွင် ရေမလိ၏သားပေကာမင်းကြီး၏လက်ချက်ဖြင့် စစ်သူရဲအားလုံး တစ်သိန်းနှစ်သောင်း တစ်နေ့ချင်းတွင် သေကြရ၏။
28:7 ဧဖရိမ်စစ်သူရဲဇိခရိသည်လည်း ဘုရင့်သားတော်မာသေယ၊ နန်းတော်အုပ်အာဇရိကံ၊ ရှင်ဘုရင်ပြီးလျှင် ရာထူးအကြီးဆုံးဧလကာနတို့ကို ကွပ်မျက်လေ၏။
28:8 အစ္စရေးအမျိုးသားတို့သည် သူတို့၏ဆွေမျိုးသားချင်းထဲမှ မိန်းမများ၊ သားသမီးများစုစုပေါင်း နှစ်သိန်းတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ သူတို့ထံမှ တိုက်ရာပါပစ္စည်းအများအပြားတို့ကိုလည်း သိမ်းယူပြီး ရှမာရိမြို့သို့ ယူဆောင်သွားကြ၏။
28:9 ရှမာရိမြို့၌ ဩဒက်အမည်ရှိသောထာဝရဘုရား၏ပရောဖက်တစ်ပါး ရှိ၏။ သူသည် ရှမာရိမြို့သို့ပြန်လာသောစစ်သည်ဗိုလ်ခြေတို့ကို ထွက်ကြိုပြီး “သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် ယုဒအမျိုးကို အမျက်ထွက်၍ သူတို့ကို သင်တို့၏လက်သို့အပ်တော်မူသည်ကို သင်တို့သည် မိုးထိအောင်အမျက်ထွက်၍ သူတို့ကိုသတ်ဖြတ်လေပြီ။
28:10 ယခုလည်း သင်တို့သည် ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့ကို သင်တို့အဖို့ ကျွန်ယောက်ျား၊ ကျွန်မိန်းမများအဖြစ် ခိုင်းစေရန် ကြံရွယ်လေပြီ။ သင်တို့ကိုယ်တိုင်လည်း သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားကြသည်မဟုတ်လော။
28:11 ယခု ငါပြောသောစကားကို နားထောင်ပါလော့။ သုံ့ပန်းအဖြစ် သင်တို့ဖမ်းဆီးခေါ်ဆောင်လာသော ကိုယ့်ညီအစ်ကိုချင်းတို့ကို ပြန်လွှတ်ပေးလော့။ အကြောင်းမူကား ထာဝရဘုရားသည် သင်တို့ကို ပြင်းစွာအမျက်ထွက်လေပြီ”ဟု ဆို၏။
28:12 ထိုအခါ ယေဟောဟနန်၏သားအာဇရိ၊ မေရှိလေမုတ်၏သားဗေရခိ၊ ရှလ္လုံ၏သားဟေဇကိ၊ ဟာဒလဲ၏သားအာမသ စသည့်ဧဖရိမ်အမျိုးသားခေါင်းဆောင်အချို့တို့သည်ထ၍ စစ်ပွဲမှပြန်လာသူတို့အား မျက်နှာချင်းဆိုင်လျက်
28:13 “စစ်သုံ့ပန်းတို့ကို ဤနေရာသို့ မခေါ်လာကြပါနှင့်။ ငါတို့သည် ထာဝရဘုရားကိုပြစ်မှား၍ ငါတို့၏အပြစ်ပေါ်အပြစ်ထပ်တင်ရန် သင်တို့ကြံရွယ်နေကြပါသည်တကား။ ငါတို့အပြစ်ကြီးမားလွန်းသောကြောင့် အစ္စရေးလူမျိုးကို အမျက်တော်ပြင်းထန်စွာထွက်လျက် ရှိ၏”ဟု ဆိုကြ၏။
28:14 ထို့ကြောင့် စစ်သည်တို့သည် သုံ့ပန်းများနှင့်တိုက်ရာပါပစ္စည်းများကို အကြီးအကဲများနှင့် လူထုတစ်ရပ်လုံးထံ အပ်နှံလိုက်ကြ၏။
28:15 ထိုအခါ နာမည်နှင့်တကွတာဝန်ရှိသူတို့သည် ထ၍ စစ်သုံ့ပန်းများကိုခေါ်ပြီး အဝတ်မရှိသူတို့အား တိုက်ရာပါပစ္စည်းများထဲမှအဝတ်များကိုဝတ်စေ၏။ အဝတ်အစားများ၊ ဖိနပ်များ၊ အစားအသောက်များ၊ လိမ်းစရာဆီများ စသည်တို့ကိုလည်းပေး၏။ အားမရှိသောသူတို့ကိုလည်း မြည်းပေါ်တင်ကာ သူတို့၏ဆွေမျိုးသားချင်းတို့ရှိရာ စွန်ပလွံမြို့ ခေါ် ဂျေရိခေါမြို့သို့ ပြန်ပို့ပြီးမှ ရှမာရိမြို့သို့ ပြန်လာကြ၏။
28:16 ထိုအချိန်တွင် အာခတ်မင်းကြီးသည် အဆီးရီးယားဘုရင်ထံ လူလွှတ်၍စစ်ကူတောင်း၏။
28:17 အကြောင်းမူကား ဧဒုံအမျိုးသားတို့သည် နောက်တစ်ဖန် ချီလာ၍ ယုဒပြည်ကိုတိုက်ခိုက်ပြီး သုံ့ပန်းများကိုဖမ်းဆီးခေါ်ဆောင်သွားကြ၏။
28:18 ထို့ပြင် ဖိလိတ္တိလူမျိုးတို့သည်လည်း မြေနိမ့်ဒေသရှိမြို့ရွာများနှင့် ယုဒပြည်နေဂေ့အရပ်ကို ဝင်ရောက်တိုက်ခိုက်ပြီး ဗက်ရှေမက်မြို့၊ အာယလုန်မြို့၊ ဂေဒရုတ်မြို့၊ စောခေါမြို့နှင့်ဝန်းကျင်ရှိရွာများ၊ တိမနတ်မြို့နှင့်ဝန်းကျင်မြို့ရွာများ၊ ဂိမဇောမြို့နှင့်ဝန်းကျင်မြို့ရွာများကို သိမ်းပိုက်ကာ ထိုနေရာတို့၌ နေထိုင်ကြ၏။
28:19 အစ္စရေးဘုရင်အာခတ်မင်းကြီးကြောင့် ယုဒပြည်သားတို့သည် ထာဝရဘုရားအပေါ် သစ္စာမရှိ ဖောက်ပြန်မှားယွင်း၍ အထိန်းအကွပ်မဲ့ပြုမူကြ၏။ ထို့ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို နှိမ့်ချတော်မူ၏။
28:20 အဆီးရီးယားဘုရင် တိဂလတ်ပိလေသာမင်းကြီးသည်လည်း သူ့ထံချီလာပြီး အကူအညီပေးမည့်အစား ဒုက္ခရောက်အောင် ပြု၏။
28:21 အာခတ်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်၊ ဘုရင့်နန်းတော်နှင့်မှူးမတ်များထံမှ ဥစ္စာဘဏ္ဍာများကိုယူ၍ အဆီးရီးယားဘုရင်အားပေးသော်လည်း သူ့ထံမှအကူအညီမရချေ။
28:22 အာခတ်မင်းကြီးသည် ဒုက္ခရောက်နေချိန်တွင်ပင် ထာဝရဘုရားအပေါ် သစ္စာမဲ့သောလုပ်ရပ်များကို ဆက်၍သာလုပ်ဆောင်လေ၏။
28:23 သူက “ဆီးရီးယားဘုရင်၏ဘုရားတို့သည် သူတို့ကို ကူညီ၏။ ထိုဘုရားတို့ကို ယဇ်ပူဇော်လျှင် ငါ့ကိုလည်းကူညီလိမ့်မည်”ဟု တွေးလျက် သူ့ကို တိုက်ခိုက်နှိမ်နင်းခဲ့သောဒမတ်စကပ်မြို့သားတို့၏ဘုရားများကို ယဇ်ပူဇော်လေ၏။ သို့သော် ထိုဘုရားတို့သည် သူနှင့်အစ္စရေးတစ်မျိုးနွယ်လုံးကို ကျရှုံးစေ၏။
28:24 အာခတ်မင်းကြီးသည် ဘုရားသခင်၏အိမ်တော်အသုံးအဆောင်တို့ကို စုပုံပြီး ထိုဘုရားသခင်၏အိမ်တော်အသုံးအဆောင်တို့ကို ချိုးဖဲ့ဖျက်ဆီးပစ်ကာ ထာဝရဘုရား၏အိမ်တော်တံခါးများကိုလည်း ပိတ်ထား၏။ ထို့နောက် ဂျေရုဆလင်မြို့လမ်းထောင့်ရှိသမျှတို့၌ မိမိအဖို့ယဇ်ပလ္လင်များကို တည်၏။
28:25 ယုဒပြည်ရှိ မြို့တိုင်းတွင် အခြားဘုရားတို့ကို နံ့သာပေါင်းမီးရှို့ပူဇော်ရန်အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို တည်၏။ ဤသို့ဖြင့် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို အမျက်ထွက်စေ၏။
28:26 ကျန်ရှိနေသော အာခတ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူလျှောက်ခဲ့သမျှသောလမ်းအစအဆုံးတို့ကို ယုဒဘုရင်နှင့် အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
28:27 အာခတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ့ကို ဂျေရုဆလင်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သို့သော် အစ္စရေးဘုရင်တို့၏သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြပေ။ သူ၏သားတော်ဟေဇကိသည် သူ့အရိုက်အရာကို ဆက်ခံ၏။