Job 38
38:1 နောက်ဆုံးတွင် ထာဝရဘုရားက ယောဘအား
38:2 “ပညာမဲ့သောစကားများဖြင့် ငါ့အကြံအစည်ကို မှောင်မိုက်စေသော ဤသူကား မည်သူနည်း။
38:3 ယခု ယောက်ျားပီသစွာ ခါးကိုစည်းထားလော့။ ငါမေးသောမေးခွန်းကို ဖြေလော့။
38:4 ငါသည် မြေကြီးကိုအုတ်မြစ်ချစဉ်က သင်အဘယ်မှာရှိသနည်း။ သင်သိလျှင် ပြောပါလော့။
38:5 မြေကြီးကို မည်သူတိုင်းတာသတ်မှတ်သနည်း။ သင်အမှန်တကယ်သိသလော။ မြေကြီးပေါ်တွင် မျဉ်းကြိုးကို မည်သူဆန့်ထားသနည်း။
38:6 မြေကြီးအုတ်မြစ်ကို မည်သည့်နေရာတွင် မြှုပ်ထားသနည်း။ မြေကြီးထောင့်ချုပ်ကျောက်ကို မည်သူချထားသနည်း။
38:7 ထိုစဉ်က မိုးသောက်ကြယ်တို့ ဝိုင်းဖွဲ့သီချင်းဆိုလျက်၊ ဘုရားသားအပေါင်းတို့သည် ဝမ်းမြောက်စွာကြွေးကြော်ကြ၏။
38:8 ရေသည် ပင်လယ်ဝမ်းထဲမှပေါက်ထွက်လာ၍ ပြည့်လျှံသောအခါ ပင်လယ်တံခါးကို မည်သူပိတ်လိုက်သနည်း။
38:9 ငါသည် ပင်လယ်ပြင်ကို မိုးတိမ်အဝတ်ဖြင့်လွှမ်းခြုံစေ၍ အမှောင်ထုနှင့်ပတ်ရစ်ပေး၏။
38:10 ပင်လယ်ပြင်စည်းကို သတ်မှတ်ပြီး ကန့်လန့်ကျင်များ၊ တံခါးများကို ချထား၏။
38:11 ပင်လယ်အား ‘သင်တက်လာနိုင်၏။ ဤနေရာထက်မကျော်ရ၊ ဤနေရာသည် လှိုင်းလုံးကြီးများရှိရမည့်နေရာ ဖြစ်၏’ဟု ငါမှာထား၏။
38:12 သင့်တစ်သက်တွင် နံနက်အချိန်ကို အမိန့်ပေးဖူးသလော။ အရုဏ်အား မိမိတက်ရမည့်နေရာကို ပြပေးဖူးသလော။
38:13 မြေကြီးစွန်းတို့ကိုဆုပ်ကိုင်ပြီး မြေကြီးပေါ်ရှိလူဆိုးတို့ကို ခါထုတ်ရန် သူတို့ကို အမိန့်ပေးဖူးသလော။
38:14 မြေကြီးသည် မြေစေးပေါ်တွင်တံဆိပ်ခတ်နှိပ်သကဲ့သို့ ပုံပြောင်းသွား၏။ အဝတ်တန်ဆာဝတ်ဆင်ထားသကဲ့သို့ ပေါ်လာ၏။
38:15 လူဆိုးတို့ထံမှ အလင်းကိုရုပ်သိမ်းတော်မူ၏။ မြှောက်ထားသောလက်ကို ချိုးပစ်တော်မူ၏။
38:16 ပင်လယ်ရေထွက်ပေါက်များရှိရာသို့ သင်ရောက်ဖူးသလော။ အနက်တကာ့အနက်ဆုံးနေရာတွင် သင်သွားလာဖူးသလော။
38:17 သေမင်းတံခါးများက သင့်ကိုဖွင့်ပေးဖူးသလော။ သေမင်းအရိပ်၏တံခါးများကို သင်မြင်ဖူးသလော။
38:18 မြေမျက်နှာပြင်အကျယ်အဝန်းကို သင်သိသလော။ ဤအရာအားလုံးကို သင်သိလျှင် ပြောပြပါ။
38:19 အလင်းရှိရာသို့ ရောက်သောလမ်းကား အဘယ်မှာနည်း။ အမှောင်ထု၏နေရာကား အဘယ်မှာနည်း။
38:20 သူ့နေရာသို့ သူ့ကို သင်ခေါ်သွားပေးနိုင်သလော။ သူ့အိမ်သို့သွားသောလမ်းကို သင်သိသလော။
38:21 သင်သိရအောင် ထိုစဉ်ကတည်းက သင်မွေးဖွားပြီး သင်အသက်ရှင်နေရသောနေ့ရက် များပြားနေပြီလော။
38:22 နှင်းပွင့်ဘဏ္ဍာတိုက်များထဲသို့ သင်ဝင်ဖူးသလော။ မိုးသီးဘဏ္ဍာတိုက်များကို သင်မြင်ဖူးသလော။
38:23 ဤဘဏ္ဍာတိုက်တို့ကို ဆင်းရဲဒုက္ခရောက်သည့်ကာလ၊ စစ်မက်ဖြစ်ပွားသည့်ကာလအဖို့ ငါသိုထားပြီ။
38:24 အလင်းဖြာထွက်ရာလမ်းကြောင်းကား အဘယ်မှာနည်း။ အရှေ့လေသည် မည်သည့်အရပ်မှ မြေကြီးပေါ်သို့ တိုက်ခတ်လာသနည်း။
38:25 မိုးရေစီးရာမြောင်းနှင့် မိုးကြိုးစီးရာလမ်းကြောင်းတို့ကို မည်သူဖောက်သနည်း။
38:26 လူမနေသောမြေ၊ လူသူမနေသောတောကန္တာရတွင် မည်သူမိုးရွာစေသနည်း။
38:27 မြေရိုင်းမြေကောများကို ရေဝစေပြီး မြက်နုများကို ပေါက်စေသူမှာ မည်သူနည်း။
38:28 မိုးရေ၌ဖခင်ရှိသလော။ နှင်းစက်တို့ကို မည်သူဖြစ်ပွားစေသနည်း။
38:29 မည်သူ့ဝမ်းမှ ရေခဲထွက်လာသနည်း။ ကောင်းကင်နှင်းခဲတို့ကို မည်သူဖြစ်ပွားစေသနည်း။
38:30 ရေသည် ကျောက်ကဲ့သို့မာကျောသွားပြီး နက်ရှိုင်းသောရေထု၏မျက်နှာပြင်သည်လည်း အေးခဲလျက်ရှိ၏။
38:31 ခုနစ်စင်ကြယ်စုကို သင်ချည်ထားနိုင်သလော။ သရဝဏ်ကြယ်ကြိုးကို သင်ဖြေပေးနိုင်သလော။
38:32 ကြယ်စုတို့ကို ရာသီအလိုက် သင်ပေါ်ထွက်စေနိုင်သလော။ ဓူဝံကြယ်ကြီးနှင့် အရံကြယ်တို့ကို သင်ထိန်းချုပ်နိုင်သလော။
38:33 ကောင်းကင်ဥပဒေသတို့ကို သင်သိသလော။ ထိုဥပဒေသတို့ကို မြေကြီးပေါ်တွင်လွှမ်းမိုးတည်မြဲအောင် သင်ပြုနိုင်သလော။
38:34 သင့်ကို မိုးရေများ ရွှဲနစ်သွားစေမည့်အကြောင်း မိုးတိမ်ကို အော်ခေါ်ပြီး အမိန့်ပေးနိုင်သလော။
38:35 လျှပ်စီးကြောင်းတို့ကို သင်စေလွှတ်နိုင်သလော။ လျှပ်စီးကြောင်းတို့က သင့်ကို ‘အကျွန်ုပ်တို့ရှိပါသည်’ဟု ပြန်ပြောပြီး ထွက်သွားလိမ့်မည်လော။
38:36 ပညာရှိသောစိတ်ကို မည်သူသွင်းပေးနိုင်သနည်း။ နားလည်နိုင်သောနှလုံးသားကို မည်သူပေးသနည်း။
38:37 မိုးတိမ်များကို ရေတွက်နိုင်လောက်အောင် မည်သူဉာဏ်ပညာရှိသနည်း။ ကောင်းကင်အိုးတို့ကို မည်သူသွန်ချနိုင်သနည်း။
38:38 ထိုအိုးတို့ကို မြေမှုန့်များ မာကျောပြီး မြေစိုင်များ စေးကပ်ကုန်သည့်အချိန်တွင် မည်သူသွန်ချနိုင်သနည်း။
38:39 ခြင်္သေ့မအဖို့ သားကောင်ကို သင်ဖမ်းပေးဖူးသလော။ ခြင်္သေ့ပျိုတို့ အဆာပြေအောင် သင်လုပ်ပေးနိုင်သလော။
38:40 သူတို့သည် တွင်းထဲ၌ဝပ်နေ၍ ချုံထဲ၌ လဲလျောင်းချောင်းမြောင်းလျက်နေစဉ်တွင် သူတို့ကို အဆာပြေစေနိုင်သလော။
38:41 ကျီးသားငယ်တို့ စားစရာမရှိသောကြောင့် လှည့်လည်ပျံဝဲလျက် ဘုရားသခင်ထံ အကူညီအော်ဟစ်တောင်းခံသောအခါ ကျီးကန်းအတွက် စားစရာ မည်သူပြင်ဆင်ပေးသနည်း။