Leviticus 16
16:1 အာရုန်၏သားနှစ်ယောက်သည် ထာဝရဘုရားရှေ့တော်သို့ချဉ်းကပ်၍ သေသွားကြပြီးနောက် ထာဝရဘုရားက မောရှေအား
16:2 “ငါသည် ကရုဏာတော်ပလ္လင် အထက်တွင် မိုးတိမ်အားဖြင့်ထင်ရှားမည်ဖြစ်၍ သင်၏အစ်ကိုအာရုန်မသေရမည့်အကြောင်း သေတ္တာပေါ်ရှိ ကရုဏာတော်ပလ္လင် ရှေ့၊ ကန့်လန့်ကာအတွင်းဘက်ရှိ သန့်ရှင်းရာဌာနထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာခြင်းမပြုရန် သူ့အားပြောလော့။
16:3 အာရုန်သည် သန့်ရှင်းရာဌာနသို့ လာသောအခါ သူသည် အပြစ်ဖြေရာယဇ်အတွက် နွားအုပ်ထဲမှနွားထီးပျိုတစ်ကောင်၊ မီးရှို့ရာယဇ်အတွက် သိုးထီးတစ်ကောင်ယူလာရမည်။
16:4 သူသည် ကိုယ်ပေါ်၌ သန့်ရှင်းသောပိတ်ချောအတွင်းသင်တိုင်းနှင့် ပိတ်ချောဘောင်းဘီကိုဝတ်ရမည်။ ပိတ်ချောခါးစည်းကိုစည်း၍ ပိတ်ချောခေါင်းပေါင်းကို ဆောင်းရမည်။ ဤအဝတ်တန်ဆာတို့သည် သန့်ရှင်းသည်ဖြစ်၍ ရေချိုးပြီးမှ ဝတ်ဆင်ရမည်။
16:5 အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်အထီးနှစ်ကောင်၊ မီးရှို့ရာယဇ်အတွက် သိုးထီးတစ်ကောင်ကို အစ္စရေးအမျိုးသားလူထုထံမှ ယူရမည်။
16:6 အာရုန်သည် မိမိအတွက် အပြစ်ဖြေရာယဇ်အဖြစ် နွားထီးကို ပူဇော်ရမည်။ မိမိနှင့်မိမိအိမ်သူအိမ်သားအတွက် အပြစ်ဖြေလွှတ်ခြင်းကို ပြုရမည်။
16:7 ဆိတ်သငယ်နှစ်ကောင်ကိုလည်းယူ၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်၌ ထားရမည်။
16:8 အာရုန်သည် ထိုဆိတ်သငယ်နှစ်ကောင်ကို မဲချရမည်။ မဲတစ်ခုသည် ထာဝရဘုရားအဖို့ဖြစ်၍ ကျန်မဲတစ်ခုသည် အဇာဇယ် အဖို့ဖြစ်၏။
16:9 အာရုန်သည် ထာဝရဘုရားအဖို့ မဲကျသောဆိတ်သငယ်ကို ယူဆောင်လာ၍ အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
16:10 အဇာဇယ်အဖို့ မဲကျသောဆိတ်သငယ်ကိုကား အပြစ်ဖြေလွှတ်ခြင်းအတွက်အသုံးပြု၍ အဇာဇယ်အဖို့ တောကန္တာရထဲသို့ လွှတ်ရန် ထာဝရဘုရားထံ အသက်ရှင်လျက် ဆက်သရမည်။
16:11 အာရုန်သည် မိမိအတွက် အပြစ်ဖြေရာယဇ်အဖြစ် နွားထီးကို ပူဇော်ရမည်။ မိမိနှင့်မိမိအိမ်သူအိမ်သားအတွက် အပြစ်ဖြေလွှတ်ခြင်းကို ပြုရမည်။ မိမိအတွက် အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးကို သတ်ရမည်။
16:12 ထာဝရဘုရားရှေ့တော်ရှိ ယဇ်ပလ္လင်ပေါ်မှ မီးခဲများကို မီးကျီးခံဗန်းနှင့်အပြည့်၊ အမွှေးနံ့သာပေါင်းအမှုန့်ကို လက်ခုပ်နှင့်အပြည့်ယူ၍ ကန့်လန့်ကာ၏အတွင်းဘက်သို့ ယူဆောင်လာရမည်။
16:13 သူမသေရမည့်အကြောင်း သက်သေခံချက်ပေါ်ရှိ ကရုဏာတော်ပလ္လင် ကို နံ့သာပေါင်း၏မီးခိုးငွေ့ဖြင့် ဖုံးလွှမ်းစေရန် နံ့သာပေါင်းကို ထာဝရဘုရားရှေ့တော်ရှိ မီးပေါ်၌ တင်ထားရမည်။
16:14 သူသည် နွားထီး၏သွေးအချို့ကိုယူ၍ ၎င်းကို မိမိလက်ချောင်းဖြင့် ကရုဏာတော်ပလ္လင် ၏မျက်နှာစာပေါ်၌ ဖျန်းရမည်။ သွေးအချို့ကို မိမိ၏လက်ချောင်းဖြင့် ကရုဏာတော်ပလ္လင် ရှေ့၌ ခုနစ်ကြိမ်ဖျန်းရမည်။
16:15 ထို့နောက် လူတို့အတွက် အပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်သငယ်ကိုသတ်၍ ၎င်း၏သွေးကို ကန့်လန့်ကာအတွင်းဘက်သို့ယူဆောင်လာရမည်။ နွားထီး၏သွေးကိုဖျန်းသကဲ့သို့ ဆိတ်ထီးကလေး၏သွေးကိုလည်း ကရုဏာတော်ပလ္လင် ပေါ်၌လည်းကောင်း၊ ကရုဏာတော်ပလ္လင် ရှေ့၌လည်းကောင်း ဖျန်းရမည်။
16:16 ဤသို့ဖြင့် သူသည် အစ္စရေးအမျိုးသားတို့၏မစင်ကြယ်ခြင်းကြောင့်၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကြောင့် သန့်ရှင်းရာဌာနအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ ထိုနည်းတူ သူတို့နှင့်အတူ သူတို့၏မစင်ကြယ်ခြင်းအလယ်၌ တည်နေသော တွေ့ဆုံစည်းဝေးရာတဲတော်အတွက်လည်း ပြုရမည်။
16:17 သူသည် မိမိအတွက်၊ မိမိ၏အိမ်သူအိမ်သားအတွက်၊ အစ္စရေးလူအစုအဝေးအပေါင်းတို့အတွက် သန့်ရှင်းရာဌာန၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ဝင်သောအချိန်မှစ၍ အပြစ်ဖြေလွှတ်ခြင်းကိုပြုပြီး ပြန်ထွက်လာသည့်အချိန်ထိ တွေ့ဆုံစည်းဝေးရာတဲတော်ထဲ၌ မည်သူတစ်ဦးတစ်ယောက်မျှမရှိရ။
16:18 ထို့နောက် ထာဝရဘုရားရှေ့တော်ရှိ ယဇ်ပလ္လင်သို့ ထွက်လာ၍ ယဇ်ပလ္လင်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ နွားထီး၏သွေးအချို့နှင့် ဆိတ်သငယ်၏သွေးအချို့ကိုယူ၍ ယဇ်ပလ္လင်ပတ်လည်ရှိချိုများကို သုတ်လိမ်းရမည်။
16:19 သွေးအချို့ကို မိမိ၏လက်ချောင်းဖြင့် ယဇ်ပလ္လင်ပေါ်၌ ခုနစ်ကြိမ်ဖျန်းပြီး စင်ကြယ်စေရမည်။ ဤသို့ဖြင့် ယဇ်ပလ္လင်ကို အစ္စရေးအမျိုးသားတို့၏မစင်ကြယ်ခြင်းမှ စင်ကြယ်အောင် ပြုရမည်။
16:20 ထိုသို့ သန့်ရှင်းရာဌာန၊ တွေ့ဆုံစည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပြီးသောအခါ အသက်ရှင်သောဆိတ်သငယ်ကို ယူလာရမည်။
16:21 အာရုန်သည် မိမိလက်နှစ်ဖက်ကို အသက်ရှင်သောဆိတ်သငယ်၏ခေါင်းပေါ်၌ တင်၍ အစ္စရေးအမျိုးသားတို့၏ဒုစရိုက်ရှိသမျှ၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်တို့ကို ဆိတ်သငယ်၏ခေါင်းပေါ်၌တင်ထားပြီး ထိုဆိတ်သငယ်ကို တာဝန်ရှိသူမှတစ်ဆင့် တောကန္တာရထဲသို့ လွှတ်လိုက်ရမည်။
16:22 ဆိတ်သငယ်သည် သူတို့၏အပြစ်ရှိသမျှကို လူသူကင်းဝေးရာအရပ်သို့ ယူဆောင်သွားမည်။ တာဝန်ရှိသူသည် ဆိတ်သငယ်ကို တောကန္တာရထဲသို့ လွှတ်လိုက်ရမည်။
16:23 ထို့နောက် အာရုန်သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ ဝင်ပြီးလျှင် သန့်ရှင်းရာဌာနတော်ထဲသို့ဝင်စဉ်က ဝတ်ခဲ့သည့်ပိတ်ချောအဝတ်တန်ဆာကိုချွတ်၍ ထိုနေရာ၌ ထားခဲ့ရမည်။
16:24 သူသည် သန့်ရှင်းသောနေရာ၌ ရေချိုးပြီးလျှင် မိမိအဝတ်ကိုဝတ်ရမည်။ ထို့နောက် ထွက်လာ၍ မိမိ၏မီးရှို့ရာယဇ်၊ လူတို့၏မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်းဖြင့် မိမိအတွက်၊ လူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။
16:25 အပြစ်ဖြေရာယဇ်ကောင်၏အဆီကိုလည်း ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။
16:26 အဇာဇယ်အဖို့ ဆိတ်သငယ်ကို လွှတ်သောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထို့နောက်မှ တပ်စခန်းထဲသို့ ပြန်ဝင်ရမည်။
16:27 သန့်ရှင်းရာဌာနထဲ၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် အသွေးယူဆောင်သွားခြင်းခံရသည့် အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးနှင့် အပြစ်ဖြေရာယဇ်ဖြစ်သောဆိတ်သငယ်ကို တပ်စခန်း၏အပြင်ဘက်သို့ ယူဆောင်သွား၍ ၎င်းတို့၏အရေခွံ၊ အသား၊ မစင်တို့ကို မီးရှို့ပစ်ရမည်။
16:28 ထိုအရာတို့ကိုရှို့သောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထို့နောက်မှ တပ်စခန်းထဲသို့ ပြန်ဝင်ရမည်။
16:29 သင်တို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ကား ဤသို့ဖြစ်၏။ သင်တို့၏အမျိုးသားချင်းဖြစ်စေ၊ သင်တို့ထဲတွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားဖြစ်စေ သတ္တမလ၊ ဆယ်ရက်နေ့၌ မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ် ရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
16:30 အကြောင်းမူကား သင်တို့သည် ထာဝရဘုရားရှေ့တော်၌ မိမိတို့၏အပြစ်ရှိသမျှမှ စင်ကြယ်ကြမည့်အကြောင်း ထိုနေ့၌ ယဇ်ပုရောဟိတ်သည် သင်တို့စင်ကြယ်စေရန် သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးမည်။
16:31 ထိုနေ့သည် သင်တို့အဖို့ ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့ဖြစ်၍ သင်တို့သည် မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ ဤသည်ကား အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
16:32 မိမိဖခင်အရိုက်အရာ၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ရန် ဘိသိက်ပေး၍ ခန့်အပ်ခြင်းခံရသော ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ သူသည် သန့်ရှင်းသောအဝတ်တန်ဆာဖြစ်သည့် ပိတ်ချောအဝတ်တန်ဆာကို ဝတ်ဆင်၍
16:33 အသန့်ရှင်းဆုံး သန့်ရှင်းရာဌာနအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်နှင့်ယဇ်ပလ္လင်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ ယဇ်ပုရောဟိတ်များနှင့်လူအစုအဝေးအပေါင်းတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။
16:34 ဤသည်ကား တစ်နှစ်လျှင်တစ်ကြိမ် အစ္စရေးအမျိုးသားတို့၏အပြစ်ရှိသမျှအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် သင်တို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု မိန့်တော်မူ၏။ အာရုန်သည်လည်း မောရှေအားထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ပြုလေ၏။