Isaiah 56
56:1 ထာဝရဘုရားက “တရားမျှတခြင်းကိုစောင့်ထိန်း၍ ဖြောင့်မတ်စွာပြုကျင့်ကြလော့။ အကြောင်းမူကား ငါ၏ကယ်တင်ခြင်းသည် ရောက်လုနီးပြီ။ ငါ၏ဖြောင့်မတ်ခြင်းတရားသည်လည်း ထင်ရှားလုနီးပြီ။
56:2 ထိုသို့ပြုသောသူ၊ ထိုအရာကိုဆုပ်ကိုင်ထားသောလူသား၊ ဥပုသ်နေ့ကိုမညစ်ညူးစေဘဲ စောင့်ထိန်းသောသူ၊ မည်သည့်မကောင်းမှုကိုမျှမပြုမိစေရန် မိမိလက်ကိုချုပ်တည်းသောသူသည် မင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
56:3 ထာဝရဘုရား၌ မှီဝဲဆည်းကပ်သောတိုင်းတစ်ပါးသားက “ထာဝရဘုရားသည် ငါ့ကို မိမိလူမျိုးတော်နှင့် သီးခြားခွဲထားတော်မူလိမ့်မည်”ဟု မဆိုစေနှင့်။ မိန်းမစိုးကလည်း “ငါသည်ခြောက်သွေ့သောသစ်ပင်ဖြစ်၏”ဟု မဆိုစေနှင့်။
56:4 ထာဝရဘုရားက “ငါ၏ဥပုသ်နေ့ကိုစောင့်ထိန်းသော၊ ငါနှစ်သက်သောအရာကိုရွေးချယ်၍ ငါ၏ပဋိညာဉ်ကိုစွဲကိုင်ထားသော မိန်းမစိုးတို့အား
56:5 သားသမီးတို့ထက်ပို၍မြတ်သော အမှတ်ရစရာနှင့်နာမည်ကို ငါ့အိမ်တော်အတွင်း၊ ငါ့တံတိုင်းတော်အတွင်း၌ ငါပေးမည်။ ပယ်ဖျက်၍မရသောထာဝရအမည်နာမကို သူတို့အား ငါပေးမည်။
56:6 ထာဝရဘုရား၏အမှုတော်ကိုထမ်းဆောင်၍ နာမတော်ကိုချစ်မြတ်နိုးသောကိုယ်တော်၏အစေအပါးဖြစ်ရန် ထာဝရဘုရား၌မှီဝဲဆည်းကပ်သော တိုင်းတစ်ပါးသားတို့ကိုလည်းကောင်း၊ ဥပုသ်နေ့ကိုမညစ်ညူးစေရန် စောင့်ထိန်း၍ ငါ၏ပဋိညာဉ်ကိုစွဲကိုင်ထားသောသူအပေါင်းတို့ကိုလည်းကောင်း
56:7 ငါ၏သန့်ရှင်းသောတောင်ပေါ်သို့ ငါဆောင်ခဲ့၍ ငါ၏ဆုတောင်းရာအိမ်၌ သူတို့ကို ငါဝမ်းမြောက်စေမည်။ ငါ့ယဇ်ပလ္လင်ပေါ်မှာပူဇော်သော သူတို့၏မီးရှို့ရာယဇ်များ၊ ပူဇော်သက္ကာများကို ငါလက်ခံမည်။ ငါ့အိမ်တော်ကို လူမျိုးတကာတို့၏ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
56:8 နှင်ထုတ်ခံရသောအစ္စရေးလူမျိုးတို့ကို စုစည်းတော်မူသော ဘုရားရှင်ထာဝရဘုရားက “စုစည်းပြီးသောသူတို့အပြင် အခြားသောသူတို့ကို အစ္စရေးလူမျိုးတို့ထံ၌ ငါထပ်၍စုစည်းမည်”ဟု မိန့်တော်မူ၏။
56:9 ကွင်းပြင်ရှိတိရစ္ဆာန်အပေါင်းတို့၊ ဝါးမျိုရန်လာကြလော့။ တောထဲရှိတိရစ္ဆာန်အပေါင်းတို့၊ ဝါးမျိုရန်လာကြလော့။
56:10 သူ၏ကင်းစောင့်တို့သည် မျက်မမြင်များဖြစ်ကြ၏။ သူတို့အားလုံးသည် မည်သည့်အရာမျှမသိကြ။ ဆွံ့အသောခွေးများဖြစ်ကြ၏။ သူတို့သည် မဟောင်နိုင်ကြ။ အိပ်လျက်၊ လဲလျောင်းလျက်၊ ငိုက်မျဉ်းခြင်းကိုတပ်မက်လျက် နေကြ၏။
56:11 စားလိုစိတ်အားကြီး၍ မတင်းတိမ်နိုင်သောခွေးများဖြစ်ကြ၏။ အသိဉာဏ်မရှိသော သိုးထိန်းများဖြစ်ကြ၏။ သူတို့အားလုံးသည် ကိုယ့်လမ်းသို့အသီးသီးလိုက်သွားကြ၏။ သူတို့တစ်ယောက်မကျန် ကိုယ့်အကျိုးကိုသာ ကိုယ်ရှာကြ၏။
56:12 “လာကြ။ စပျစ်ဝိုင်ကို ငါယူခဲ့မည်။ သေရည်သေရက်ကို အဝသောက်ကြစို့။ မနက်ဖြန်သည်လည်း ယနေ့ကဲ့သို့ပင်ဖြစ်လိမ့်မည်။ ထိုထက် ကောင်းလျှင်လည်း ကောင်းဦးမည်”ဟု ဆိုတတ်ကြ၏။