Jeremiah 37
37:1 ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးက မင်းမြှောက်လိုက်သော ယောရှိမင်းကြီး၏သားတော်ဇေဒကိသည် ယောယကိမ်မင်းကြီး၏သားတော်ခေါနိ၏နေရာ၌ ယုဒပြည်ကို စိုးစံလေ၏။
37:2 ထိုမင်းနှင့် သူ၏အစေအပါးများ၊ ပြည်သူပြည်သားများတို့သည် ပရောဖက်ယေရမိအားဖြင့် မိန့်ဆိုထားသည့် ထာဝရဘုရား၏စကားတော်တို့ကို နားမထောင်ကြ။
37:3 ဇေဒကိမင်းကြီးသည် ရှေလမိ၏သား ယေဟုကလနှင့် မာသေယ၏သား ယဇ်ပုရောဟိတ်ဇေဖနိတို့ကို ပရောဖက်ယေရမိထံသို့စေလွှတ်၍ “ငါတို့၏ဘုရားသခင်ထာဝရဘုရားထံ ငါတို့အတွက် ဆုတောင်းပေးလော့”ဟု မှာလိုက်လေ၏။
37:4 ထိုစဉ်က ယေရမိ ထောင်မကျသေး၊ လူကြားတွင် သွားလာရလျက်ရှိသေး၏။
37:5 ထိုအချိန်တွင်ပင် ဖာရောမင်းကြီး၏စစ်တပ်ကြီး အီဂျစ်ပြည်မှချီတက်လာကြောင်း ဂျေရုဆလင်မြို့ကို ဝိုင်းထားလျက်ရှိသော ခါလဒဲစစ်သည်တို့ သတင်းကြားသောအခါ ဂျေရုဆလင်မြို့မှ တပ်ဆုတ်သွားကြ၏။
37:6 ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိထံသို့ ရောက်လာ၍
37:7 “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါ့ကိုမေးလျှောက်ရန် သင့်ကိုစေလွှတ်လိုက်သော ယုဒဘုရင်အား ပြန်ပြောလော့။ သင့်ကိုစစ်ကူလာသော ဖာရောမင်းကြီး၏စစ်တပ်သည် မိမိနေရင်းအီဂျစ်ပြည်သို့ လှည့်ပြန်သွားလိမ့်မည်။
37:8 ခါလဒဲတပ်သည်လည်း ပြန်လာ၍ ဤမြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ကြလိမ့်မည်’ဟု မိန့်တော်မူပြီ။
37:9 ထာဝရဘုရားက ‘ခါလဒဲတပ်သည် အပြီးအပိုင်တပ်ဆုတ်သွားကြမည်ဟု ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မလှည့်စားကြနှင့်။ သူတို့ တပ်ဆုတ်ကြမည်မဟုတ်။
37:10 သင်တို့ကိုတိုက်ခိုက်လာသော ခါလဒဲတပ်တစ်တပ်လုံးကို သင်တို့အနိုင်ရလျှင်ပင် ကျန်ခဲ့သောဒဏ်ရာရသောသူတို့သည် ကိုယ့်တဲမှထလာပြီး ဤမြို့ကို မီးရှို့ကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
37:11 ခါလဒဲတပ်သည် ဖာရောမင်းကြီး၏စစ်တပ်ကြီးကို ကြောက်သဖြင့် ဂျေရုဆလင်မြို့မှ တပ်ဆုတ်သွား၏။
37:12 ယေရမိသည် ဗင်္ယာမိန်ပြည်သားတို့နှင့်အတူ အမွေခွဲဝေရယူရန် ဂျေရုဆလင်မြို့မှ ဗင်္ယာမိန်ပြည်သို့ သွားလေ၏။
37:13 ဗင်္ယာမိန်တံခါးသို့ရောက်သောအခါ ဟာနနိယမြေး၊ ရှေလမိ၏သား ဣရိယအမည်ရှိကင်းမှူးသည် ပရောဖက်ယေရမိကိုဖမ်း၍ “ခါလဒဲတပ်ဘက်သို့ သင်ကူးသွားသည်မဟုတ်လော”ဟု ဆိုလေ၏။
37:14 ယေရမိကလည်း “မဟုတ်ပါ၊ ခါလဒဲတပ်ဘက်သို့ ငါမကူးပါ”ဟု ဆိုသော်လည်း ဣရိယသည် သူ၏စကားကိုနားမထောင်ဘဲ ယေရမိကို မှူးမတ်များထံသို့ ခေါ်ဆောင်သွားလေ၏။
37:15 မှူးမတ်တို့သည်လည်း ယေရမိကိုအမျက်ထွက်၍ ရိုက်နှက်ပြီးလျှင် အကျဉ်းထောင်အဖြစ်ပြုလုပ်ထားသော စာရေးတော်ကြီးယောနသန်၏အိမ်၌ အကျဉ်းချထား၏။
37:16 ယေရမိသည် မြေအောက်အကျဉ်းထောင်ထဲ၌ ရက်ပေါင်းများစွာအကျဉ်းချခံနေရစဉ်
37:17 ဇေဒကိမင်းကြီးသည် လူလွှတ်၍ ယေရမိကို နန်းတော်သို့ခေါ်လာစေပြီးလျှင် “ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်ရောက်လာသေးသလော”ဟု လျှို့ဝှက်စွာမေးမြန်း၏။ ယေရမိက “နှုတ်ကပတ်တော်ရောက်လာပါ၏။ အရှင်မင်းကြီးသည် ဘေဘီလုံဘုရင်၏လက်ထဲသို့ရောက်ရလိမ့်မည်”ဟု ပြန်လျှောက်၏။
37:18 ထို့ပြင် ယေရမိက ဇေဒကိမင်းကြီးအား “အကျွန်ုပ်ကို ထောင်ချရအောင် အကျွန်ုပ်သည် မင်းကြီးနှင့် မင်းကြီး၏အစေအပါးများ၊ ဤပြည်သူပြည်သားများကို မည်သို့ပြစ်မှားမိသနည်း။
37:19 ‘ဘေဘီလုံဘုရင်သည် သင်တို့နှင့်သင်တို့ပြည်ကို လာတိုက်မည်မဟုတ်’ဟု ပရောဖက်ပြုဟောပြောခဲ့သော သင်တို့၏ပရောဖက်တို့ကား အဘယ်မှာနည်း။
37:20 အို အကျွန်ုပ်၏အရှင်မင်းကြီး၊ အကျွန်ုပ်တောင်းဆိုသည်ကို နားထောင်၍ လိုက်လျောပေးပါ။ အကျွန်ုပ်ကို စာရေးတော်ကြီးယောနသန်၏အိမ်သို့ ပြန်မပို့ပါနှင့်။ ပြန်ပို့လျှင် ထိုအိမ်၌ အကျွန်ုပ်သေရပါလိမ့်မည်”ဟု လျှောက်ဆိုလေ၏။
37:21 ထို့နောက် ဇေဒကိမင်းကြီး၏အမိန့်တော်ဖြင့် ယေရမိကို ထောင်ဝင်းထဲ၌ ထားကြ၏။ မြို့ထဲရှိ မုန့်များမရှိတော့သည်အထိ သူ့အား မုန့်ဖုတ်တန်းမှ မုန့်တစ်လုံးကို နေ့စဉ်ပေးရ၏။ ဤသို့ ယေရမိသည် ထောင်ဝင်းထဲ၌ နေရလေ၏။