Job 18
18:1 ထိုအခါ ရှုအာအမျိုးသား ဗိလဒဒ်က
18:2 “မည်သည့်အချိန်မှ သင်တို့စကားဆုံးမည်နည်း။ ဆင်ခြင်သုံးသပ်ပြီးမှ ငါတို့စကားပြောကြမည်။
18:3 အဘယ်ကြောင့် ငါတို့ကို တိရစ္ဆာန်ကဲ့သို့ မှတ်ရသနည်း။ အဘယ်ကြောင့် ငါတို့ကို လူတုံးလူအဟု မြင်ရသနည်း။
18:4 သင်အမျက်ထွက်၍ သင့်ကိုယ်သင် ဆွဲဆုတ်ပစ်လျှင်ပင် ထို့အတွက် မြေကြီး ဆိတ်သုဉ်းသွားရမည်လော။ ကျောက်ဆောင်လည်း နေရာမှရွေ့ပေးရမည်လော။
18:5 အကယ်စင်စစ် လူဆိုးတို့၏မီးအိမ်သည် ငြိမ်းသွားလိမ့်မည်။ သူ၏မီးလျှံသည်လည်း လင်းထိန်နေမည်မဟုတ်။
18:6 သူ၏တဲရှိအလင်းသည် မှောင်မိုက်ဖြစ်လိမ့်မည်။ သူ၏ဘေးရှိမီးခွက်သည်လည်း ငြိမ်းသွားလိမ့်မည်။
18:7 အားမာန်ပြည့်သောခြေလှမ်းများသည် အားလျော့သွားလိမ့်မည်။ သူ့အကြံနှင့်သူ လဲပြိုသွားရလိမ့်မည်။
18:8 အကြောင်းမူကား သူ့ခြေတို့သည် ပိုက်ကွန်နှင့်ငြိ၍ သူသည်လည်း ကွန်ရက်ထဲတွင် လည်နေလိမ့်မည်။
18:9 သူ၏ဖနောင့်သည် ကျော့ကွင်း၌ မိလိမ့်မည်။ ညွှတ်ကွင်းသည်လည်း သူ့ကိုဆွဲထားလိမ့်မည်။
18:10 သူ့ကိုထောင်ဖမ်းမည့်ကြိုးကွင်းကို မြေကြီးတွင် ဝှက်ထားလိမ့်မည်။ သူသွားမည့်လမ်းတွင် ထောင်ချောက်ဆင်ထားလိမ့်မည်။
18:11 ထိတ်လန့်ဖွယ်ရာတို့သည် သူ့ကိုပတ်လည်ဝိုင်း၍ ခြောက်လှန့်ပြီး သူသွားလေရာရာသို့ ထက်ကြပ်မကွာလိုက်လိမ့်မည်။
18:12 ဆင်းရဲဒုက္ခသည် သူ့ကို အာသာပြင်းပြလေပြီ။ ဘေးဒုက္ခသည်လည်း သူ့ကို လှဲချရန်အသင့်ဖြစ်လေပြီ။
18:13 သူ့အသားအရေကို တစ်စပြီးတစ်စစားပစ်လိမ့်မည်။ သေမင်း၏သားဦးသည်လည်း သူ့ခြေလက်အင်္ဂါများကို ဝါးမျိုလိမ့်မည်။
18:14 သူခိုလှုံရာတဲထဲမှ သူ့ကိုဆွဲထုတ်ပြီး ထိတ်လန့်ခြင်းဘုရင်ထံသို့ သူ့ကိုခေါ်ဆောင်သွားမည်။
18:15 သူနှင့်မဆိုင်သောသတ္တဝါတို့သည် သူ့တဲ၌နေထိုင်ကြလိမ့်မည်။ သူ့နေရာကို ကန့်မှုန့်များဖြင့် ကြဲထားလိမ့်မည်။
18:16 သူ့အမြစ်တို့သည် ခြောက်သွေ့သွားလိမ့်မည်။ သူ့အခက်အလက်တို့သည်လည်း ညှိုးနွမ်းသွားလိမ့်မည်။
18:17 မြေကြီးပေါ်တွင် သူ့ကိုအမှတ်ရစရာမကျန်။ လမ်းပေါ်တွင် သူ့နာမည်ကျန်တော့မည်မဟုတ်။
18:18 သူသည် အလင်းမှအမှောင်ထဲသို့ မောင်းထုတ်ခြင်းခံရမည်။ ကမ္ဘာလောကမှ နှင်ထုတ်ခြင်းခံရမည်။
18:19 သူ့လူမျိုးတွင် သူသည် သားသမီးထွန်းကားမည်မဟုတ်။ သားမြေးအစဉ်အဆက်လည်း ရှိမည်မဟုတ်။ သူနေထိုင်ရာအရပ်တွင် အသက်ရှင်ကျန်ရစ်သူရှိတော့မည်မဟုတ်။
18:20 ထိုသို့ သူခံရသောနေ့ရက်တွင် အနောက်အရပ်မှလူတို့သည် တုန်လှုပ်ချောက်ချားကြလိမ့်မည်။ အရှေ့အရပ်မှလူတို့သည် ကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်။
18:21 ဤသည်ကား ဒုစရိုက်သမားတို့နေထိုင်ရာ၊ ဘုရားကိုမသိသောသူတို့နေရာဖြစ်၏”ဟု ဆိုလေ၏။