Isaiah 22
22:1 စိတ်အာရုံချိုင့်ဝှမ်းနှင့်ဆိုင်သောဗျာဒိတ်တော်။ မည်သည့်အကြောင်းကြောင့် သင်တို့အားလုံး ခေါင်မိုးပြင်ပေါ်သို့တက်သွားကြသနည်း။
22:2 သင်သည် ဆူညံသံနှင့်ပြည့်သောမြို့၊ အုတ်အုတ်ကျက်ကျက်ဖြစ်သောမြို့၊ အပျော်အပါးများနှင့်စည်ကားခဲ့သောမြို့ ဖြစ်ပါသည်တကား။ အသတ်ခံရသော သင်၏လူတို့သည် ဓားဖြင့် သေဆုံးသူမဟုတ်။ စစ်ပွဲ၌ ကျဆုံးသူများလည်းမဟုတ်။
22:3 သင့်ကို အုပ်ချုပ်သူအပေါင်းတို့သည် အတူတကွထွက်ပြေးကြ၏။ လေးကိုပင်မသုံးရဘဲ ဖမ်းဆီးတုပ်နှောင်ခြင်းခံရ၏။ အဝေးသို့ထွက်ပြေးကြသော်လည်း အတွေ့ခံရသောသူအားလုံး အတူတကွဖမ်းဆီးတုပ်နှောင်ခြင်းခံရကြ၏။
22:4 “ငါ့ကိုမကြည့်ကြနှင့်။ အားရပါးရငိုကြွေးပါရစေ။ ငါ့လူမျိုးသမီးပျိုတို့ ပျက်စီးသည်ဖြစ်၍ ငါ့ကိုနှစ်သိမ့်ဖို့ မကြိုးစားကြနှင့်”ဟု ငါဆို၏။
22:5 ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား၌ နေ့ရက်တစ်ရက်ရှိ၏။ ထိုနေ့၌ စိတ်အာရုံချိုင့်ဝှမ်းတွင် ထိတ်လန့်ချောက်ချားခြင်းရှိမည်၊ နိုင်ထက်စီးနင်းခံရမည်၊ ရုန်းရင်းဆန်ခတ်ဖြစ်မည်။ မြို့ရိုးပြိုပျက်၍ တောင်များဆီသို့ အော်ဟစ်သံများ ရောက်သွားလိမ့်မည်။
22:6 ဧလံအမျိုးသည် မြားကျည်တောက်ကိုယူ၍ မြင်းရထားစီးသူရဲနှင့်တကွ လာ၏။ ကိရပြည်သားသည်လည်း ဒိုင်းလွှားကို ထုတ်၏။
22:7 သင်၏အကောင်းဆုံးချိုင့်ဝှမ်းတို့သည် စစ်ရထားနှင့်ပြည့်၏။ မြင်းစီးသူရဲတို့သည် မြို့တံခါး၌ အခိုင်အမာနေရာယူကြ၏။
22:8 ကိုယ်တော်သည် ယုဒပြည်၏အကာအရံကို ဖယ်ရှားတော်မူပြီ။ ထိုနေ့ရက်တွင် သင်သည် တောနန်းတော်ရှိလက်နက်ကို ကြည့်ရှုခဲ့၏။
22:9 သင်တို့သည် ဒါဝိဒ်၏မြို့၌ ကျိုးပေါက်သည့်နေရာများစွာရှိသည်ကို တွေ့မြင်ရ၏။ အောက်ရေကန်၏ရေတို့ကို သိုထားကြ၏။
22:10 ဂျေရုဆလင်မြို့ရှိအိမ်များကိုရေတွက်၍ မြို့ရိုးကို အခိုင်အမာပြုပြင်ရန် အိမ်များကို ဖြိုဖျက်ကြ၏။
22:11 သင်တို့သည် ရေကန်ဟောင်းမှရေကိုသိုလှောင်ရန် မြို့ရိုးနှစ်ခုကြားတွင် ရေလှောင်ကန်ဆောက်လုပ်ကြ၏။ သို့သော် သင်တို့သည် ဤအမှုကို စီရင်တော်မူသောအရှင်ကို မကြည့်ကြ။ ရှေးယခင်ကပင် ဤအမှုကို စီမံထားတော်မူသောအရှင်ကို မမြင်ကြ။
22:12 ထိုနေ့ရက်၌ ငိုကြွေးမြည်တမ်းကြရန်နှင့် ခေါင်းတုံးတုံးပြီး လျှော်တေအဝတ်ဝတ်ကြရန်အတွက် ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား နှိုးဆော်တော်မူ၏။
22:13 “ငါတို့သည် မနက်ဖြန်သေရမည်ဖြစ်၍ စားကြသောက်ကြကုန်စို့”ဟု ဆိုလျက် သိုးနွားတို့ကိုသတ်၍ အသားစားကြ၏။ စပျစ်ဝိုင်သောက်လျက် ရွှင်မြူးဝမ်းမြောက်ကြ၏။
22:14 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကို ဗျာဒိတ်ပေးတော်မူ၏။ “သင်တို့၏အပြစ်ကို သင်တို့သေသည့်တိုင်အောင် ဖြေလွှတ်လိမ့်မည်မဟုတ်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
22:15 ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ “နန်းတော်အုပ်ဖြစ်သော ဘဏ္ဍာစိုးရှေဗနထံသို့သွားလော့။
22:16 ‘ဤနေရာ၌ မိမိအတွက်သင်္ချိုင်းဂူထွင်းသောသူ၊ မြင့်ရာအရပ်၌ မိမိ၏သင်္ချိုင်းဂူထွင်းသောသူ၊ ကျောက်ကိုထွင်း၍ မိမိနေရာကိုလုပ်သောသူ သင်သည် ဤနေရာနှင့် မည်သို့ဆိုင်သနည်း။ မည်သူက သင့်ကိုအခွင့်ပေးသနည်း။
22:17 အချင်းလူ၊ ကြည့်ရှုလော့။ ထာဝရဘုရားသည် သင့်ကို ကြမ်းတမ်းစွာလွှင့်ပစ်တော်မူမည်။ သင့်ကို မြဲမြဲကိုင်ထား၍
22:18 ဘောလုံးကို လှိမ့်သကဲ့သို့ ကျယ်သောပြည်သို့ သင့်ကို အရှိန်နှင့်လှိမ့်တော်မူမည်။ သင်သည် ထိုပြည်၌ သေရမည်။ ဂုဏ်သရေရှိသော သင်၏စစ်ရထားတို့သည် သင့်သခင်တို့၏အမျိုးအနွယ်အတွက် ထိုပြည်၌ အရှက်ကွဲစရာဖြစ်မည်။
22:19 ငါသည် သင့်ကို သင့်အရိုက်အရာမှ ဖယ်ရှားမည်။ သင့်တာဝန်မှ သင့်ကိုဖြုတ်ချမည်။
22:20 ထိုနေ့ရက်၌ ငါသည် ဟိလခိ၏သား ငါ့အစေအပါးဧလျာကိမ်ကိုခေါ်၍
22:21 သူ့အား သင့်ဝတ်ရုံကိုဝတ်စေ၍ သင့်ခါးစည်းကိုစည်းစေမည်။ သင့်အာဏာကို သူ့လက်သို့ ငါအပ်မည်။ သူသည် ဂျေရုဆလင်မြို့သားနှင့် ယုဒအမျိုးအနွယ်တို့၏ဖခင်ဖြစ်မည်။
22:22 ဒါဝိဒ်၏နန်းတော်သော့ကို သူ့ပခုံးပေါ်မှာ ငါတင်ထားမည်။ သူဖွင့်လျှင် မည်သူမျှပိတ်နိုင်မည်မဟုတ်။ သူပိတ်လျှင်လည်း မည်သူမျှဖွင့်နိုင်မည်မဟုတ်။
22:23 သူ့ကို မြဲမြံသောနေရာတွင် ငုတ်တိုင်ကဲ့သို့ ငါစိုက်မည်။ သူသည် မိမိဖခင်၏အမျိုးအနွယ်အတွက် ဘုန်းအသရေပလ္လင်ဖြစ်မည်။
22:24 သူ့ဖခင်အမျိုးအနွယ်၏ဘုန်းအသရေဖြစ်သည့် သားမြေးများ၊ အဆွယ်အပွားများ၊ သေးငယ်သောတန်ဆာပလာများဖြစ်သည့် အင်တုံတန်ဆာပလာများမှစ၍ အိုးခွက်တန်ဆာပလာအားလုံးကို သူ၌ချိတ်ထားကြလိမ့်မည်။
22:25 ထိုနေ့ရက်၌ မြဲမြံသောနေရာ၌ စိုက်ထားသောငုတ်သည် ဆွဲနုတ်ခံရမည်။ ခုတ်ဖြတ်လှဲချခံရမည်။ သူ၏ဝန်ထုပ်သည်လည်း ဖယ်ရှားခြင်းခံရမည်’ဟူ၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်”ဟု ဆင့်ဆိုလော့။