Jeremiah 20
20:1 ယေရမိ ပရောဖက်ပြုဟောပြောသောအကြောင်းအရာတို့ကို ဣမေရ၏သား၊ ထာဝရဘုရား၏အိမ်တော်ကိုကြီးကြပ်အုပ်ချုပ်သူ ယဇ်ပုရောဟိတ်ပါရှုရကြားလျှင်
20:2 ပါရှုရသည် ပရောဖက်ယေရမိအား ရိုက်နှက်ပြီး ထာဝရဘုရား၏အိမ်တော်ရှိ အထက်ဗင်္ယာမိန်တံခါး၌ ထိတ်ခတ်ထားလေ၏။
20:3 နောက်တစ်နေ့တွင် ပါရှုရသည် ယေရမိကိုထိတ်ခတ်ထားရာမှ လွှတ်ပေးသောအခါ ယေရမိက ပါရှုရအား “ထာဝရဘုရားသည် သင်၏အမည်ကို ပါရှုရ ဟု မခေါ်၊ မာဂေါမိဿဘိတ် ဟု မှည့်ခေါ်လေပြီ။
20:4 အကြောင်းမှာ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သင့်ကို သင်ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ သင်၏အပေါင်းအဖော်အားလုံးအတွက်သော်လည်းကောင်း ကြောက်လန့်စရာဖြစ်စေမည်။ သင်၏အပေါင်းအဖော်များသည် ရန်သူ၏ဓားဖြင့်လဲကျသေဆုံးကြသည်ကို သင်မြင်တွေ့ရမည်။ ယုဒအမျိုးအားလုံးကို ဘေဘီလုံဘုရင်၏လက်သို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီး ဓားဖြင့်ကွပ်မျက်မည်။
20:5 ငါသည် ဤမြို့၏စည်းစိမ်ဥစ္စာ၊ ချွေးနှဲစာ၊ အဖိုးတန်ရတနာရှိသမျှတို့ကိုလည်းကောင်း၊ ယုဒဘုရင်တို့၏ဥစ္စာဘဏ္ဍာရှိသမျှတို့ကိုလည်းကောင်း ရန်သူ့လက်သို့ အပ်မည်။ ရန်သူတို့သည် သူတို့ကို လုယူတိုက်ခိုက်၍ ဘေဘီလုံမြို့သို့ ယူဆောင်သွားလိမ့်မည်။
20:6 အို ပါရှုရ၊ သင်နှင့် သင်၏အိမ်သူအိမ်သားအားလုံး ဖမ်းခေါ်သွားခြင်းခံရမည်။ သင်နှင့် သင်မုသားသုံး၍ပရောဖက်ပြုသည်ကို နာယူခဲ့သော သင့်အပေါင်းအဖော်တို့သည် ဘေဘီလုံမြို့သို့ရောက်သွား၍ ထိုအရပ်၌သေဆုံးကြလိမ့်မည်။ ထိုအရပ်၌ သင်္ဂြိုဟ်ခြင်းခံရကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။
20:7 အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူပြီ။ အကျွန်ုပ် သွေးဆောင်ခံရပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက် ခွန်အားကြီးသဖြင့် နိုင်တော်မူပြီ။ အကျွန်ုပ်သည် နေ့စဉ် လှောင်ပြောင်ခြင်းခံရပါ၏။ လူတိုင်း အကျွန်ုပ်ကို ပြက်ရယ်ပြုကြပါ၏။
20:8 အကျွန်ုပ်ဟောပြောလေရာရာ၌ ရက်စက်ကြမ်းကြုတ်ခြင်း၊ ဖျက်ဆီးခြင်းအကြောင်းများကိုသာ အော်ဟစ်ကြွေးကြော်ရပါ၏။ အကြောင်းမူကား ထာဝရဘုရား၏စကားတော်သည် အကျွန်ုပ်၌ နေ့စဉ် ကဲ့ရဲ့စရာ၊ ပြက်ရယ်ပြုစရာအကြောင်း ဖြစ်စေပါ၏။
20:9 ငါက “ကိုယ်တော်ကို မအောက်မေ့၊ နာမတော်ဖြင့် မဟောပြောလိုတော့ပြီ”ဟု ဆိုသော်လည်း ငါ့စိတ်နှလုံးထဲ၌ မီးတောက်လောင်သကဲ့သို့ ပူလောင်၏။ ငါ့အရိုးထဲထိ ပူလောင်၏။ ငါမခံမရပ်နိုင်အောင် ပင်ပန်းလှ၏။
20:10 အကြောင်းမူကား လူအများတို့က “ပတ်ပတ်လည်၌ ကြောက်လန့်စရာရှိ၏။ သတင်းပို့ကြစို့။ ငါတို့သတင်းပို့ကြစို့”ဟူ၍ တီးတိုးပြောသံကိုသာ ငါကြားရ၏။ အကျွန်ုပ်၏မိတ်ဆွေရင်းချာအပေါင်းတို့လည်း အကျွန်ုပ်ပြိုလဲသည်ကို စောင့်ကြည့်၍ “သူ့ကို လှည့်စား၍ ရကောင်းရနိုင်လိမ့်မည်။ သူ့ကို အနိုင်ယူမည်။ လက်တုံ့ပြန်မည်”ဟု ဆိုကြ၏။
20:11 သို့သော် ထာဝရဘုရားသည် အားကြီးသောစစ်သူရဲအဖြစ် ငါ့ဘက်၌ ရှိတော်မူ၏။ ထို့ကြောင့် အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့သည် အနိုင်မရဘဲ လဲကျကြလိမ့်မည်။ မအောင်မြင်ဘဲ အရှက်ကွဲအကျိုးနည်း ဖြစ်ကြလိမ့်မည်။ မမေ့ပျောက်နိုင်အောင် အစဉ်အသရေပျက်ကြလိမ့်မည်။
20:12 စိတ်နှလုံးအတွင်းသဘော ကိုမြင်၍ ဖြောင့်မတ်သောသူကို စစ်ဆေးတော်မူသော အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော်လက်သို့ အပ်ပါပြီ။ သူတို့အား လက်တုံ့ပြန်တော်မူသည်ကို အကျွန်ုပ်တွေ့မြင်ပါရစေ။
20:13 ထာဝရဘုရားထံ သီချင်းဆိုကြလော့။ ထာဝရဘုရားကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် နွမ်းပါးသူ၏အသက်ကို ဆိုးညစ်သူလက်မှ ကယ်နုတ်တော်မူ၏။
20:14 ငါမွေးသောနေ့သည် ကျိန်ခြင်းခံရပါစေ။ ငါ့ကို ငါ့မိခင်မွေးသောနေ့သည် မင်္ဂလာမရှိပါစေနှင့်။
20:15 ငါ့ဖခင်ဝမ်းသာရအောင် “သင်သည် သားယောက်ျားကို ရပါပြီ”ဟု သူ့ထံသတင်းယူဆောင်လာသောသူသည် ကျိန်ခြင်းခံရပါစေ။
20:16 ထာဝရဘုရား မနှမြောဘဲ ဖျက်ဆီးပစ်သောမြို့များကဲ့သို့ ထိုသူဖြစ်ပါစေ။ နံနက်အချိန်၌ အော်ဟစ်သံ၊ မွန်းတည့်အချိန်၌ အချက်ပေးသံတို့ကို ကြားရပါစေ။
20:17 ငါ့ကို အမိဝမ်းထဲကပင် သတ်ခဲ့သင့်၏။ သို့ပြုလျှင် မိခင်၏ဝမ်းသည် ငါ၏သင်္ချိုင်း၊ ငါ့ကို အစဉ်ကိုယ်ဝန်ဆောင်ရာနေရာ ဖြစ်လိမ့်မည်။
20:18 ငါသည် အခက်အခဲပြဿနာ၊ ဝမ်းနည်းခြင်းများနှင့် ကြုံတွေ့ရ၍ ငါ၏နေ့ရက်တို့သည်လည်း အရှက်ကွဲခြင်းနှင့် ကုန်ဆုံးသွားရစေရန် အဘယ်ကြောင့် မွေးလာရသနည်း။