Leviticus 15
15:1 တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား
15:2 “အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ ယောက်ျားတစ်ယောက်ယောက်သည် မိမိ၏ကိုယ်ခန္ဓာမှ အရိအရွဲထွက်သောအခါ ထိုသူသည် ရိနာကြောင့် မစင်မကြယ်ဖြစ်၏။
15:3 ထိုသူ၏ရိနာနှင့်ဆိုင်သော မစင်ကြယ်ခြင်းကား ဤသို့ဖြစ်၏။ သူ၏ကိုယ်ခန္ဓာမှ အရိအရွဲထွက်သည်ဖြစ်စေ၊ အရိအရွဲမထွက်ဘဲ ပိတ်နေသည်ဖြစ်စေ သူသည် မစင်မကြယ်ဖြစ်၏။
15:4 အရိအရွဲထွက်သူ အိပ်သည့်အိပ်ရာတိုင်း မစင်မကြယ်ဖြစ်၏။ သူထိုင်သည့်နေရာတိုင်း မစင်မကြယ်ဖြစ်၏။
15:5 ထိုသူ၏အိပ်ရာကို ထိမိသောသူတိုင်း မိမိ၏အဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထိမိသောသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
15:6 အရိအရွဲထွက်သူထိုင်ခဲ့သောဝတ္ထုပစ္စည်းပေါ်၌ ထိုင်မိသောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
15:7 အရိအရွဲထွက်သူ၏ကိုယ်ခန္ဓာကိုထိမိသောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
15:8 အရိအရွဲထွက်သူသည် စင်ကြယ်သောသူကို တံတွေးထွေးမိလျှင် တံတွေးထွေးခံရသောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
15:9 အရိအရွဲထွက်သူထိုင်စီးသည့် ကုန်းနှီးတိုင်း မစင်မကြယ်ဖြစ်၏။
15:10 ထိုသူထိုင်ခဲ့သည့်ဝတ္ထုပစ္စည်းတစ်ခုခုကို ထိမိသောသူတိုင်း နေဝင်ချိန်ထိ မစင်မကြယ်ဖြစ်၏။ ထိုဝတ္ထုပစ္စည်းများကို သယ်ဆောင်သွားသောသူသည် မိမိ၏အဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
15:11 အရိအရွဲထွက်သူသည် မိမိလက်ကိုရေမဆေးဘဲ တစ်စုံတစ်ယောက်ကိုထိမိလျှင် အထိခံရသူသည် မိမိ၏အဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
15:12 အရိအရွဲထွက်သူ ထိမိသောမြေအိုးကို ခွဲပစ်ရမည်။ သူထိမိသော သစ်သားအသုံးအဆောင်တိုင်းကို ရေဆေးရမည်။
15:13 အရိအရွဲထွက်သူသည် ရိနာမှ စင်ကြယ်သောအခါ သူသည် မိမိ၏သန့်စင်ခြင်းအတွက် မိမိဘာသာမိမိနေ့ရက်ခုနစ်ရက်ရေတွက်ရမည်။ ခုနစ်ရက်စေ့လျှင် မိမိအဝတ်ကိုလျှော်၍ စမ်းရေဖြင့် ရေချိုးရမည်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။
15:14 ရှစ်ရက်မြောက်သောနေ့၌ သူသည် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ယူပြီး ထာဝရဘုရားရှေ့တော်၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့လာ၍ ယဇ်ပုရောဟိတ်အား ပေးရမည်။
15:15 ယဇ်ပုရောဟိတ်သည် တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ပူဇော်ရမည်။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်သည် အရိအရွဲထွက်သူအတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
15:16 ယောက်ျားသည် သုက်ရည်ထွက်လျှင် တစ်ကိုယ်လုံး ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
15:17 သုက်ရည်ပေသွားသော အဝတ်နှင့်သားရေရှိသမျှတို့ကို လျှော်ရမည်။ ၎င်းတို့သည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
15:18 ယောက်ျားသည် မိန်းမနှင့်အိပ်၍ သုက်ရည်ထွက်လျှင် နှစ်ယောက်စလုံး ရေချိုးရမည်။ သူတို့သည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
15:19 မိန်းမသည် ဓမ္မတာသွေးဆင်းလျှင် သူသည် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။ သူ့ကိုထိသောသူတိုင်း နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
15:20 ဓမ္မတာလာသောကာလအတွင်း သူအိပ်သည့်အိပ်ရာတိုင်း မစင်မကြယ်ဖြစ်၏။ သူထိုင်သည့်နေရာတိုင်း မစင်မကြယ်ဖြစ်၏။
15:21 သူ၏အိပ်ရာကိုထိသောသူတိုင်း မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
15:22 သူထိုင်ခဲ့သည့်ဝတ္ထုပစ္စည်းတစ်ခုခုကိုထိမိသောသူတိုင်း မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
15:23 အိပ်ရာပေါ်၌ဖြစ်စေ၊ သူထိုင်ခဲ့သည့်ဝတ္ထုပစ္စည်းပေါ်၌ဖြစ်စေ စွန်းနေသောအရာကို ထိမိသောသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
15:24 ယောက်ျားသည် သူနှင့်အိပ်၍ ထိုယောက်ျားသည် ဓမ္မတာသွေးစွန်းသွားလျှင် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။ ထိုယောက်ျားအိပ်သည့် အိပ်ရာတိုင်း မစင်မကြယ်ဖြစ်၏။
15:25 မိန်းမသည် ဓမ္မတာလာချိန်မဟုတ်ဘဲ ရက်ပေါင်းများစွာသွေးဆင်းနေလျှင်ဖြစ်စေ၊ ဓမ္မတာလာချိန်၌ ရက်ပို၍ဆက်လာနေလျှင်ဖြစ်စေ မစင်ကြယ်သောအရာဆင်းနေချိန်တစ်လျှောက်လုံး ဓမ္မတာလာချိန်ကဲ့သို့ပင် သူသည် မစင်ကြယ်သောသူဖြစ်၏။
15:26 သွေးဆင်းချိန်တစ်လျှောက်လုံး၌ သူအိပ်သည့်အိပ်ရာတိုင်းသည် ဓမ္မတာလာချိန်မှအိပ်ရာကဲ့သို့မစင်မကြယ်ဖြစ်၏။ သူထိုင်ခဲ့သောဝတ္ထုပစ္စည်းတိုင်းသည် ဓမ္မတာလာချိန်၌မစင်ကြယ်သကဲ့သို့ မစင်မကြယ်ဖြစ်၏။
15:27 ၎င်းတို့ကို ထိမိသောသူတိုင်း မစင်မကြယ်ဖြစ်၏။ မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
15:28 ထိုမိန်းမသည် သွေးဆင်းခြင်းမှ စင်ကြယ်သွားသောအခါ မိမိဘာသာမိမိနေ့ရက်ခုနစ်ရက်ရေတွက်ရမည်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။
15:29 ရှစ်ရက်မြောက်သောနေ့၌ သူသည် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ယူ၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ယဇ်ပုရောဟိတ်ထံ ယူဆောင်လာရမည်။
15:30 ယဇ်ပုရောဟိတ်သည် တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ပူဇော်ရမည်။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်သည် မစင်ကြယ်သောအရာဆင်းသောမိန်းမအတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
15:31 ထိုသို့ အစ္စရေးအမျိုးသားတို့သည် သူတို့အလယ်ရှိ ငါကိန်းဝပ်တော်မူရာတဲတော်ကို သူတို့၏မစင်ကြယ်ခြင်းဖြင့် ညစ်ညူးစေ၍ သေရမည့်အဖြစ်သို့ မရောက်ကြစေရန် သူတို့၏မစင်ကြယ်ခြင်းမှ သူတို့ကိုကင်းစင်စေရမည်။
15:32 ဤသည်ကား အရိအရွဲထွက်သောသူ၊ သုက်ရည်ထွက်ခြင်းကြောင့် ညစ်ညူးသောသူ၊
15:33 ဓမ္မတာလာသောမိန်းမ၊ မစင်ကြယ်သောအရည်ထွက်သောယောက်ျားမိန်းမ၊ မစင်ကြယ်သောမိန်းမနှင့်အိပ်သောယောက်ျား တို့နှင့်ဆိုင်သောပညတ်တရားဖြစ်၏”ဟု မိန့်တော်မူ၏။