Isaiah 21
21:1 ပင်လယ်နားရှိတောကန္တာရနှင့်ဆိုင်သောဗျာဒိတ်တော်။ နေဂေ့အရပ်၌တိုက်ခတ်သောလေပွေကဲ့သို့ ဘေးသည် တောကန္တာရ၊ ကြောက်မက်ဖွယ်ပြည်မှလာ၏။
21:2 ကြောက်မက်ဖွယ်နိမိတ်ကို ငါမြင်ရ၏။ သစ္စာမဲ့သောသူသည် သစ္စာမဲ့လျက်နေ၏။ ဖျက်ဆီးသောသူသည်လည်း ဖျက်ဆီးလျက်နေ၏။ ဧလံပြည်သားတို့၊ တက်သွားကြလော့။ မေဒိပြည်သားတို့၊ ဝိုင်းထားကြလော့။ ညည်းတွားခြင်းရှိသမျှကို ငါအဆုံးသတ်စေမည်။
21:3 ထို့ကြောင့် ငါ့ခါးသည် အလွန်နာ၏။ ငါခံရသောဝေဒနာသည် သားဖွားမိန်းမခံရသောဝေဒနာကဲ့သို့ ဖြစ်၏။ ငါကြားရသောအရာကြောင့် စိတ်ရှုပ်ထွေး၏။ မြင်ရသောအရာကြောင့် ထိတ်လန့်၏။
21:4 ငါသည် စိတ်ချောက်ချား၍ ကြောက်စိတ်ကြောင့် တုန်လှုပ်လျက်ရှိ၏။ ငါနှစ်သက်ခဲ့သောညနေဆည်းဆာသည် ငါ့အတွက် ကြောက်စရာဖြစ်လေ၏။
21:5 စားပွဲပြင်ဆင်ကြ၏။ ကော်ဇောခင်းကြ၏ ။ သောက်စားကြ၏။ အို မှူးမတ်တို့၊ ထကြလော့။ ဒိုင်းလွှားများကိုဆီလူးကြလော့။
21:6 အကြောင်းမူကား ဘုရားရှင်က “သွားလော့။ ကင်းစောင့်ကိုချထားလော့။ သူမြင်သောအရာကို ပြောစေလော့။
21:7 သူသည် မြင်းကိုအတွဲလိုက်စီးလာသူ၊ မြည်းစီးလာသူ၊ ကုလားအုတ်စီးလာသူတို့ကို မြင်သောအခါ သတိရှိရှိ စောင့်ကြည့်စေလော့”ဟု ငါ့အားမိန့်တော်မူ၏။
21:8 ကင်းစောင့်က “သခင်၊ အကျွန်ုပ်သည် နေ့အချိန်၌ ကင်းမျှော်စင်ပေါ်တွင် တစ်နေ့လုံးရပ်နေပါ၏။ ညတိုင်း အကျွန်ုပ်တာဝန်ကျရာနေရာ၌ ရပ်နေပါ၏။
21:9 ယခု မြင်းအတွဲလိုက်စီးလာသူကို တွေ့ရပါ၏”ဟု ခြင်္သေ့ကဲ့သို့ ဟစ်ကြော်လေ၏။ ထို့နောက် “ပြိုလဲပြီ။ ဘေဘီလုံမြို့ ပြိုလဲပြီ။ သူ၏ဘုရားရုပ်တုဆင်းတုရှိသမျှတို့သည်လည်း မြေကြီးပေါ်သို့ ကျိုးပဲ့ကျကြပြီ” ဟု ဆိုလေ၏။
21:10 အနင်းနယ်ခံရသော တလင်းပြင်မှငါ့လူတို့၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထံတော်မှ ငါကြားရသည့်အရာကို သင်တို့အား ငါပြောကြား၏။
21:11 ဒုမာပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ “အို ကင်းစောင့်၊ ညအချိန် မည်သို့ဖြစ်သနည်း။ အို ကင်းစောင့်၊ ညအချိန် မည်သို့ဖြစ်သနည်း”ဟု စိရတောင်ပေါ်မှနေ၍ ငါ့ကိုဟစ်ခေါ်လေ၏။
21:12 ကင်းစောင့်က “နံနက်ရောက်လာပါ၏။ ညလည်းရောက်လာပါ၏။ မေးမြန်းလိုလျှင် မေးမြန်းကြပါလော့။ ပြန်လာကြလော့။ ပြန်လာကြလော့”ဟု ပြန်ပြော၏။
21:13 အာရေဗျပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ ဒေဒန်လူမျိုးခရီးသွားသူတို့၊ သင်တို့သည် အာရေဗျတော၌ ညအိပ်နားကြရမည်။
21:14 တေမပြည်၌နေထိုင်သောသူတို့၊ ရေငတ်သောသူကို ရေယူလာ၍ကြိုဆိုလော့။ ထွက်ပြေးလာသောသူကို မုန့်နှင့်ဆီးကြိုလော့။
21:15 အကယ်စင်စစ် သူတို့သည် ဓားအိမ်မှဆွဲထုတ်ထားသောဓား၊ တင်ထားသောလေး၊ ပြင်းထန်သောစစ်ပွဲမှ ထွက်ပြေးကြ၏။
21:16 ဘုရားရှင်က ငါ့အား “သူရင်းငှား၏နှစ်ကာလအရ တစ်နှစ်အတွင်းတွင် ကေဒါအမျိုး၏ဘုန်းအသရေအားလုံး ပျောက်ကွယ်သွားလိမ့်မည်။
21:17 ကေဒါအမျိုး လေးစစ်သည်တို့၏အရေအတွက်သည်လည်း အနည်းငယ်သာ ကြွင်းကျန်လိမ့်မည်။ အကယ်စင်စစ် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူပြီ”ဟု မိန့်တော်မူ၏။