Job 4
4:1 ထိုအခါ တေမန်အမျိုးသား ဧလိဖတ်က
4:2 “သင်နှင့် စကားပြောလျှင် သင်စိတ်အနှောင့်အယှက်ဖြစ်မည်လော။ သို့သော် မည်သူသည် စကားမပြောဘဲနေနိုင်မည်နည်း။
4:3 ကြည့်ရှုလော့။ သင်သည် လူအများကို ဆုံးမပေးခဲ့ပြီ။ အားနည်းသောလက်တို့ကိုလည်း ခိုင်ခံ့စေခဲ့ပြီ။
4:4 သင်၏စကားများသည် လဲကျနေသောသူကို ပြန်ထစေပြီ။ ညွတ်ကျသွားသောဒူးများကိုလည်း သန်မာစေပြီ။
4:5 ယခုမှာ သင်ကိုယ်တိုင်ကြုံတွေ့ရပြီဖြစ်၍ သင်ပင်ပန်းနေရပြီ။ သင်ထိခိုက်ခံနေရပြီဖြစ်၍ သင်ထိတ်လန့်နေရပြီ။
4:6 သင်၏ကြည်ညိုကိုင်းရှိုင်းခြင်းသည် သင်၏ယုံကြည်အားထားရာ မဟုတ်လော။ တည်ကြည်စွာ ပြုမူကျင့်ကြံခြင်းသည် သင်၏မျှော်လင့်ရာ မဟုတ်လော။
4:7 ယခု ဆင်ခြင်ကြည့်ပါလော့။ မည်သူသည် အပြစ်မရှိဘဲ ပျက်စီးဖူးသနည်း။ ဖြောင့်မှန်သောသူသည် အဘယ်မှာ ဖျက်ဆီးခံရဖူးသနည်း။
4:8 ငါသတိပြုမိသည်မှာ အပြစ်ဒုစရိုက်ကိုထွန်ယက်၍ အခက်အခဲပြဿနာကိုကြဲသောသူသည် ထိုအရာတို့ကို ပြန်ရိတ်သိမ်းရတတ်၏။
4:9 ဘုရားသခင်ထံတော်မှ ထွက်သက်လေတစ်ချက်တည်းနှင့် ထိုသူတို့ ပျက်စီးရ၏။ အမျက်တော်အရှိန်နှင့် ထိုသူတို့ ဘဝနိဂုံးချုပ်ရ၏။
4:10 ခြင်္သေ့၏မာန်ဖီသံ၊ ခြင်္သေ့ကြီး၏ဟိန်းဟောက်သံ ဆိတ်သုဉ်းရ၏။ ခြင်္သေ့ပျိုတို့၏အစွယ်များ ကျိုးသွားရ၏။
4:11 သားကောင်မဲ့သောကြောင့် ခြင်္သေ့တို့ သေကျေကြရ၏။ ခြင်္သေ့ပေါက်လေးတို့လည်း ကွဲလွင့်ကုန်ပါ၏။
4:12 ငါ့နားထဲတွင် တိုးညှင်းသောစကားသံတစ်ခုကို သဲ့သဲ့လေးကြားရ၏။
4:13 လူတို့အိပ်မောကျနေချိန် ညစိတ်အာရုံထဲတွင် ပူပန်စရာအတွေးများ ရောက်လာ၍
4:14 ကြောက်ရွံ့ထိတ်လန့်ခြင်းသည် ငါ့ကိုဝိုင်းရံသဖြင့် ငါ့အရိုးရှိသမျှတို့သည် တုန်လှုပ်ကြပါ၏။
4:15 ဝိညာဉ်တစ်ပါးသည် ငါ့ရှေ့မှရွေ့လျားသွားသဖြင့် ငါ့တစ်ကိုယ်လုံး ကြက်သီးထမိပါ၏။
4:16 ထိုဝိညာဉ်သည် မလှုပ်မယှက်ရပ်နေ၏။ သို့သော် သူ့ရုပ်သွင်ကို ငါမဖော်ပြတတ်။ သူ့သဏ္ဌာန်ကိုသာ ငါမြင်ရ၏။ တိတ်ဆိတ်နေ၏။ ထို့နောက် အသံတစ်ခုကို ငါကြားရ၏။
4:17 သေမျိုးဖြစ်သောလူသည် ဘုရားသခင်ရှေ့တွင် ဖြောင့်မတ်နိုင်မည်လော။ လူသည် သူ့ကိုဖန်ဆင်းသောအရှင်ရှေ့တွင် စင်ကြယ်နိုင်မည်လော။
4:18 မိမိအစေအပါးတို့ကို အယုံအကြည်ရှိတော်မမူ၊ မိမိကောင်းကင်တမန်တို့ကိုပင် အပြစ်ရှိသည်ဟု စီရင်တော်မူလျှင်
4:19 မြေမှုန့်တွင်အုတ်မြစ်ချထားသောရွှံ့အိမ်၌ နေထိုင်ကြပြီး ပိုးကောင်ကဲ့သို့ အမှုန့်ချေ၍ရသောသူတို့ကိုမူ အဘယ်ဆိုဖွယ်ရှိသနည်း။
4:20 သူတို့သည် နေထွက်ချိန်နှင့် နေဝင်ချိန်ကြား၌ပင် အမှုန့်ဖြစ်သွားနိုင်၏။ သတိမထားမိချိန်မှာပင် အစဉ်ပျက်စီးသွားနိုင်၏။
4:21 သူတို့တဲဆိုင်းကြိုးဆွဲဖြုတ်ခံရ၏။ သူတို့သည် ဉာဏ်ပညာမဲ့လျက် သေသွားကြရ၏။