Jeremiah 19
19:1 ထာဝရဘုရားက “အိုးထိန်းသည်ထံသွား၍ မြေအိုးကိုဝယ်ယူပြီးလျှင် သက်ကြီးဝါကြီးလူအချို့၊ သက်ကြီးဝါကြီးယဇ်ပုရောဟိတ်အချို့တို့နှင့်အတူ
19:2 အိုးခြမ်းပဲ့တံခါးနားရှိ ဗင်ဟိန္နုံချိုင့်ဝှမ်းသို့သွား၍ သင့်အား ငါမိန့်မှာသောစကားတို့ကို ထိုအရပ်၌ကြွေးကြော်လော့။
19:3 ‘အို ယုဒဘုရင်နှင့် ဂျေရုဆလင်မြို့သားတို့၊ ထာဝရဘုရားမိန့်တော်မူသောစကားကိုနားထောင်ကြလော့။ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် ဤအရပ်၌ဘေးအန္တရာယ် ကျရောက်စေမည်။ ကြားရသူတိုင်း နားခါးလိမ့်မည်။
19:4 အကြောင်းမူကား သူတို့သည် ငါ့ကိုစွန့်ပယ်၍ ဤအရပ်ကို ညစ်ညမ်းစေပြီ။ သူတို့ကိုယ်တိုင်မသိ၊ ယုဒဘုရင်တို့လည်းမသိ၊ သူတို့၏ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ကြပြီ။ ဤအရပ်ကိုလည်း အပြစ်မဲ့သောသူတို့အားသတ်သောအပြစ်နှင့်ပြည့်စေပြီ။
19:5 ငါမိန့်မှာပြောဆိုခဲ့ခြင်း မရှိ၊ စိတ်ပင်မကူးခဲ့ဘဲလျက် သူတို့သည် ယဇ်ပလ္လင်များကိုတည်ဆောက်ကြပြီး သူတို့၏သားသမီးများကို မီးရှို့ရာယဇ်အဖြစ် ဗာလဘုရားအား ပူဇော်ကြ၏ဟု မိန့်တော်မူပြီ။
19:6 သို့ဖြစ်၍ ထာဝရဘုရားက ထိုအရပ်ကို တောဖက်အရပ်ဟူ၍လည်းကောင်း၊ ဗင်ဟိန္နုံချိုင့်ဝှမ်းဟူ၍လည်းကောင်း မခေါ်တော့ဘဲ ကွပ်မျက်ရာချိုင့်ဝှမ်းဟု ခေါ်ရသောနေ့ရက် ရောက်လာလိမ့်မည်။
19:7 ဤအရပ်၌ ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့၏အကြံအစည်များကို ပျက်ပြားစေမည်။ သူတို့ကို ရန်သူတို့ရှေ့တွင် ဓားဖြင့်ကျဆုံးစေမည်။ သူတို့၏အသက်ကို ရန်ရှာသောသူတို့လက်ဖြင့် ကျဆုံးစေမည်။ အလောင်းကောင်တို့ကို မိုးကောင်းကင်ငှက်နှင့် မြေတိရစ္ဆာန်တို့အတွက် အစာဖြစ်စေမည်။
19:8 ဤမြို့ကို လူသူကင်းမဲ့ရာ၊ ကဲ့ရဲ့ပြစ်တင်စရာဖြစ်စေမည်။ ဤမြို့ခံရသောဘေးဒဏ်ကြောင့် ဤမြို့နား ဖြတ်သန်းသွားသောသူတိုင်း အံ့ဩကြလိမ့်မည်၊ ကဲ့ရဲ့ကြလိမ့်မည်။
19:9 သူတို့အသက်ကိုရန်ရှာသောရန်သူတို့သည် သူတို့ကို ဝိုင်းရံထားသဖြင့် အကျပ်အတည်းထဲသို့ရောက်သောအခါ သူတို့သားသမီးများ၏အသားကို သူတို့အား ပြန်စားစေမည်။ သူတို့သည် အချင်းချင်းတို့၏အသားကို ပြန်စားကြရမည်ဟူ၍ မိန့်တော်မူပြီ’ဟု ဆင့်ဆိုလော့။
19:10 သင်နှင့်အတူလိုက်ပါသောလူတို့၏ရှေ့၌ မြေအိုးကိုခွဲပြီးလျှင်
19:11 သူတို့အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက အိုးထိန်းသည် ပြန်ဆက်စပ်၍မရနိုင်အောင် မြေအိုးကိုခွဲသကဲ့သို့ ဤလူမျိုးနှင့်ဤမြို့ကို ငါခွဲမည်။ တောဖက်အရပ်၌ နေရာလပ်မရှိတော့သည့်တိုင်အောင် သူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြလိမ့်မည်ဟု မိန့်တော်မူပြီ။
19:12 တစ်ဖန် ထာဝရဘုရားက ဤမြို့နှင့်မြို့သားတို့ကို ထိုသို့ ငါပြုမည်။ ဤမြို့ကို တောဖက်အရပ်ကဲ့သို့ ဖြစ်စေမည်။
19:13 သူတို့သည် ခေါင်မိုးများပေါ်တွင် ကောင်းကင်တန်ဆာရှိသမျှအား နံ့သာပေါင်းမီးရှို့ပူဇော်၏။ အခြားသောဘုရားများရှေ့တွင် သွန်းလောင်းရာပူဇော်သက္ကာကိုပူဇော်၏။ ထို့ကြောင့် ဂျေရုဆလင်မြို့ရှိအိမ်များ၊ ယုဒဘုရင်တို့၏နန်းတော်များသည် တောဖက်အရပ်ကဲ့သို့ ညစ်ညူးလိမ့်မည်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
19:14 ထို့နောက် ပရောဖက်ပြုရန်ထာဝရဘုရားစေလွှတ်တော်မူသော ယေရမိသည် တောဖက်အရပ်မှပြန်လာပြီးလျှင် ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်း၌ရပ်လျက် လူအပေါင်းတို့အား
19:15 “အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ကြည့်ရှုလော့။ သူတို့သည် ခေါင်းမာ ၍ ငါ့စကားကိုနားမထောင်ကြသောကြောင့် ငါမိန့်ဆိုခဲ့သည့်အတိုင်း ဘေးအန္တရာယ်အလုံးစုံကို ဤမြို့နှင့်ရွာရှိသမျှအပေါ် ကျရောက်စေမည်ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။