Job 3
3:1 နောက်ဆုံးတွင် ယောဘသည် နှုတ်ကိုဖွင့်၍ မိမိမွေးသောနေ့ကို ကျိန်ဆဲလေ၏။
3:2 ယောဘက
3:3 “ငါမွေးဖွားသောနေ့ ‘သားယောက်ျား သန္ဓေတည်ပြီ’ဟု ဆိုသောညသည် ပျက်စီးပါစေ။
3:4 ထိုနေ့ရက်သည် မှောင်မိုက်ဖြစ်ပါစေ။ အထက်အရပ်ရှိဘုရားသခင်သည် ထိုနေ့ရက်ကို အမှတ်မထားပါစေနှင့်။ ထိုနေ့ရက်သည် အလင်း မထွန်းလင်းပါစေနှင့်။
3:5 ထိုနေ့ရက်ကို မှောင်မိုက်ခြင်းနှင့် သေမင်းအရိပ်တို့သည် သိမ်းယူပါစေ။ တိမ်တိုက်ဖုံးလွှမ်းပါစေ။ နေ့၏အမှောင်ထုသည် ထိုနေ့ရက်ကို ခြောက်လှန့်ပါစေ။
3:6 ထိုညကိုလည်း အမှောင်ထု သိမ်းပိုက်သွားပါစေ။ တစ်နှစ်တာ၏နေ့ရက်များတွင် ထိုညသည် ဝမ်းသာအားရခွင့် မရပါစေနှင့်။ လတို့၏အရေအတွက်ထဲတွင်လည်း စာရင်းမဝင်ပါစေနှင့်။
3:7 ကြည့်ရှုလော့။ ထိုညသည် မြုံပါစေ။ ရွှင်လန်းခြင်းအသံမျှ မရှိပါစေနှင့်။
3:8 နေ့ကိုကျိန်ဆဲသူများ၊ လဝိသန် ကိုနှိုးဆွဖို့ အသင့်ရှိသောသူများသည် ထိုညကို ကျိန်ဆဲကြပါစေ။
3:9 ထိုည၏ညဦးယံကြယ်တို့ ကွယ်ပါစေ။ အလင်းကိုစောင့်မျှော်သော်လည်း မရပါစေနှင့်။ အရုဏ်ဦးလင်းရောင်ခြည်ကိုလည်း မတွေ့ရပါစေနှင့်။
3:10 အကြောင်းမူကား ငါ့အမိဝမ်းကိုမပိတ်ပေးပါ။ အခက်အခဲပြဿနာကိုလည်း ငါ့ထံမှ မလွှဲပေးပါ။
3:11 ငါသည် မွေးစကပင် အဘယ်ကြောင့် မသေရသနည်း။ အမိဝမ်းထဲကထွက်လာစဉ်ကပင် အဘယ်ကြောင့် အသက်မချုပ်ငြိမ်းရသနည်း။
3:12 ဒူးတို့သည်လည်း အဘယ်ကြောင့် ငါ့ကိုကြိုဆိုကြသနည်း။ အဘယ်ကြောင့် နို့ကို ငါစို့ရသနည်း။
3:13 ထိုသို့သာမဖြစ်ခဲ့လျှင် ငါသည် ယခု ငြိမ်းချမ်းစွာလဲလျောင်းရလေပြီ။ အိပ်စက်အနားယူရလေပြီ။
3:14 မိမိတို့အတွက် ပြိုပျက်ရာများကိုပြန်လည်တည်ဆောက်နေကြသော ရှင်ဘုရင်များ၊ လောကီအကြံပေးသူများ၊
3:15 ရွှေကိုပိုင်ဆိုင်၍ မိမိတို့အိမ်ကို ငွေဖြင့်ပြည့်စေသော မင်းညီမင်းသားများနှင့်အတူ အိပ်စက်အနားယူနေရပြီ။
3:16 သို့မဟုတ် ငါသည် မြေမြှုပ်ခံရသည့်အသေမွေးသောကလေးကဲ့သို့လည်းကောင်း၊ အလင်းမမြင်လိုက်ရသောကလေးကဲ့သို့လည်းကောင်း အဘယ်ကြောင့် မဖြစ်ရသနည်း။
3:17 ထိုနေရာတွင် လူဆိုးတို့ဒုက္ခမပေးနိုင်။ ထိုနေရာတွင် မောပန်းသူတို့ ငြိမ်းချမ်းစွာနေရ၏။
3:18 ထိုနေရာတွင် အဓမ္မစေခိုင်းသံများမကြားရဘဲ အကျဉ်းသားတို့ အေးချမ်းစွာနေကြရ၏။
3:19 ထိုနေရာတွင် အယုတ်အမြတ်ဟူ၍ မရှိ။ ကျွန်သည်လည်း သခင့်လက်မှလွတ်မြောက်ရ၏။
3:20 ဒုက္ခရောက်နေသူကို အဘယ်ကြောင့် အလင်းပေးသနည်း။ ခါးသီးစွာခံစားနေရသူတို့ကို အဘယ်ကြောင့် အသက်ရှင်ခွင့်ပေးသနည်း။
3:21 သေခြင်းကိုတောင့်တသောသူတို့သည် သေခွင့်ကို မရကြ။ သူတို့သည် ဝှက်ထားသောဘဏ္ဍာထက် သေခြင်းကို သာ၍ရှာဖွေကြ၏။
3:22 သင်္ချိုင်းကိုသာရှာတွေ့လျှင် အဘယ်မျှလောက် ဝမ်းမြောက်ပျော်ရွှင်ကြမည်နည်း။
3:23 လမ်းပျောက်နေသူ၊ ဘုရားသခင်ဆီးတားပိတ်ဆို့ထားသောသူကို အဘယ်ကြောင့် အလင်းပေးသနည်း။
3:24 ငါသည် စားသောက်ရမည့်အစား ငိုကြွေးနေရပါ၏။ ရေစီးဆင်းသကဲ့သို့ ညည်းတွားနေရပါ၏။
3:25 ငါကြောက်ရွံ့ထိတ်လန့်သောအရာသည် ငါ့အပေါ်သို့ ကျရောက်လာပြီ။ ငါစိုးရိမ်သောအမှုကို ငါကြုံရလေပြီ။
3:26 ဒုက္ခဆင်းရဲနှင့်ကြုံနေရပြီဖြစ်၍ ငါ၌ ဝမ်းမြောက်ခြင်းမရှိ။ ငြိမ်သက်ခြင်းမရှိ။ အေးအေးချမ်းချမ်းနေခွင့်မရတော့ပြီ”ဟု ညည်းဆိုလေ၏။