Job 29
29:1 ထိုအခါ ယောဘက ဆက်၍
29:2 “ကုန်ဆုံးသွားသောလများကဲ့သို့၊ ငါ့ကို ဘုရားသခင် စောင့်ရှောက်တော်မူသောနေ့ရက်များကဲ့သို့ ပြန်ဖြစ်ချင်မိပါ၏။
29:3 ထိုစဉ်က ကိုယ်တော်၏မီးခွက်သည် ငါ့ဦးခေါင်းထက်တွင် မီးခွက်သဖွယ် ထွန်းလင်းတော်မူသဖြင့် ထိုအလင်းဖြင့် မှောင်မိုက်ထဲတွင် ငါသွားလာရ၏။
29:4 ငါအရွယ်ကောင်းစဉ်က ဘုရားသခင်သည် ငါ့တဲနှင့် ရင်းနှီးကျွမ်းဝင်ခဲ့၏။
29:5 ငါနှင့်အတူ အနန္တတန်ခိုးရှင်ရှိခဲ့၏။ ငါနှင့်အတူ ငါ့သားသမီးတို့ ရှိခဲ့၏။
29:6 ငါလျှောက်သောလမ်းတွင် နို့ရည်စီး၏။ ငါ့အဖို့ ကျောက်ဆောင်မှလည်း ဆီများ ချောင်းသဖွယ်စီးဆင်း၏။
29:7 လူစည်ကားရာမြို့တံခါးသို့သွားလျှင်လည်း ထိုင်စရာနေရာအသင့်ရှိ၏။
29:8 လူငယ်တို့သည်လည်း ငါ့ကိုမြင်လျှင် ရှောင်ပေးကြ၏။ အသက်ကြီးသူတို့သည်လည်း ထ၍ရပ်ပေးကြ၏။
29:9 အကြီးအကဲများပင် စကားပြောရာမှရပ်၍ နှုတ်ကို လက်နှင့်ပိတ်ထားကြ၏။
29:10 အုပ်ချုပ်သူမင်းများလည်း အသံတိတ်သွားကြပြီး သူတို့၏လျှာသည် အာခေါင်တွင်ကပ်၍နေ၏။
29:11 ငါ့အကြောင်းကိုကြားသောအခါ ငါ့ကိုမင်္ဂလာရှိသူဟု ခေါ်ဆိုကြ၏။ ငါ့ကိုမြင်လျှင် ငါ့ကိုချီးကျူးကြ၏။
29:12 ငါသည် အကူအညီအော်ဟစ်တောင်းခံသောဆင်းရဲသားနှင့် အကူအညီမဲ့သောဖတဆိုးတို့ကို ကယ်မပေးခဲ့၏။
29:13 ဘဝပျက်လုသူများကပင် ငါ့ကို လာ၍ချီးကျူးကြ၏။ ငါသည် မုဆိုးမတို့၏စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေခဲ့၏။
29:14 ငါသည် ဖြောင့်မတ်ခြင်းကို လွှမ်းခြုံဝတ်ဆင်ထား၏။ တရားမျှတခြင်းသည် ငါ့ဝတ်လုံ၊ ငါ့ခေါင်းပေါင်းကဲ့သို့ ဖြစ်ခဲ့၏။
29:15 ငါသည် မျက်မမြင်သူအဖို့ မျက်စိ၊ ခြေမသန်သူအဖို့ ခြေဖြစ်ခဲ့၏။
29:16 နွမ်းပါးသူတို့အဖို့ ဖခင်၊ သူစိမ်းတို့၏အမှုကိစ္စကို ကူညီဖြေရှင်းပေးခဲ့သူဖြစ်၏။
29:17 ဒုစရိုက်ပြုသောသူတို့၏အစွယ်ကို ချိုးပြီး သူ့သွားမှ သားကောင်ကို ကယ်နုတ်ပေးခဲ့၏။
29:18 ‘ငါ့အသိုက်အမြုံတွင် ငါသေရလိမ့်မည်။ ငါအသက်ရှင်ရသောနေ့တို့သည် သဲပွင့်နှင့်အမျှ များဦးမည်။
29:19 ငါ့အမြစ်သည် ရေရှိရာအထိ ဖြာထွက်ပြီး ငါ့အခက်အလက်တို့သည်လည်း နှင်းစက်များဖြင့် တစ်ညလုံးစိုနေလိမ့်မည်။
29:20 ငါ့ဂုဏ်သရေသည် အစဉ်ပွင့်လန်းလိမ့်မည်။ ငါ့လေးသည်လည်း ငါ့လက်၌သစ်လွင်နေလိမ့်မည်’ဟု ငါထင်မှတ်ခဲ့၏။
29:21 လူတို့သည် ငါပြောမည့်စကားကို နားစွင့်ပြီး မျှော်တတ်ကြ၏။ ငါအကြံပေးမည်ကို တိတ်ဆိတ်စွာစောင့်နေကြ၏။
29:22 ငါစကားပြောပြီးလျှင် မည်သူမျှစောဒကမတက်ကြ။ ငါ့စကားသည် သူတို့အပေါ် နှင်းစက်ကဲ့သို့ကျ၏။
29:23 သူတို့သည် မိုးကိုမျှော်သကဲ့သို့ ငါ့ကို မျှော်တတ်ကြ၏။ သူတို့၏ပါးစပ်ကို ကျယ်ကျယ်ဖွင့်ထား၍ မိုးနှောင်းကို မျှော်သကဲ့သို့ ငါ့ကို မျှော်တတ်ကြ၏။
29:24 ငါပြုံးပြသောအခါ သူတို့ မယုံနိုင်အောင်ဖြစ်ကြ၏။ ကြည်လင်ဝင်းပနေသောငါ့မျက်နှာကို မညှိုးနွမ်းစေကြ။
29:25 ငါသည် ခေါင်းဆောင်နေရာတွင်နေ၍ သူတို့ကို လမ်းညွှန်ပြသပေးခဲ့၏။ စစ်သည်တို့ခြံရံထားသောရှင်ဘုရင်ကဲ့သို့လည်းကောင်း၊ ငိုကြွေးမြည်တမ်းသူကို နှစ်သိမ့်ပေးသူကဲ့သို့လည်းကောင်း ဖြစ်ခဲ့၏။