Proverbs 4
4:1 သားသမီးတို့၊ ဖခင်၏ဆုံးမပဲ့ပြင်ခြင်းကိုနားထောင်ကြလော့။ အသိဉာဏ်ကိုရရှိရန် အာရုံစိုက်ကြလော့။
4:2 အကြောင်းမူကား ငါသည် သင်တို့အား ကောင်းမြတ်သောပညာကို ပေး၏။ ငါ၏သွန်သင်ချက်ကို မစွန့်ပယ်ကြနှင့်။
4:3 ငါသည် ငါ့ဖခင်အတွက် သားတစ်ဦးဖြစ်ပြီး ငါ့မိခင်ရှေ့၌ နုနယ်သည့်တစ်ဦးတည်းသောသားဖြစ်စဉ်က
4:4 ငါ၏ဖခင်သည် ငါ့ကိုသွန်သင်လျက် မြွက်ဆိုသည်မှာ “ငါ့စကားတို့ကို သင်၏စိတ်နှလုံးထဲ၌ စွဲမှတ်ထားလော့။ ငါ၏ပညတ်ချက်တို့ကိုစောင့်ထိန်း၍ အသက်ရှင်လော့။
4:5 ဉာဏ်ပညာကိုဆည်းပူးလော့။ အသိဉာဏ်ကိုဆည်းပူးလော့။ ငါ၏နှုတ်ထွက်စကားတို့ကို မမေ့လျော့နှင့်။ ၎င်းတို့မှသွေဖည်မသွားနှင့်။
4:6 ဉာဏ်ပညာကို မစွန့်ပယ်နှင့်။ ၎င်းသည် သင့်ကိုစောင့်ထိန်းလိမ့်မည်။ ဉာဏ်ပညာကိုချစ်လော့။ ၎င်းသည် သင့်ကို ကာကွယ်စောင့်ရှောက်လိမ့်မည်။
4:7 ဉာဏ်ပညာသည် အထွတ်အမြတ်ဖြစ်၏ ။ ဉာဏ်ပညာကိုဆည်းပူးလော့။ သင်ပိုင်ဆိုင်သောအရာရှိသမျှဖြင့် အသိဉာဏ်ကိုဆည်းပူးလော့။
4:8 ဉာဏ်ပညာကိုမြတ်နိုးလော့။ ၎င်းသည် သင့်ကို ချီးမြှောက်လိမ့်မည်။ ဉာဏ်ပညာကိုပွေ့ဖက်လျှင် ၎င်းသည် သင့်ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။
4:9 ၎င်းသည် တင့်တယ်သောပန်းဦးရစ်ကို သင်၏ခေါင်းပေါ်၌တင်ပေး၍ ဂုဏ်ကျက်သရေရှိသောသရဖူကို သင့်အား အပ်နှင်းလိမ့်မည်။”
4:10 ငါ့သား၊ နားထောင်လော့။ ငါ့စကားကိုခံယူလော့။ သို့ပြုလျှင် သင့်အသက်တာ၏နှစ်ကာလတို့သည် များပြားလိမ့်မည်။
4:11 ငါသည် သင့်အား ဉာဏ်ပညာလမ်းကို သွန်သင်ပြသ၍ ဖြောင့်မှန်သောလမ်းများထဲ၌ သင့်ကိုဦးဆောင်လမ်းပြခဲ့ပြီ။
4:12 သင်လမ်းလျှောက်သောအခါ သင်၏ခြေလှမ်းသည် တားဆီးနှောင့်ယှက်ခြင်းခံရလိမ့်မည်မဟုတ်။ သင်ပြေးသောအခါလည်း ခလုတ်တိုက်လိမ့်မည်မဟုတ်။
4:13 ဆုံးမပဲ့ပြင်ခြင်းကိုဆုပ်ကိုင်ထားလော့။ လွတ်မသွားစေနှင့်။ ၎င်းကိုထိန်းသိမ်းစောင့်ရှောက်လော့။ အကြောင်းမူကား ၎င်းသည် သင်၏အသက်ဖြစ်၏။
4:14 ဆိုးယုတ်သောသူတို့၏လမ်းထဲသို့ မဝင်နှင့်။ မကောင်းမှုပြုသောသူတို့သွားရာလမ်းကိုလည်း မလိုက်နှင့်။
4:15 ထိုလမ်းကိုရှောင်လော့။ ဖြတ်မသွားနှင့်။ ထိုလမ်းမှဖယ်ခွာ၍ဆက်သွားလော့။
4:16 အကြောင်းမူကား သူတို့သည် ဆိုးညစ်သောအမှုကိုမပြုရလျှင် အိပ်မပျော်နိုင်ကြ။ တစ်စုံတစ်ဦးကိုခလုတ်တိုက်အောင်မပြုရလျှင် မအိပ်စက်နိုင်ကြ။
4:17 အကယ်စင်စစ် သူတို့သည် ဆိုးယုတ်ခြင်းမုန့်ကိုစား၍ ရက်စက်ကြမ်းကြုတ်ခြင်းစပျစ်ဝိုင်ကို သောက်ကြ၏။
4:18 သို့သော် ဖြောင့်မတ်သောသူတို့၏လမ်းသည် မိုးစင်စင်လင်းသည့်တိုင်အောင် ပို၍ပို၍ထွန်းလင်းလာသည့် အရုဏ်ဦး၏အလင်းရောင်ကဲ့သို့ဖြစ်၏။
4:19 ဆိုးယုတ်သောသူတို့၏လမ်းသည် မှောင်မိုက်ကဲ့သို့ဖြစ်၍ သူတို့သည် မည်သည့်အရာနှင့်ခလုတ်တိုက်မိသည်ကို မသိကြ။
4:20 ငါ့သား၊ ငါပြောဆိုသောအရာတို့ကို အာရုံစိုက်နားထောင်လော့။ ငါ့စကားတို့ကို နားစွင့်လော့။
4:21 ထိုစကားတို့ကို သင်၏မျက်မှောက်မှ မကွာစေနှင့်။ သင်၏စိတ်နှလုံးအတွင်း၌ ထိန်းသိမ်းထားလော့။
4:22 အကြောင်းမူကား ထိုစကားတို့သည် ၎င်းတို့ကိုတွေ့ရှိသောသူတို့အတွက် အသက်ဖြစ်ပြီး သူတို့၏ကိုယ်ခန္ဓာတစ်ခုလုံးကို ကျန်းမာစေတတ်၏။
4:23 သင်၏စိတ်နှလုံးကို သတိဝီရိယရှိသမျှနှင့် ထိန်းသိမ်းစောင့်ရှောက်လော့။ အကြောင်းမူကား ၎င်းသည် အသက်၏အရင်းအမြစ်ဖြစ်၏။
4:24 ကောက်ကျစ်သောနှုတ်ကို သင့်ထံမှဖယ်ရှားလော့။ စဉ်းလဲသောနှုတ်ခမ်းကိုလည်း သင်နှင့်ဝေးကွာစေလော့။
4:25 သင်၏မျက်စိသည် ရှေ့သို့စေ့စေ့ကြည့်ပါစေ။ သင်၏မျက်လွှာသည်လည်း သင့်ရှေ့တည့်တည့်အာရုံပြုပါစေ။
4:26 သင်လျှောက်ရာလမ်း ကိုချင့်ချိန်သုံးသပ်လော့။ သို့ပြုလျှင် သင်၏လမ်းခရီးရှိသမျှတို့သည် တည်မြဲလိမ့်မည်။
4:27 လက်ယာဘက်၊ လက်ဝဲဘက်သို့ မလှည့်နှင့်။ သင်၏ခြေကို မကောင်းမှုမှ ဖယ်ခွာစေလော့။