Proverbs 3
3:1 ငါ့သား၊ ငါ၏သွန်သင်ချက်ကို မမေ့လျော့နှင့်။ ငါ၏ပညတ်ချက်တို့ကိုလည်း သင်၏စိတ်နှလုံးသည် ထိန်းသိမ်းစောင့်ရှောက်ပါစေ။
3:2 အကြောင်းမူကား ၎င်းတို့သည် အသက်ရှည်ခြင်း၊ အသက်တာ၏နှစ်ကာလနှင့် ငြိမ်းချမ်းမှုကို သင်၌ ထပ်ဖြည့်ပေးလိမ့်မည်။
3:3 မေတ္တာကရုဏာနှင့်သမ္မာတရားကို သင့်ထံမှစွန့်ခွာမသွားစေနှင့်။ ၎င်းတို့ကို သင်၏လည်ပင်း၌ဆွဲထား၍ သင့်နှလုံးသားပြင်၌ ရေးထားလော့။
3:4 ထိုသို့ပြုလျှင် သင်သည် ဘုရားသခင်ရှေ့၊ လူတို့ရှေ့၌မျက်နှာရ၍ ကောင်းသောဉာဏ်စွမ်းနှင့်ပြည့်စုံလိမ့်မည်။
3:5 ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားလော့။ မိမိ၏အသိဉာဏ်ကို အမှီမပြုနှင့်။
3:6 သင်ပြုမူကျင့်ကြံသမျှသောအမှုအရာတို့၌ ကိုယ်တော်ကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်၏လမ်းခရီးတို့ကို ဖြောင့်တန်းစေတော်မူလိမ့်မည်။
3:7 ကိုယ့်ကိုယ်ကိုယ် ပညာရှိဟု မထင်မြင်နှင့်။ ထာဝရဘုရားကိုကြောက်ရွံ့၍ မကောင်းမှုမှဖယ်ခွာလော့။
3:8 ထိုသို့ပြုခြင်းသည် သင်၏ကိုယ်ခန္ဓာ ကို ကျန်းမာစေ၍ သင်၏အရိုးတို့ကို သန်စွမ်းစေလိမ့်မည်။
3:9 သင်၏စည်းစိမ်ဥစ္စာနှင့် သင်ရရှိသမျှသောအသီးအနှံ၏အသီးဦးဖြင့် ထာဝရဘုရားကိုဂုဏ်ပြုချီးမွမ်းလော့။
3:10 သို့ပြုလျှင် သင်၏ကျီတို့သည် ပြည့်နှက်လျှံကျလျက် သင်၏စပျစ်သီးနယ်ရာကျင်းတို့သည်လည်း စပျစ်ဝိုင်အသစ်နှင့် ပြည့်လျှံလိမ့်မည်။
3:11 ငါ့သား၊ ထာဝရဘုရား၏ဆုံးမပဲ့ပြင်တော်မူခြင်းကို အလေးမထားဘဲမနေနှင့်။ ကိုယ်တော်၏ဆိုဆုံးမခြင်းကိုခံရသောအခါ၌လည်း စိတ်မပျက်နှင့်။
3:12 အကြောင်းမူကား ဖခင်သည် နှစ်သက်သောသားကို ဆုံးမတတ်သကဲ့သို့ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူ၏။
3:13 ဉာဏ်ပညာကိုတွေ့ရှိသောသူနှင့် ထိုးထွင်းဉာဏ်ကိုရရှိသောသူသည် မင်္ဂလာရှိ၏။
3:14 အကြောင်းမူကား ဉာဏ်ပညာမှရရှိသောအကျိုးအမြတ်သည် ငွေမှရရှိသောအကျိုးအမြတ်ထက် ပို၍ကောင်း၏။ ၎င်း၏အမြတ်အစွန်းသည်လည်း ရွှေထက် ပို၍ကောင်း၏။
3:15 ဉာဏ်ပညာသည် ပတ္တမြားထက်အဖိုးတန်၍ သင်နှစ်သက်သောမည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်။
3:16 ၎င်း၏လက်ယာလက်၌ အသက်ရှည်ခြင်း၊ လက်ဝဲလက်၌ ဓနဥစ္စာနှင့် ဂုဏ်သရေရှိ၏။
3:17 ဉာဏ်ပညာ၏လမ်းများသည် နှစ်လိုဖွယ်သောလမ်းများဖြစ်ကြပြီး ၎င်း၏လမ်းခရီးရှိသမျှတို့သည် ငြိမ်းချမ်းကြ၏။
3:18 ဉာဏ်ပညာသည် ၎င်းကိုဆုပ်ကိုင်ထားသော သူတို့အတွက် အသက်ပင်သဖွယ်ဖြစ်၏။ ၎င်းကိုစွဲကိုင်ထားသောသူတို့သည် မင်္ဂလာရှိကြ၏။
3:19 ထာဝရဘုရားသည် ဉာဏ်ပညာအားဖြင့် မြေကြီးကိုတည်၍ ထိုးထွင်းဉာဏ်အားဖြင့် ကောင်းကင်ကို မြဲမြံစေတော်မူ၏။
3:20 ကိုယ်တော်၏အသိပညာဖြင့် နက်ရှိုင်းရာအရပ်တို့သည် ပေါက်ထွက် ၍ မိုးတိမ်တို့သည် နှင်းကိုတဖွဲဖွဲကျစေ၏။
3:21 ငါ့သား၊ မှန်ကန်ပြည့်စုံသောဉာဏ်နှင့် အလိမ္မာဉာဏ်ကိုထိန်းသိမ်းစောင့်ရှောက်လော့။ ၎င်းတို့ကို သင်၏မျက်မှောက်မှ မကွာစေနှင့်။
3:22 သို့ပြုလျှင် ၎င်းတို့သည် သင်၏စိတ်ဝိညာဉ်အတွက် အသက်ဖြစ်ပြီး သင်၏လည်ပင်းအတွက် တင့်တယ်သောတန်ဆာဖြစ်လိမ့်မည်။
3:23 ထိုအခါ သင်သည် သင်၏လမ်းခရီးတွင် ဘေးကင်းလုံခြုံစွာသွားလာရ၍ သင်၏ခြေသည် ခလုတ်တိုက်လိမ့်မည်မဟုတ်။
3:24 သင်အိပ်သောအခါ ကြောက်ရွံ့ခြင်းမရှိရ။ သင်အိပ်သောအခါ နှစ်ခြိုက်စွာအိပ်စက်ရလိမ့်မည်။
3:25 ရုတ်တရက်ကျရောက်တတ်သော ကြောက်မက်ဖွယ်ဘေးကိုလည်းကောင်း၊ ဆိုးယုတ်သောသူတို့အပေါ်ကျရောက်တတ်သော ဖျက်ဆီးခြင်းဘေးကိုလည်းကောင်း ကြောက်ရွံ့ခြင်းမရှိနှင့်။
3:26 အကြောင်းမူကား ထာဝရဘုရားသည် သင်ယုံကြည်အားထားရာဖြစ်၍ သင်၏ခြေကို ကျော့ကွင်း၌မမိစေရန် စောင့်ထိန်းတော်မူလိမ့်မည်။
3:27 သင့်လက်ထဲ၌ ကောင်းကျိုးပြုနိုင်စွမ်းရှိလျက်နှင့် ထိုကောင်းကျိုးကိုခံထိုက်သောသူတို့အား မပြုပေးဘဲမနေနှင့်။
3:28 သင်၌အဆင်သင့်ရှိလျက်နှင့် သင်၏အိမ်နီးချင်းအား “သွားလော့။ နောက်တစ်ဖန်ပြန်လာလော့။ မနက်ဖြန်မှ ငါပေးမည်”ဟု မပြောနှင့်။
3:29 သင့်အနီးတွင် ဘေးကင်းလုံခြုံစွာနေထိုင်သော သင်၏အိမ်နီးချင်းအပေါ် မကောင်းမှုပြုရန် တွေးတောကြံစည်ခြင်းမရှိနှင့်။
3:30 သင့်အပေါ် မကောင်းမှုမပြုသောသူကို အကြောင်းမဲ့ရန်မတွေ့နှင့်။
3:31 ရက်စက်ကြမ်းကြုတ်သောသူကိုမငြူစူနှင့်။ သူပြုမူကျင့်ကြံသောအမှုအရာတစ်စုံတစ်ခုကိုမျှ မရွေးချယ်နှင့်။
3:32 အကြောင်းမူကား သွေဖည်လွဲမှားသောသူတို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့နှင့်ကား ရင်းနှီးကျွမ်းဝင်တော်မူ၏။
3:33 ထာဝရဘုရား၏ကျိန်ခြင်းသည် ဆိုးယုတ်သောသူ၏အိမ်ပေါ်သို့သက်ရောက်၏။ သို့သော် ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့၏အိမ်ကို ကောင်းချီးပေးတော်မူ၏။
3:34 ကိုယ်တော်သည် ပြက်ရယ်ပြုတတ်သောသူတို့ကို ပြက်ရယ်ပြုတော်မူ၏။ စိတ်နှိမ့်ချသောသူတို့ကိုကား ကျေးဇူးတော်ခံစားစေတော်မူ၏။
3:35 ပညာရှိသောသူတို့သည် ဂုဏ်သရေကို အမွေဆက်ခံရကြလိမ့်မည်။ မိုက်မဲသောသူတို့မူကား အရှက်ကွဲကြရလိမ့်မည်။