Job 37
37:1 ဤအမှုကြောင့် အကျွန်ုပ်သည် နှလုံးတုန်ရင်ခုန်ရပါ၏။
37:2 ကိုယ်တော့်ထံမှ မြည်ဟိန်းသောအသံ၊ နှုတ်တော်မှထွက်သောအသံတော်ကို သေချာစွာနားထောင်ကြလော့။
37:3 ကိုယ်တော်သည် အသံတော်ကို ကောင်းကင်အောက်တစ်ခွင်လုံးသို့ လွှတ်တော်မူ၍ မြေကြီးစွန်းတိုင်အောင် လျှပ်စီးကိုလက်စေတော်မူ၏။
37:4 လျှပ်စီးလက်ပြီးမှ အသံတော်မြည်ဟိန်းထွက်လာ၏။ ဘုန်းကြီးသောအသံတော်ဖြင့် မိုးခြိမ်းစေတော်မူ၏။ အသံတော်ကိုကြားရသည်နှင့် လျှပ်စီးကို အတားအဆီးမရှိ လွှတ်လိုက်တော်မူ၏။
37:5 ဘုရားသခင်သည် အံ့ဖွယ်သောအသံတော်ဖြင့် မိုးခြိမ်းစေတော်မူ၏။ ကြီးမြတ်သောအမှု၊ ငါတို့နားမလည်နိုင်သောအမှုကို ပြုတော်မူ၏။
37:6 နှင်းပွင့်ကို ‘မြေကြီးပေါ်သို့ကျစေ’၊ မိုးစက်များကို ‘သည်းထန်စွာရွာသွန်းစေ’ဟု အမိန့်ပေးတော်မူ၏။
37:7 ကိုယ်တော်သည် မိမိပြုတော်မူသောအမှုကို လူအပေါင်းတို့သိမည့်အကြောင်း လူတို့လုပ်သောအလုပ်ကို ရပ်စဲစေတော်မူ၏။
37:8 ထိုအခါ တိရစ္ဆာန်တို့သည် သားအောင်းဂူထဲသို့ ဝင်သွားကြ၍ တွင်းထဲတွင် အောင်းနေကြ၏။
37:9 လေပွေသည် တောင်အရပ်မှလည်းကောင်း၊ အေးမြသောလေသည် မြောက်အရပ်မှလည်းကောင်း တိုက်ခတ်လာ၏။
37:10 ဘုရားသခင်၏ထွက်သက်လေဖြင့် ရေခဲ၍ ရေမျက်နှာပြင် အေးခဲလေ၏။
37:11 တိမ်တိုက်ကို ရေငွေ့များနှင့်ဖွဲ့ထား၍ လျှပ်စီးလက်သောအခါ မိုးတိမ်များကိုကွဲလွင့်သွားစေ၏။
37:12 ကိုယ်တော်စေညွှန်ရာသို့ မိုးတိမ်များလွင့်ပါသွား၏။ အမိန့်တော်အတိုင်းပြုဖို့ရန် ကမ္ဘာလောကတစ်ခွင်လုံးသို့ လွင့်မျောလေ၏။
37:13 ဒဏ်ခတ်ဖို့ဖြစ်စေ၊ မြေကြီးဖို့ဖြစ်စေ၊ မေတ္တာပြဖို့ဖြစ်စေ ဤသို့ဖြင့် မိုးတိမ်များကိုဖြစ်ပေါ်စေတတ်၏။
37:14 အို ယောဘ၊ နားထောင်ပါလော့။ ငြိမ်ဝပ်စွာနေ၍ ဘုရားသခင်ပြုသောအံ့ဖွယ်အမှုတို့ကို ဆင်ခြင်ကြည့်ပါလော့။
37:15 ဘုရားသခင်သည် မိုးတိမ်များကို မည်သို့ထိန်းချုပ်ထားသည်ကိုလည်းကောင်း၊ မိုးတိမ်ထဲမှ မည်သို့လျှပ်စီးလက်စေသည်ကိုလည်းကောင်း သင်သိပါသလော။
37:16 တိမ်တိုက်များ မည်သို့လွင့်မျောနေသည်ကို သင်သိပါသလော။ ထိုအမှုသည် အလုံးစုံကိုသိမြင်သောအရှင် ပြုတော်မူသည့် အံ့ဖွယ်အမှုဖြစ်၏။
37:17 တောင်လေကြောင့် ကမ္ဘာမြေကြီး ဆိတ်ငြိမ်သွားချိန်တွင် အဘယ်ကြောင့် သင့်အဝတ် ပူနွေးနေသနည်း။
37:18 သင်သည် ကိုယ်တော်နှင့်အတူ မိုးကောင်းကင်ကို ကြေးမုံပြင်ကဲ့သို့သွန်းလုပ်၍ ခိုင်ခံ့စွာဖြန့်ကြက်ထားသလော။
37:19 ကိုယ်တော်အား မည်သို့ပြန်လျှောက်ရမည်ကို အကျွန်ုပ်တို့အား သင်ပြပါ။ အကျွန်ုပ်တို့မှာ အသိမှောင်မိုက်သောကြောင့် အစီအစဉ်တကျမတင်ပြတတ်ပါ။
37:20 ‘ငါ ပြောစရာရှိသည်’ဟု ကိုယ်တော်အား ဆိုသင့်သလော။ လူသည် အသက်ဆုံးရှုံးခံပြီး ထိုသို့ဆိုသင့်သလော။
37:21 လေတိုက်၍ မိုးတိမ်များကင်းစင်သွားသောအခါ ကောင်းကင်၌တောက်ပသောအလင်းကို လူတို့မကြည့်နိုင်။
37:22 မြောက်အရပ်မှ ရွှေရောင်အလင်းတန်း ဖြာထွက်လာ၏။ ဘုရားသခင်၏ဘုန်းကျက်သရေတော်မှာ အံ့မခန်းဖွယ်ပါတကား။
37:23 အနန္တတန်ခိုးရှင်ကို အကျွန်ုပ်တို့ လိုက်၍မမီနိုင်။ ကိုယ်တော်သည် တန်ခိုးကြီးသောအရှင် ဖြစ်တော်မူ၏။ တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့နှင့် ပြည့်စုံတော်မူ၏။ မတရားသောအမှုကို ပြုတော်မမူ။
37:24 သို့ဖြစ်၍ လူတို့သည် ကိုယ်တော့်ကို ကြောက်ရွံ့ကြပါ၏။ မိမိကိုယ်ကို ပညာရှိဟု မှတ်ယူသူတို့အား ကိုယ်တော် အရေးစိုက်တော်မမူ”ဟု ဆိုလေ၏။