Zechariah 6
6:1 တစ်ဖန် ငါမျှော်ကြည့်ပြန်ရာ တောင်နှစ်လုံးကြားမှ စစ်ရထားလေးစီးထွက်လာသည်ကို ငါမြင်ရ၏။ ထိုတောင်တို့သည် ကြေးနီတောင်များ ဖြစ်ကြ၏။
6:2 ပထမစစ်ရထားတွင် မြင်းနီများ၊ ဒုတိယစစ်ရထားတွင် မြင်းနက်များ၊
6:3 တတိယစစ်ရထားတွင် မြင်းဖြူများ၊ စတုတ္ထစစ်ရထားတွင် အစက်အပြောက်ပါသောအုန်းခွံရောင်မြင်းများ အသီးသီးကထားသည်ကို တွေ့ရ၏။
6:4 ထိုအခါ ငါနှင့်စကားပြောနေသောကောင်းကင်တမန်အား ငါက “အကျွန်ုပ်၏သခင်၊ ဤအရာများကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်လျှင်
6:5 ကောင်းကင်တမန်က ငါ့အား “ဤအရာများကား မြေကြီးတစ်ပြင်လုံး၏အရှင်ရှေ့တော်၌ ခစားရာမှ ထွက်လာသော မိုးကောင်းကင်မှ လေလေးပါးဖြစ်၏။
6:6 မြင်းနက်များကသောစစ်ရထားသည် မြောက်ပြည်သို့ ထွက်သွား၍ မြင်းဖြူများကသောစစ်ရထားသည် သူတို့နောက်သို့ လိုက်၏။ အစက်အပြောက်ပါသောမြင်းများကသောစစ်ရထားသည် တောင်ပြည်သို့ ထွက်သွားလေ၏”ဟု ဆို၏။
6:7 အုန်းခွံရောင်မြင်းများသည် ထွက်လာ၍ မြေတစ်ပြင်လုံးကို လှည့်လည်သွားလာရန် အလွန်စိတ်ထက်သန်နေ၏။ ကောင်းကင်တမန်က “သွားလော့။ မြေတစ်ပြင်လုံးကို လှည့်လည်သွားလာလော့”ဟု ဆိုသည်နှင့် မြေတစ်ပြင်လုံးကို လှည့်လည်သွားလာကြလေ၏။
6:8 ထို့နောက် သူသည် ငါ့ကိုခေါ်၍ “ကြည့်ရှုလော့။ မြောက်ပြည်သို့သွားသောသူတို့သည် ထိုပြည်၌ ငါ့စိတ်ကို သက်သာစေကြပြီ”ဟု မြွက်ဆို၏။
6:9 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာပြန်၍
6:10 “ဘေဘီလုံမြို့သို့ သုံ့ပန်းပါသွားရာမှ ပြန်လာကြသော ဟေလဒဲ၊ တောဘိယနှင့် ယေဒါယတို့ထံမှ လှူဖွယ်ဝတ္ထုတို့ကိုယူ၍ တစ်နေ့ချင်းတွင် ဇေဖနိ၏သားယောရှိအိမ်သို့သွားလော့။
6:11 ရွှေငွေတို့ကိုယူ၍ သရဖူပြုလုပ်ပြီး ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၏ခေါင်းပေါ်တွင် ဆောင်းပေးလော့။
6:12 ထို့နောက် သူ့အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ အတက် ဟုအမည်ရှိသောသူတစ်ယောက် ပေါ်လာမည်။ သူသည် ထာဝရဘုရား၏ဗိမာန်တော်ကိုတည်ဆောက်လိမ့်မည်။
6:13 သူသည် ထာဝရဘုရား၏ဗိမာန်တော်ကိုတည်ဆောက်ပြီး ဘုန်းအသရေကိုဆောင်လျက် ရာဇပလ္လင်တော်ပေါ်တွင် စံမြန်း၍ အုပ်စိုးလိမ့်မည်။ ရာဇပလ္လင်ပေါ်တွင် ယဇ်ပုရောဟိတ်အဖြစ် စံမြန်းလိမ့်မည်။ ထိုအမှုနှစ်ခုစလုံး သဟဇာတဖြစ်အောင် စီမံအုပ်ချုပ်လိမ့်မည်”ဟူ၍ မိန့်တော်မူ၏’ဟု ပြောကြားလော့။
6:14 ထိုသရဖူသည် ဟေလင်၊ တောဘိယ၊ ယေဒါယနှင့် ဇေဖနိ၏သားဟင် တို့အဖို့ ထာဝရဘုရား၏ဗိမာန်တော်၌ အမှတ်ရစရာအဖြစ် ရှိနေလိမ့်မည်။
6:15 ရပ်ဝေးမှလူတို့သည် ထာဝရဘုရား၏ဗိမာန်တော်ကို လာရောက်တည်ဆောက်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူကြောင်းကိုလည်း သင်တို့သိရကြလိမ့်မည်။ သင်တို့သည် သင်တို့ဘုရားသခင်ထာဝရဘုရား၏စကားကို နာခံလိုက်လျှောက်လျှင် ထိုသို့ဖြစ်လာလိမ့်မည်”ဟု မိန့်ဆို၏။