Jeremiah 36
36:1 ယောရှိမင်းကြီး၏သား ယုဒဘုရင်ယောယကိမ်မင်းကြီးနန်းစံလေးနှစ်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၍
36:2 “သင်သည် စာလိပ်တစ်လိပ်ကို ယူပြီးလျှင် ယောရှိမင်းကြီးလက်ထက်မှစ၍ ယနေ့တိုင်အောင် အစ္စရေးလူမျိုး၊ ယုဒလူမျိုးအပါအဝင်လူမျိုးအပေါင်းတို့နှင့်ပတ်သက်၍ သင့်အား ငါမိန့်မှာခဲ့သောစကားအလုံးစုံတို့ကို ရေးမှတ်လော့။
36:3 ယုဒအမျိုးသားတို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဟူသော ငါ၏အကြံအစည်ကို သူတို့ကြားလျှင် သူတို့အသီးသီး ဆိုးညစ်သောလမ်းမှ ပြန်လာကောင်းပြန်လာကြလိမ့်မည်။ သို့ပြုလျှင် သူတို့၏အပြစ်ဒုစရိုက်များကို ငါခွင့်လွှတ်မည်”ဟု မိန့်ဆို၏။
36:4 ထိုအခါ ယေရမိသည် နေရိ၏သား ဗာရုတ်ကိုခေါ်ပြီး ထာဝရဘုရားမိန့်တော်မူသောစကားအလုံးစုံတို့ကို နှုတ်မှခေါ်ပေး၍ ဗာရုတ်သည် စာလိပ်တစ်လိပ်ပေါ်တွင် ရေးမှတ်လေ၏။
36:5 ထို့နောက် ယေရမိက ဗာရုတ်အား “ငါအချုပ်ခံနေရသဖြင့် ထာဝရဘုရား၏အိမ်တော်သို့ မသွားနိုင်။
36:6 ထို့ကြောင့် ငါ့နှုတ်မှခေါ်ပေး၍ စာလိပ်ထဲ၌သင်ရေးထားခဲ့သည့် ထာဝရဘုရား၏စကားတော်များကို အစာရှောင်မည့်နေ့တွင် သင်သွား၍ ထာဝရဘုရား၏အိမ်တော်ရှိလူတို့ကြားသိစေရန် ဖတ်ပြရမည်။ ထို့ပြင် ကိုယ့်မြို့အသီးသီးမှရောက်လာကြသော ယုဒလူမျိုးအားလုံးတို့ ကြားသိစေရန် ဖတ်ပြရမည်။
36:7 သူတို့အသီးသီး ဆိုးညစ်သောလမ်းမှပြန်လှည့်လာ၍ ထာဝရဘုရားရှေ့တော်၌ ပျပ်ဝပ်လျက် အသနားခံကောင်းခံကြလိမ့်မည်။ အကြောင်းမူကား ဤလူမျိုးတို့ကို ထာဝရဘုရား ပြင်းစွာအမျက်ဒေါသထွက်တော်မူလေပြီ”ဟု ဆို၏။
36:8 နေရိ၏သားဗာရုတ်သည် ပရောဖက်ယေရမိမှာထားသည့်အတိုင်း စာလိပ်ထဲ၌ရေးမှတ်ထားသော ထာဝရဘုရား၏စကားတော်များကို ထာဝရဘုရား၏အိမ်တော်၌ ဖတ်ပြလေ၏။
36:9 ယောရှိမင်းကြီး၏သား ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံငါးနှစ်၊ နဝမလတွင် ဂျေရုဆလင်မြို့သူမြို့သားအပေါင်းနှင့် ယုဒမြို့ရွာတို့မှ ဂျေရုဆလင်မြို့သို့ရောက်လာသောသူအပေါင်းတို့အား ထာဝရဘုရားရှေ့တော်၌ အစာရှောင်ကြရန် ကြေညာ၏။
36:10 ထိုအခါ ဗာရုတ်သည် စာလိပ်ပါယေရမိဆင့်ဆိုသောစကားများကို လူအားလုံးကြားသိစေရန် ထာဝရဘုရား၏အိမ်တော်ရှိ ဂေမရိ၏သား စာရေးတော်ကြီးရှာဖန်၏အခန်းမှနေ၍ ဖတ်ပြလေ၏။ ထိုအခန်းသည် ထာဝရဘုရား၏အိမ်တော်အထက်ဝင်းတံခါးသစ်အဝင်ဝနားတွင်ရှိ၏။
36:11 ရှာဖန်၏မြေး၊ ဂေမရိ၏သားမိက္ခာယသည် စာလိပ်ပါထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ကြားသောအခါ
36:12 စာရေးတော်ကြီးဧလိရှမာ၊ ရှေမာယ၏သားဒေလာယ၊ အာခဗော်၏သားဧလနာသန်၊ ရှာဖန်၏သားဂေမရိ၊ ဟာနနိယ၏သားဇေဒကိ စသော အကြီးအကဲအပေါင်းတို့ထိုင်နေသော ဘုရင့်နန်းတော်ဝင်းအတွင်းရှိ စာရေးတော်ကြီးအခန်းသို့ ဆင်းသွား၏။
36:13 မိက္ခာယသည် လူအားလုံးကြားသိစေရန် ဗာရုတ်ဖတ်ပြခဲ့သော စာလိပ်ပါအကြောင်းအရာများကို မိမိကြားခဲ့သည့်အတိုင်း သူတို့အား ပြောပြလေ၏။
36:14 ထိုအခါ အကြီးအကဲတို့က ကုရှိ၏မြစ်၊ ရှေလမိ၏မြေး၊ နေသနိ၏သား ယေဟုဒိကို ဗာရုတ်ထံသို့စေလွှတ်၍ “လူတို့ကြားသိစေရန် သင်ဖတ်ပြခဲ့သောစာလိပ်ကို သင်ကိုယ်တိုင်ယူလာလော့”ဟု ဆိုစေသဖြင့် နေရိသားဗာရုတ်လည်း ထိုစာလိပ်ကို ကိုယ်တိုင်ယူ၍ လာခဲ့၏။
36:15 သူတို့ကလည်း ဗာရုတ်အား “ထိုင်၍ ငါတို့အား ဖတ်ပြလော့”ဟု ဆိုသဖြင့် ဗာရုတ်လည်း သူတို့ကြားသိစေရန် ဖတ်ပြလေ၏။
36:16 သူတို့သည် စကားတော်အလုံးစုံကို ကြားရသောအခါ အသီးသီးကြောက်ရွံ့တုန်လှုပ်ကြ၏။ ဗာရုတ်အားလည်း “ဤစကားအလုံးစုံတို့ကို ရှင်ဘုရင်ထံ မဖြစ်မနေတင်ပြရမည်”ဟု ဆိုပြီး
36:17 ဗာရုတ်အား “ငါတို့ကို ပြောပြလော့။ ယေရမိနှုတ်မှပြောသော ဤစကားအလုံးစုံတို့ကို သင်မည်ကဲ့သို့ ရေးမှတ်ခဲ့သနည်း”ဟု ပြောဆိုမေးမြန်းကြ၏။
36:18 ဗာရုတ်ကလည်း “ဤစကားအလုံးစုံတို့ကို သူ့နှုတ်မှခေါ်ပေး၍ အကျွန်ုပ်က မင်ဖြင့် စာလိပ်ပေါ်တွင် ရေးမှတ်ပါသည်”ဟု ပြန်ဖြေ၏။
36:19 အကြီးအကဲတို့က ဗာရုတ်အား “သင်နှင့်ယေရမိ သွား၍ပုန်းရှောင်နေလော့။ သင်တို့ရှိသည့်နေရာကို မည်သူမျှမသိစေနှင့်”ဟု ဆိုကြ၏။
36:20 သူတို့သည် စာလိပ်ကို စာရေးတော်ကြီးဧလိရှမာအခန်းတွင် ထားခဲ့ပြီး နန်းတော်ဝင်းရှိ ရှင်ဘုရင်ထံသို့သွား၍ ထိုအကြောင်းအရာအလုံးစုံတို့ကို ရှင်ဘုရင်ကြားသိစေရန် လျှောက်ထားလေ၏။
36:21 ထိုအခါ ရှင်ဘုရင်သည် ယေဟုဒိကိုစေလွှတ်၍ စာလိပ်ကိုယူစေ၏။ ယေဟုဒိသည် စာရေးတော်ကြီးဧလိရှမာအခန်းရှိစာလိပ်ကို ယူလာပြီးလျှင် ရှင်ဘုရင်နှင့်တကွ ရှင်ဘုရင်၏ထံပါးတွင်ခစားသော အကြီးအကဲအားလုံးတို့ကြားသိစေရန် ဖတ်ပြလေ၏။
36:22 ထိုအချိန်သည် နဝမလဖြစ်၍ ရှင်ဘုရင်သည် ဆောင်းရာသီစံနန်းဆောင်တွင် စံမြန်းနေ၏။ သူ့ရှေ့၌ မီးတောက်နေသော မီးလင်းဖိုရှိ၏။
36:23 စာသုံးလေးပိုင်းမျှ ဖတ်အပြီးတွင် ရှင်ဘုရင်သည် စာရေးတော်ကြီး၏ဓားဖြင့် စာလိပ်ကိုဖြတ်၍ မီးတောက်နေသောမီးလင်းဖိုထဲသို့ပစ်ချရာ စာလိပ်တစ်ခုလုံး မီးလင်းဖိုထဲတွင် လောင်ကျွမ်းကုန်၏။
36:24 ထိုစကားအလုံးစုံတို့ကိုကြားရသော ရှင်ဘုရင်နှင့် သူ၏အစေအပါးအားလုံးတို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိကြ၊ အဝတ်ကိုမဆုတ်ကြ။
36:25 ဧလနာသန်၊ ဒေလာယ၊ ဂေမရိတို့က စာလိပ်ကိုမီးမရှို့ရန် ရှင်ဘုရင်အား တောင်းပန်ကြသော်လည်း ရှင်ဘုရင်သည် သူတို့၏စကားကိုနားမထောင်။
36:26 ရှင်ဘုရင်သည် သားတော်ယေရမေလ၊ အာဇရေလ၏သားစရာယနှင့် အာဗဒေလ၏သားရှေလမိတို့အား စာရေးတော်ကြီးဗာရုတ်နှင့်ပရောဖက်ယေရမိတို့ကို ဖမ်းဆီးရန် အမိန့်ပေး၏။ သို့သော် ထာဝရဘုရားသည် သူတို့ကို ဝှက်ထားတော်မူ၏။
36:27 ယေရမိနှုတ်မှခေါ်ပေး၍ ဗာရုတ်ရေးမှတ်ထားသောစကားတော်ပါ စာလိပ်ကို ရှင်ဘုရင်မီးရှို့ပြီးနောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၍
36:28 “စာလိပ်နောက်တစ်လိပ်ကိုယူပြီး ယုဒဘုရင်ယောယကိမ် မီးရှို့လိုက်သော ပထမစာလိပ်၌ပါသည့်စကားအတိုင်း နောက်စာလိပ်ပေါ်၌ ရေးမှတ်လော့။
36:29 သင်သည် ယုဒဘုရင်ယောယကိမ်အား ‘သင်က ထိုစာလိပ်ပေါ်တွင် ဘေဘီလုံဘုရင်အမှန်လာ၍ ဤပြည်ကိုဖျက်ဆီးမည်။ ဤပြည်ရှိ လူနှင့်တိရစ္ဆာန်တို့ကို ဖယ်ရှားပစ်မည်ဟူ၍ အဘယ်ကြောင့် ရေးမှတ်သနည်းဟု ဆိုလျက် စာလိပ်ကို သင်မီးရှို့လေပြီ’ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏”ဟု ဆင့်ဆိုရမည်။
36:30 ထို့ကြောင့် ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်ပတ်သက်၍ ထာဝရဘုရားက “သူ၏အမျိုးအနွယ်သည် ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် စံမြန်းခွင့်ရမည်မဟုတ်။ သူ၏အလောင်းကို နေ့အချိန်တွင် နေပူထဲ၌၊ ညအချိန်တွင် နှင်းတောထဲ၌ ပစ်ထားကြလိမ့်မည်။
36:31 သူနှင့် သူ၏သားစဉ်မြေးဆက်၊ သူ၏အစေအပါးတို့ပြုသောဒုစရိုက်ကြောင့် သူတို့ကို ငါဒဏ်ခတ်မည်။ သူတို့နှင့်တကွ ဂျေရုဆလင်မြို့သား၊ ယုဒအမျိုးသားတို့အပေါ် ငါမိန့်ဆိုထားသည့်ဘေးအန္တရာယ်အလုံးစုံကို ကျရောက်စေမည်ဖြစ်သော်လည်း သူတို့ဂရုမစိုက်ကြ”ဟု မိန့်တော်မူ၏။
36:32 ထို့နောက် ယေရမိသည် စာလိပ်နောက်တစ်လိပ်ကိုယူ၍ နေရိ၏သား စာရေးတော်ကြီးဗာရုတ်အား ပေးလေ၏။ ယုဒဘုရင်ယောယကိမ်မင်းကြီး မီးရှို့ပစ်သောစာလိပ်၌ပါသည့်စကားအတိုင်း ယေရမိသည် နှုတ်မှခေါ်ပေး၍ ဗာရုတ်ရေးမှတ်လေ၏။ ထိုသို့သော နှုတ်ထွက်စကားများစွာကိုလည်း ထပ်၍ဖြည့်စွက်ခေါ်ပေးသေး၏။