Isaiah 55
55:1 အို ရေငတ်သောသူအပေါင်းတို့၊ ရေရှိရာသို့လာကြလော့။ မိမိ၌ငွေမရှိသောသူတို့၊ လာကြ။ ဝယ်၍စားကြလော့။ ငွေမပါဘဲ၊ အဖိုးအခမပေးဘဲ စပျစ်ဝိုင်၊ နို့တို့ကို လာ၍ဝယ်ကြလော့။
55:2 အစားအစာမဟုတ်သောအရာအတွက် သင်တို့ငွေကိုလည်းကောင်း၊ ရောင့်ရဲမှုမပေးသောအရာအတွက် သင်တို့ချွေးနှဲစာကိုလည်းကောင်း အဘယ်ကြောင့် သင်တို့အသုံးပြုကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လော့။ ကောင်းသောအစားအစာကို စားကြလော့။ သင်တို့၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်ပြည့်သောအစာနှင့် ဝအီလိမ့်မည်။
55:3 ငါ့စကားကို နားထောင်ကြလော့။ ငါ့ထံသို့လာကြလော့။ သင်တို့၏စိတ်ဝိညာဉ် အသက်ရှင်မည့်အကြောင်း နားထောင်ကြလော့။ ဒါဝိဒ်အပေါ်ထားရှိသော မြဲမြံသည့်မေတ္တာကရုဏာနှင့်အညီ ထာဝရပဋိညာဉ်ကို သင်တို့နှင့်ငါပြုမည်။
55:4 ငါသည် သူ့ကိုလူမျိုးတကာတို့အတွက်သက်သေ၊ လူမျိုးတကာတို့အတွက် အုပ်ချုပ်သူမင်း၊ တရားမင်းဖြစ်စေမည်။
55:5 သင်မသိသောလူမျိုးကို သင်ဆင့်ခေါ်ရမည်။ သင့်ကိုမသိသောလူမျိုးသည် သင်၏ဘုရားသခင်ထာဝရဘုရား၊ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကြောင့် သင့်ထံသို့ပြေးလာကြမည်။ အကြောင်းမူကား ကိုယ်တော်သည် သင်၏ဘုန်းကို ထင်ရှားစေတော်မူပြီ။
55:6 တွေ့နိုင်သည့်ကာလတွင် ထာဝရဘုရားကိုရှာကြလော့။ အနီး၌ရှိတော်မူသည့်ကာလတွင် ကိုယ်တော့်ကို ခေါ်ဆိုပတ္ထနာပြုကြလော့။
55:7 ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။
55:8 ထာဝရဘုရားက “ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့်မတူ။ ငါ၏နည်းလမ်းသည်လည်း သင်တို့၏နည်းလမ်းနှင့်မတူ။
55:9 မိုးကောင်းကင်သည် ကမ္ဘာမြေကြီးထက်သာ၍မြင့်သကဲ့သို့ ငါ၏နည်းလမ်းသည် သင်တို့၏နည်းလမ်းထက်၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက် သာ၍မြင့်၏။
55:10 မိုးရေနှင့်နှင်းပွင့်တို့သည် မိုးကောင်းကင်မှကျလာပြီး မိုးကောင်းကင်သို့ပြန်မတက်ဘဲ မြေကိုစိုစွတ်စေလျက်၊ အပင်ပေါက်စေလျက်၊ သီးပွင့်စေလျက် မျိုးကြဲသောသူအတွက် မျိုးစေ့၊ စားသောသူအတွက် အစားအစာကို ပေးသကဲ့သို့
55:11 ငါ့နှုတ်မှထွက်သောစကားသည်လည်း ထိုနည်းတူဖြစ်မည်။ ငါ့ထံသို့အချည်းနှီး ပြန်လာမည်မဟုတ်။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှုကို အောင်မြင်စေမည်။
55:12 သင်တို့သည် ဝမ်းမြောက်စွာထွက်ခွာလာ၍ ငြိမ်းချမ်းစွာပို့ဆောင်ခြင်းခံရမည်။ တောင်ကြီး၊ တောင်ငယ်တို့သည် သင်တို့ရှေ့၌ ဝမ်းမြောက်စွာသီချင်းဟစ်ကြော်သီဆိုကြလိမ့်မည်။ တော၌ရှိသောအပင်အားလုံးတို့သည် လက်ခုပ်တီးကြလိမ့်မည်။
55:13 ဆူးချုံအစား ထင်းရှူးပင်ပေါက်၍ နှင်းဆီရိုင်းပင်အစား မုရတုပင် ပေါက်လိမ့်မည်။ ဤအမှုသည် ထာဝရဘုရားအတွက်အထိမ်းအမှတ်၊ ဖျက်ဆီး၍မရသော ထာဝရအမှတ်လက္ခဏာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။